တနင်္သာရီတိုင်းလွှတ်တော် အရေးပေါ်ခေါ်

0
437

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏ အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက် ကျင်းပသွားမည်ဟု လွှတ်တော်ရုံးထံမှ သိရသည်။အစည်းအဝေးတွင် မေးခွန်းများ မေးမြန်းဖြေဆိုသည့် အစီအစဉ်များ မပါဝင်ဘဲ အချက် ၃ ချက် ကိုသာ ဆွေးနွေး အတည်ပြုသွားမည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၆ ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေ ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ဆွေးနွေးအတည်ပြုခြင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး ဖြည့်စွက်ခွင့် ပြုတောင်းခံရန် လျာထားချက်ကို ဆွေးနွေးခြင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် အဖွဲ့ဝင် တရားသူကြီး ၂ ဦးကို ခန့်ထားနိုင်ရေးတို့ ဖြစ်ကြောင်း သိရသည်။အစိုးရသစ်လက်ထက်တွင် ဝန်ကြီးများဌာနပြောင်းလဲကိုင်တွယ်ခြင်း၊ ဝန်ကြီးလက်အောက်ဌာနများ အပြောင်းအလဲဖြစ်ခြင်းကြောင့် ဝန်ကြီးဌာနများ ဘတ်ဂျက်ခွဲဝေမှု ပြန်လည်ပြင်ဆင်ကာ ဆောလျင်စွာ အတည်ပြုရန် လိုအပ်သည့်အတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူရသည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

” ဝန်ကြီးဌာန ဘတ်ဂျက်တွေကို အတည်ပြုမှ စီမံကိန်းတွေဆက်လုပ်လို့ရမှာမို့ အရေးပေါ် အစည်း အဝေးခေါ်တာပါ၊ လျာထားပြီးသား ဘတ်ဂျက်တွေတော့ အပြောင်းအလဲ မရှိပါဘူး” ဟု ဦးခင်မောင်အေးက ပြောသည်။

ယခု အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးမည့်အကြောင်းအရာများ ကြိုမသိသေးသော်လည်း အရေးပေါ် လိုအပ်မှုကြောင့် ခေါ်ယူခြင်းဖြစ်သည်ဟု ယူဆကြောင်း တိုင်းဒေသကြီးလွှတ်တော် ကျွန်းစု ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်သစ်၏ သက်တမ်း ၈ လအတွင်း မေးခွန်း အမေးအဖြေနှင့် အဆိုပြုခြင်းများ ပါဝင်သည့် လွှတ်တော်အစည်းအဝေး ၁ ကြိမ်သာ ပြုလုပ်သေးသည်။

လာမည့် အောက်တိုဘာလထဲတွင် လွှတ်တော်ပုံမှန် အစည်းအဝေး ခေါ်ယူသွားရန် ရှိသည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။