လှံစွပ်ပြောက်ကျား မြိတ်သား ဘီအိုင်အေ ( ၂ )

0
252

ဟင်္သာတကမ်းနား ပြောက်ကျား တိုက်ပွဲည။
တပ်စုမှူးအောင်ကြွယ် ပါဝင်သည့် ဘီအိုင်အေစစ်ကြောင်း ဟင်္သာတတွင် ခတ္တစခန်းချ နားနေစဉ်မြစ်အတွင်းမှ သူတို့စခန်းချရာ ဘက်ဆီ ဦးတည်ခုတ် မောင်းလာသည့် သင်္ဘောစက်သံ သဲ့သဲ့ ကြားလိုက်ကြသည်။

ညအချိန် ရန်သူ မိတ်ဆွေ မကွဲပြား..။ သူ လက်ရွေးစင် ရဲဘော် ၄ ဦးခေါ်ကာ အခြေအနေ စောင့် ကြည့်ရန် ကမ်းနားဆင်းလာသည်။ ဆိပ်ကမ်းအနီး ကမ်းနဖူးတွင် စုပုံထား သည့် ထင်းပုံများအား အကာအကွယ် ယူလိုက်ကြသည်။သင်္ဘော ကမ်းကပ်လာသည်။ အင်္ဂလိပ်စစ်ဗိုလ် ၂ ဦးနှင့် ဂေါ်ရခါး စစ် သားများ ကမ်းပေါ် တက်လာကြသည်။ ပစ်ကွင်းထဲ ဝင်သည်နှင့် သူတို့ သေနတ် ဖြင့် လှမ်းပစ်ကြသည်။ မဲမဲမြင်ရာ ထိုးပစ် ကြသည်။ ရန်သူ့ဘက်မှလည်း စက်သေ နတ်များဖြင့် ပြန်ပစ်သည်။ သူတို့ လူခွဲ တိမ်းရှောင်ပြီး တွားကာ တိုးဝင်သည်။

 

အပစ်ရပ်သည်နှင့် တစ်ပြိုင်နက် လှံစွပ်ဖြင့် တက်ထိုးကြသည်။ အင်္ဂလိပ် စစ်ဗိုလ်နှစ်ဦး လက်မြှောက်သည်။ ထို စစ်ဗိုလ်နှစ်ဦးကို လက်ပြန်ကြိုးတုပ် လိုက်ပြီး ရန်သူအားလုံးမြင်အောင် ပြ လိုက်သည်။ ကျန်သည့် ရန်သူ့တပ်သား အားလုံး လက်နက်ချလိုက် ကြသည်။ အင်္ဂလိပ်ကြေးစားတပ်သား ဂေါ်ရခါး ၂၇ ဦး လက်မြှောက်လိုက်ကြသည်။ ပြောက် ကျားတိုက်ပွဲ အောင်ပြီ..။
သူနှင့်ရဲဘော် ၄ ဦးက ရန်သူ ၂၉ ဦးကို ကြိုးတုပ်လိုက်ကာ စခန်းချရာဆီ ဖမ်းခေါ်လာခဲ့သည်။ ထိုအောင်ပွဲအတွက် ဗိုလ်ရန်နိုင်က နေမျိုးသူရဘွဲ့တစ်ခု ချီး မြှင့်ပြန်သည်။ ထုံးစံအတိုင်း ပါးစပ်နှင့်။

