ထားဝယ်တွင် တစ်သောင်းတန် ငွေစက္ကူအတု အတွေ့များလာ

0
608

ထားဝယ်တွင် ကျပ်တစ်သောင်း တန် ငွေစက္ကူအတုများ တွေ့ရှိမှုများလာ ကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန် ရှိသူတစ်ဦးနှင့် ဈေးရောင်းသူများထံမှ သိရသည်။
စက်တင်ဘာလ လဝက်ခန့်မှစကာ ထားဝယ်အရှေ့တော(မေတ္တာမြို့)ဘက် မှ ဈေးလာ ဝယ်သူများထံတွင် အဓိက တွေ့ရှိရပြီး လူတစ်ဦးတွင် ကျပ်တစ် သောင်းတန် အတု တစ်ရွက်၊နှစ်ရွက်ခန့် ပါလာသည့်အတွက် ထီးခီးဘက်ကို အဓိကထား စစ်ဆေးစေချင်ကြောင်း ထားဝယ်မြို့ စည် ပင်သာယာဈေးအနီး ဆန်ရောင်းချသူ တစ်ဦးက ပြောသည်။

” နယ်ဘက်မှာ ပစ္စည်းဝယ်သလိုလို နဲ့ ပျံ့နှံ့နေတာဖြစ်မယ်၊ ငွေကြိုးမှာ ရောင်ပြန်ပါတာနဲ့ မပါတာပဲ ကွာတယ်၊ ကျန်တာ တော်တော်တူတယ်” ဟု အဆိုပါ ဆန်လုပ်ငန်းရှင်က ပြော သည်။လက်ရှိအချိန်ထိ ဆန်လာဝယ်သည့် ငွေစက္ကူတစ်သောင်းတန်အတု ၄ ရွက် ဆုံးရှုံးနေပြီး နောက်ထပ်လာဝယ် သည့် ငွေစက္ကူအတုများ တွေ့ရှိသော်လည်း ဖျက်ဆီးခွင့် မရှိသဖြင့် ပြန်လဲခိုင်းခဲ့ ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အပတ်မှစကာ တွေ့ရှိရ မှုများလာပြီး တစ်ရက်လျှင် ပျှမ်းမျှ ၁၀ ရွက်ခန့်တွေ့ရကာ ဆုတ်ဖြဲ၊ အပေါက် ဖောက်ခြင်းများ ပြုလုပ်လိုက်လေ့ရှိ ကြောင်း ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်တစ်ခုမှ မန်နေဂျာ ကပြောသည်။” ဘဏ်ဖောက်သည်တွေကို သေသေချာချာ စစ်ပြီးမှ ယူပါလို့ ပြော ထားရတယ်၊ တစ်သောင်းဆိုတာ လွယ် တာမဟုတ်ဘူးလေ” ဟု အဆိုပါ ဘဏ် မန်နေဂျာ ကဆိုသည်။

ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများကို ပေါများစွာတွေ့ရှိရခြင်း မဟုတ်ဘဲ ဈေးရောင်းသူများနှင့် ပွဲရုံ ပိုင်ရှင်များထံတွင် တွေ့ရမှုများကြောင်း ၎င်းကပြောသည်။
အလှကုန်ပစ္စည်းရောင်းချသည့် ကုမ္ပဏီတစ်ခုမှ အလုပ်သမားများ ဖောက်သည်များထံမှ ငွေလိုက်ရှင်းရာ တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုများ ပါလာသည့်အတွက် ငွေစက္ကူ ကျပ်တစ်သောင်းတန်အား လက်မခံရန် ကုမ္ပဏီမှ ပြောထားသည်ဟုဆိုကာ ကျပ်တစ်သောင်းတန်ငွေစက္ကူအား ပေးရာ လက်မခံကြောင်း စည်ပင် သာယာဈေး အတွင်း ဈေးရောင်းနေသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလတွင် ထားဝယ်ဒေသ ထီးခီးနယ်စပ်ဂိတ်အနီး၌ ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ၁၉၄ ရွက်၊ ကျပ် ၁၀၀၀ တန် ငွေစက္ကူအတု ၁၀၀ ရွက်ဖြင့် ထိုင်းနိုင်ငံသား ဇနီးမောင်နှံ နှစ်ဦးအား ဖမ်းမိခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။