myeik_bia_2
ပြောက်ကျားစစ်ဆင်ရေးကို ဦး အောင်ကြွယ် စသုံးဖြစ်သည်က ဘီအိုင် အေတိုက်ပွဲဝင်မှ မဟုတ်။ အမှားအမှန် မပိုင်းခြားတတ်ခင် ကတည်းက ပြောက် ကျားစနစ် သုံးခဲ့သူ။ ပြောက်ကျားစစ် ဆင်ရေးကြောင့် သူငယ်တန်းတွင်ပင် ကျောင်းထုတ်ခံခဲ့ရသူ။
မြိတ် အနောက်လယ်ရပ်က ဆရာ ရွှေ အမျိုးသားကျောင်းတွင် စာသင် ကြားစဉ် စာသင်ချိန် ပုံဆွဲသည်။ ဆရာမ မြင်သဖြင့် လက်ဝါးကို ပေတံဖြင့် ၃ ချက် ရိုက်သည်။ သူ မကျေနပ်။ သူ ပြန်ချေ ပမည် ဆုံးဖြတ်သည်။ ဆရာမက ခန္ဓာ ကိုယ်ကြီးသည်။ ရှေ့တိုက်ဆို သူတုန့် ပြန်ရန် မဖြစ်နိုင်။ သူရှုံးမည်။  စာသင်ခန်း အပြင်ထွက်ကာ ဆရာမ ရှိရာ ပြတင်း ပေါက်နားကို ပတ်ပြီး တက်သည်။ ပြတင်းပေါက်မှ ဆရာမကို မြင်ရသည်နှင့် ကျောက်ခဲကို မသည်။ ကြီးလွန်းသဖြင့် မ မနိုင်။ ကျောက်ခဲ သေးသေးကိုရှာကာ အားကုန် လှမ်းပစ်သည်။
” ဆရာမ ဆံထုံးပဲ ထိလို့၊ နို့မို့ဆို မလွယ်ဘူး”  ဟု ဦးအောင်ကြွယ်က ပြုံး စစဖြင့် ပြောလေသည်။
သူ ကျောင်းထုတ်ခံရသည်။ ဆရာမကို ပြောက်ကျားနည်းဖြင့် ပြန် တိုက်ကာ သူပုန်ထခဲ့သော အောင်ကြွယ် ကို မြိတ်က မည်သည့် ကျောင်းမှ လက် မခံတော့။ နောက်ဆုံး ဆွေမျိုးများရှိရာ ရန်ကုန်သို့ ပို့ကာ ကျောင်းထားသည်။ မြို့မကျောင်းတွင် ဘော်ဒါနေသည်။ သတ္တမတန်းတွင် ဗိုလ်အောင်ကျော် အရေးအခင်း ထဖြစ်သည်ကိုသူ မှတ်မိ သည်။
၈ တန်း အောင်ပြီးသည်နှင့် မြိတ် သို့ ပြန်သည်။ မြိတ်တွင် ၉ တန်း တက်နေစဉ် သပိတ်နှင့် ကြုံသောအခါ သူ အိမ်မပြန်တော့။ သပိတ်စခန်းဖွင့်ကာ ကျောင်းတွင် နေသည်။ နောင်တော်ကြီး များနှင့်အတူ စစ်ရေး လေ့ကျင့်သည်။ အဓိက လေ့ကျင့်သည်က လှံစွပ်ပြောက် ကျား။ လေ့ကျင့်ရသည်က ထိုက်တန်လှ သည်။ သူချီတက်ဆင်နွဲရာ ဘီအိုင်အေ စစ်ကြောင်းတွင် မော်လမြိုင်တိုက်ပွဲက စခဲ့သော ပြောက်ကျားတိုက်ပွဲများက မနည်းလှ။
မော်လမြိုင် သိမ်းပြီးသည်နှင့် ကျိုက္ခမီသို့ ကားဖြင့်ချက်ချင်းဆင်း ကြရ၏။ ကမ်းခြေတွင် ၂ ရက်ခန့် လေ့ ကျင့်ပြင်ဆင်ပြီးသည်နှင့် မြိတ်မှယူ       လာသည့် လှေ ၆ စီးဖြစ် ရန်ကုန်သို့  ချီတက်ကြ၏။  ဦးဆောင်သူတို့က   ဗိုလ်မင်းခေါင်၊ ဗိုလ်တောက်ထိန်နှင့် ဗိုလ်ရန်နိုင်။ရန်ကုန်မြစ်ထဲအဝင်၊ အင်္ဂလိပ် ရေတပ်နှင့်အဆုံ၊ သင်္ဘောကြီးပေါ်မှ အမြောက်ကြီးများဖြင့် ချိန်၏။ ပစ်၏။ သူတို့စစ်ကြောင်း လှေငယ်လေး ၆ စီး ဒေးဒရဲချောင်းထဲ ဝင်ပြေးရလေသည်။ သူတို့စစ်ကြောင်းထဲမှ လှေတစ်စီး အဖမ်းခံလိုက်ရသည်။ သင်္ဘောကြီးများ ဆက်မလိုက်လာ။ ဒေးဒရဲချောင်း ရေတိမ် ၍ ဖြစ်သည်။
” ဆက်လိုက်လာလို့ သင်္ဘောသောင် တင်ရင် တို့က လှံစွပ်နဲ့ တက်တိုက် ကြမယ်ပေါ့ကွာ” ဟု ပြောရင်း လက်က လှံစွပ်ထိုးဟန် လုပ်ပြပါသည်။ဒေးဒရဲကမ်းပေါ်တက်ကာ ရဲဘော် တစ်စုနှင့်အတူ မုန့်ဟင်းခါး စားနေကြစဉ် အင်္ဂလိပ်လေတပ်က ဝဲပျံတိုက်ပြန်သည်။ ကျဉ်ဆံများက မိုးဖွဲများလို ကျလာသည်။ သူတို့ ကွင်းပြင်တွေဘက် ထွက်ပြေးကြ သည်။ ကွင်းပြင်တွင် အစုလိုက် မနေ။ တစ်ယောက်ချင်း ကိုက် ၁၀၀ ခန့်စီ လူခွဲထားခြင်းဖြင့် လေတပ်ပစ်မှတ်ကို ပြန့်ကျဲစေသည်။ ထိုနောက် ပက်လက် လှန် ပြန်ပစ်ကြသည်။ လေယာဉ် ပျံသန်း ရာလမ်းကြောင်းကို မှန်းကာ ကြိုပစ် ကြသည်။ မကြာ..၊ လေယာဉ်တစ်စီး၏ တောင်ပံတွင် မီးခိုးတွေ အူထွက်လာတာ တွေ့လိုက်သည်။ ထိသွားပြီ..။ တောင်ပူ စာတစ်ခုကို ဝင်တိုက်ကာ မီးလောင်ပျက် ကျသွားလေသည်။ ကျန်လေယာဉ်တို့ ပြန်ဆုတ်သွားကြသည်။
“လေယာဉ်ကို တစ်ချက်ထိုး ရိုင် ဖယ်နဲ့ ပစ်ချနိုင်တာ ငါ့တစ်သက် အဲဒီ တစ်ခါပဲ” ဟု ဦးအောင်ကြွယ်က ဝင့်ကြွား သည့်လေသံဖြင့် ပြောသည်။
သူတို့လှေအုပ်စု ဒေးဒရဲမှ ကျိုက် လတ်ဘက် ချီတက်ပြီး ဖျာပုံဘက် ပြန် ဆင်းသည်။ တချို့မြို့ရွာများက သူတို့ ဘီအိုင်အေထက် အင်္ဂလိပ်ကို ပိုယုံသည် နှင့်လည်း ကြုံရသည်။ လက်ခံသည့် ရွာ များသာ ရွေးဝင်ရသည်။ည ၁၂ နာရီခန့် ဖျာပုံချောင်းကို ဖြတ်စဉ် ကမ်းပေါ်မှ ရန်သူတပ်က သေနတ်ဖြင့် လှမ်းပစ်သည်။ သူတို့ ပြန်မပစ်ရဲ။ လက်နက်ကြီး များ လာမည် စိုးသည်။မြို့ပြင်တွင်နားကာ နံနက်မိုးသောက် တွင် မြို့ထဲဝင်ပြီး တိုက်ပွဲဆင်သည်။ အင်္ဂလိပ်တပ်မှ မော်တာလက်နက်ဖြင့် ပြန်ပစ်သည်။ နောက်ဆုံး နံနက် ၆ နာရီ တွင် သူတို့ ဖျာပုံကို သိမ်းလိုက်နိုင်သည်။ ထိုပွဲတွင် သူတို့ ဘီအိုင်အေဘက်မှလည်း အကျအဆုံး များလှ၏။ ဗိုလ်တောက်ထိန် တွင် ဘယ်ဖက်ပုခုံး၌ ဒဏ်ရာရသွားကို သူ ကောင်းကောင်း မှတ်မိနေသည်။

 
အခြားဒဏ်ရာရသူ အတော်များ၏။ သူတို့တပ်တွင် သူနာပြုပင်မပါ။ ဖျာပုံ ဆေးရုံသို့ သွားသော်လည်း ဆရာဝန်မရှိ။ ဆရာဝန်များ ကို ပတ်ရှာသောအခါ လက် ဖက်ရည်ဆိုင်တွင် နံနက်စာ စားနေသည့် ဒေါက်တာစန်းယု (နောင်တွင် သမ္မတ)နှင့် ဒေါက်တာမောင်လွင် (နောင်တွင် ဝန်ကြီး) တို့ကို တွေ့သည်။ သူတို့နှစ်ဦး မှာ ထိုစဉ်က ဖျာပုံဆေးရုံတွင် တာဝန်ကျ နေခြင်း ဖြစ်သည်။”ကျွန်တော်တို့ အသက်ရှင်မှ တိုင်း ပြည်လွတ်လပ်မယ်၊ လိုက်ခဲ့ပါ ဆိုပီး ခေါ်ခဲ့တာ ချင်းတောင်ထိပဲ..” ဟု ဦး အောင်ကြွယ်က ဆိုလေသည်။

 
လမ်းတစ်လျှောက်တွင် တိုက်ပွဲ အကြီးအသေးများ၊ အနီးကပ် လှံစွပ် တိုက်ပွဲများကို ဆင်နွဲရင်း သူတို့ အောင်ပွဲ အလီလီ ရခဲ့သည်။ သို့သော် နေပူကြီးထဲ သွားနေရခြင်း၊ မရပ်မနား ခရီးနှင် နေရခြင်းတို့ကြောင့် သူတို့၏ ဖိနပ်များ ပေါက်ကုန်သည်။ ဘောင်းဘီများ ပြဲ ကုန်သည်။ တချို့ရွာများက အဝတ် အစားများ လှူကြသော်လည်း မလောက် ငှ။ ကျွေးမွေးသူရှိက အဝစား..၊ မရှိက အငတ်ခံ။
” ပန်းကုံးတွေနဲ့ လာကြိုကြတဲ့ ရွာတွေလည်း ရှိတာပေါ့” ဟု စားမြုံ့ ပြန်သည်။

 
သူတို့ ရွာထဲတွင်တော့ မတည်း ခိုကြ။ ဘုန်းကြီးကျောင်းနှင့် ရွာပြင် ဘက်များတွင်သာ စခန်းချကြသည်။ တချို့တပ်သားများက အရက်ကြိုက်တော့ အရက်သောက်ကြသည်။”ရေဗူးနှစ်လုံးရှိရင် တစ်လုံးက အရက်၊ တစ်လုံးက ရေပေါ့” ဟု ပြောကာ ဦးအောင်ကြွယ် တစ်ဟေးဟေး ရယ်လေ သည်။ရဲဘော် ၆၀ ခန့် ကွပ်ကဲကာ ပျောက်ကျားတိုက်ပွဲ ဆင်နွဲခဲ့ရသည့် ကမ္ဘာကျော် ရွှေတောင်တိုက်ပွဲကိုလည်း သူ ကွက်ကွက်ကွင်းကွင်း မှတ်မိသည်။

 
ထို့အတူ ငွေထုပ်ပိုက်သေနေသည့် အဘိုးကြီး အဘွားကြီးများ၊ သစ်ပင်တွင် ချိတ်ဆွဲထားသည့် နုထွတ်ဖွံ့ထွား မိန်းမ ပျို၏ အဝတ်ဗလာအလောင်း စသည့် ရွှေတောင်နယ်၏ အနိဌာရုံ မြင်ကွင်း များကလည်း သူ့မျက်လုံးထဲမှ မထွက်။” မိန်းမပျိုတွေဆို မသတ်ခင် အဓမ္မ အကျင့်ခံ ခဲ့ရဟန်တူရဲ့ကွာ” ဟု တုန်ချည့် ချည့် အသံဖြင့် ပြောလေသည်။ယင်းတိုက်ပွဲတွင် အနီးကပ် လှံစွပ် တိုက်ပွဲများ တ၀ကြီး ဆင်နွဲခဲ့ရသကဲ့သို့ သံချပ်ကားကိုလည်း ပြောက်ကျားစနစ် သုံးကာ မီးရှို့နိုင် ခဲ့သည်။

 
သံချပ်ကားများက ဦးအောင်ကြွယ် တို့ သေနတ်ဖြင့်ပစ်လျှင် တဒိန်းဒိန်း မြည်ကာ ကျည်ကုန်ရုံသာ။ သံချပ်ကားက လိုက်လျှင် သူတို့တပ် ပတ်ပြေးနေရ၏။ သူ ဂျပန်ဗိုလ် အီမာမူလာထံ အကြံ တောင်း၏။ ဓာတ်ဆီဆိုင်အနီး လမ်းဘေးတွင် သူတို့ကိုယ်သွေးလိမ်းကာ လူသေဟန် ဆောင်ကြ၏။ လက်ထဲတွင် မီးစာတပ်ဆီ ပုလင်းကိုယ်စီ ဝှက်ကိုင်ထားပြီး သံချပ် ကားအလာတွင် ထပြေးကာ နီးရာ အပေါက်ထဲ ပစ်သွင်းထိုးသိပ် မီးရှို့ကြ ၏။”ရွှေတောင်တိုက်ပွဲက ငါ့ဘ၀မက၊ ဗမာပြည်မှာတောင် အကြီးကျယ် အကြမ်း တမ်းဆုံး တိုက်ပွဲပဲကွ” ဟု ဦးအောင်ကြွယ် က မှတ်ချက်စကား ဆိုသည်။
တိုက်ပွဲအပြီးတွင် ဗိုလ်ရန်နိုင်က သူရဲကောင်းဆုနှင့် သေနတ်ငယ် တစ် လက် ချီးမြှင့်ပြန်၏။ ဆုကတော့ ထုံးစံ အတိုင်း ပါးစပ်ဖြင့်။
ရွှေတောင်ကို အောင်သောအခါ ပြည်ဘက်သို့ ချီတက်၏။ ပြည်တွင် စခန်းချ ရပ်နားစဉ် ဒါရိုက်တာ ဦးတင် မောင် ဦးဆောင်သော အေဝမ်းရုပ်ရှင် အဖွဲ့နှင့် ရောက်လာ၏။ ရွှေတောင် တိုက်ပွဲ၏ ပြောက်ကျားစစ်ဆင်ရေး သမိုင်းဝင်ဖြစ်ရပ်မှန်ဇာတ်ကား ရိုက်ကူး ရန်။
ဗိုလ်ရန်နိုင်က သူ့ကို အထူးဇာတ် ဆောင်အဖြင့် ရွေးချယ် တာဝန်ပေး၏။ သူနှင့် သူ့ရဲဘော်များ အပီအပြင် သရုပ် ဆောင်ကြ၏။ ပြောက်ကျားစနစ် အတက် အဆုတ်၊ လှံစွပ်ဖြင့် အထိုးအသတ်..။” အဲဒီဇာတ်ကား ငါ ခုထိကြည့်ခွင့် မရသေးဘူးကွာ..”  ဟု ဦးအောင်ကြွယ်က ဆွေးဆွေးမြည့်မြည့်ဖွင့်ဟသည်။ပြည်မှ တစ်ဆင့် သရက်၊ မကွေး၊ စလင်းကြီး..၊ ယောနယ်တခွင်၊ မြတော်၊ ထီးကျိုက်၊ ဟားခါး၊ တကောင်းမှသည် အိန္ဒိယနယ်စပ်အထိ သူ ချီတက်ခဲ့သည်။ ပေးသမျှတာဝန် သူ ကျေအောင် ထမ်းခဲ့ သည်။
မန္တလေးတွင် ဘီအိုင်အေ တပ်ပေါင်း စု ပြန်ဆုံစဉ် သူတို့၏ မဟာမိတ် ဂျပန် တချို့၏ လူမဆန်သည့်အပြုအမူများကို ခါးသက်စွာ တွေ့လာရသောအခါ သူ ခံပြင်းလာသည်။ ဂျပန်တချို့ကို သူ မုန်းလာသည်။ ထိုအခါ သူ့ပြောက်ကျား အတတ်ပညာကို အသုံးချကာ ယုတ်ညံ့ သော ဂျပန်များကို သူ သတ်လေတော့ သည်။ ဂျပန်များအား လူရှင်းသည့် တော ထဲ၊ လှေထဲ၊ အိမ်ထဲ စသည့်နေရာများသို့ မျှားခေါ်ကာ လက်စဖျောက်ပစ်သည်။ဂျပန်စစ်သား အပျောက်များလာ သောအခါ  ဗိုလ်ရန်နိုင်က သူ့လက်ချက် မှန်း ရိပ်စားမိလာသည်။ သူ့ကိုခေါ်တွေ့ ကာ ဂျပန်ကို တုံ့ပြန်ရန် အချိန်မတန် သေးကြောင်း ဖျောင်းဖျသည်။ သူက ဂျပန်တွေကို ဆက်သတ်မြဲ။ နောက်ဆုံး ဗိုလ်ရန်နိုင်က ဗိုလ်သင်တန်း တက်ရန်၊ မတက်က အိမ်ပြန်ရန် အမိန့်ပေးသည်။

 
သူ နာခံခဲ့၏။ ဗိုလ်ရန်နိုင် ဆုအဖြစ် ချီးမြှင့်ထားသည့် ပစ္စတိုသေနတ်ငယ်တစ် လက် ခါးထိုးကာ မြိတ်သို့ ပြန်ခဲ့လေတော့ သည်။
” ငါ ရန်သူ ဘယ်လောက်ကို သတ် ခဲ့တယ်ဆိုတာ မရေတွက်နိုင်ခဲ့ဘူး၊ ရွှေ တောင်တိုက်ပွဲ တစ်ပွဲတည်းတင် မရေ တွက်နိုင်ဘူး၊ ငါ့မှာလည်း ဘာဒဏ်ရာမှ မရခဲ့ဘူး” ဟု ဆိုပါသည်။မြိတ်တွင်နေခဲ့စဉ်တစ်လျှာက် သူ မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်။ မည်သည့် အခွင့်အရေးမျှ မတောင်းဆို။ ဦးအောင်ကြွယ်၏ အိမ်နီးချင်း အသက် ၇၀ ကျော်အရွယ် ဦးအေးနိုင်ကမူ ဦး အောင်ကြွယ်သည် သူသိသမျှ ဝပ်ရှော့ လုပ်ငန်းကိုသာ အအေးအေးလူလူ လုပ် ကိုင်ခဲ့ပြီး အထွေအထူး မကြားဖူးဟု ဆို ပါသည်။
ရန်သူအင်္ဂလိပ်တို့အား အမိမြန်မာ ပြည်အတွင်းမှ မောင်းထုတ်ပွဲတွင် နိုင်ငံ တောင်ဖျားမှ မြောက်ဖျားအထိ ပါဝင်ခဲ့သူ အတွက် ဗိုလ်ရန်နိုင်ပေးခဲ့သည့် ဆုများ လည်း လေထဲတွင် ပျောက်ကွယ်သွားလေ သည်။ ယခုအချိန် သူ့ထံတွင် ဦးနေဝင်း လက်မှတ် ထိုးထားသော လွတ်လပ်ရေး မော်ကွန်းဝင် တတိယအဆင့်လက်မှတ် တစ်ခုနှင့် လှံစွပ်စစ်သားပုံပါ အရေး တော်ပုံ B.I.A ရွှေတံဆိပ်ပြား တစ်ခုတော့ ပိုင်ဆိုင်ထားပါသည်။ ခေတ်အဆက်ဆက် ဘယ်အခမ်းအနားမှ သူ့ထံ ဖိတ်စာ မရောက်ဖူးဟု ဦးအောင်ကြွယ်က ဖွင့်ဟ ပါသည်။
လှံစွပ်ပြောက်ကျား ဘီအိုင်အေ တပ်သားကြီးအား မြိတ်မြို့ခံများက ပြီး ခဲ့သည့် ၆၉ ကြိမ်မြောက် အာဇာနည် နေ့အခမ်းအနားသို့ ဖိတ်ကြားသဖြင့် အာဇာနည်ကျောက်တိုင်အား သူ လူထု ရှေ့တွင် အလေးပြုခွင့် ရခဲ့ဖူးလေသည်။ထိုအခမ်းအနားတွင်မှ လူတချို့က သူ့ဘ၀ဖြတ်သန်းမှုအကြောင်း တခုတ် တရ မေးလာကြသည်။ ယင်းသည် သူ့ အကြောင်းအား ဆယ်စုနှစ်ချီ မေ့ထား ကြပြီး အသက် ၉၅ အရွယ်မှ အသစ် တစ်ဖန် တူးဆွခံရခြင်း။ သူ ဝမ်းနည်း ဝမ်းသာ ဖြစ်ရသည်။ထိုအချိန်က ဦးအောင်ကြွယ်၏ စူးရှရှ ဝိုင်းစက်စက် မျက်လုံးတစ်စုံက မျက်ရည်စတို့ လိမ့်ကျခဲ့ဖူးကြောင်း မြို့ခံတို့က ပြောပြပါသည်။
-BIA စစ်ကြောင်းမြိတ်ရောက်ချိန်-
၁။ ကော့သောင်းမှ ချီလာသည့် ဝိတိုရိယစစ်ကြောင်း(ရေကြောင်း)- ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီ ၂၇။
၂။ ထိုင်းနယ်စပ် မောတောင်မှ သဘောလိပ်၊ ညောင်ပင်ကွင်းတို့မှ ဖြတ် လာသည့်ကြည်းကြောင်း- ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
-ရွှေတောင်တိုက်ပွဲ- ၁၉၄၂ ခု မတ်လ ၂၉၊ ၃၀ ( ၂ ရက်၊ ၂ ည မနား စတမ်း)။

LEAVE A REPLY

Please enter your comment!
Please enter your name here