မြိတ် ငါးအမှုန့်ကြိတ် စက်ရုံများမှ အနံ့ဆိုး ထွက်ဆဲ

0
380

မြိတ်မြို့၊  အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံဆိုးများ ထွက်ရှိနေသေးကြောင်း ယင်းစက်မှုဇုန် အနီး ရပ်ကွက်နေထိုင်သူတချို့ထံမှ သိရ သည်။အဆိုပါ ငါးအမှုန့်ကြိတ်စက်ရုံများ ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်အဖွဲ့က စက် တင်ဘာလ ၁၅ ရက်တွင် ဒုတိယအကြိမ် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ယင်းစက်ရုံ အသိုင်းအဝိုင်းမှ သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်က ပထမအကြိမ်အဖြစ် ဝင်ရောက်စစ်ဆေး ခဲ့ပြီး ဖြစ်သည်။
” ညဘက်ဆိုရင် အနံဆိုးတွေက ရနေသေးတယ်”  ဟု စက်မှုဇုန်အနီးရှိ ဇေယျာသီရိ(၃)ရပ်ကွက်နေ ဦးမျိုးဝင်းက ပြောသည်။
အနံ့ဆိုးများထွက်ရှိနေသည့် ငါး အမှုန့်ကြိတ်စက်ရုံများကို ပြတ်ပြတ်သား သား အရေးယူပေးစေချင်ကြောင်း စက်မှု ဇုန်အနီး နေထိုင်သူတချို့က ဆိုသည်။
ပထမအကြိမ် ဝင်ရောက်စစ်ဆေး ပြီးနောက် အနံ့ဆိုးများထွက်ရှိနေသည့် မင်းဇာနည်နှင့် အဆောင်ကောင်း စက်ရုံ တို့ကို ဩဂုတ်လ ၆ ရက်မှစပြီး လုပ်ငန်း ၆ လရပ်နားခိုင်းကာ အနံ့ဆိုးများပပျောက် အောင် ပြန်လည်ပြုပြင် ခိုင်းထားသည်။ဒုတိယအကြိမ် ဝင်စစ်ပြီးနောက် ယင်းစက်ရုံများကိစ္စ မည်သို့ ဆုံးဖြတ် မည်ကို မသိရသေးပေ။ ” ပြန်လည်ခွင့် ပြု၊ မပြု ဆိုတာက ထားဝယ်ရောက်မှ အစည်းအဝေး ပြုလုပ် ပြီး ဆုံးဖြတ်မှာပါ ” ဟု တိုင်းဒေသကြီး စီမံ^ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။ယင်းအစည်းအဝေး မတိုင်ခင်အထိ အဆောင်ကောင်း ငါးအမှုန့်ကြိတ်စက်ရုံ ကို ယာယီ လည်ပတ်ခွင့် ပေးထားခဲ့ ကြောင်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြော ပြသည်။
အဆောင်ကောင်း ငါးအမှုန့်ကြိတ် စက်ရုံမှ ပြန်လည်ပြင်ဆင်ပြီးကြောင်း အစီရင်ခံစာကို ဩဂုတ် ၁၆ ရက်က ဝန်ကြီးချုပ်ထံ ပြန်တင်ပြပေးထားပြီးဖြစ် ကာ စီမံ^ဘဏ္ဍာဝန်ကြီးမှ ဩဂုတ်လ ၂၂ ရက်တွင် စက်ရုံသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ယင်းစက်ရုံထံမှ သိရသည်။

 
လက်ရှိတွင် အဆောင်ကောင်း၊ ထူးထူးတိုး၊ ဗဲင်(န်)တေ့(ခ်ျ) ငါးအမှုန့် ကြိတ်စက်ရုံများ လည်ပတ်နေသည်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန် တွင် ထူးထူးတိုး၊ မင်းဇာနည်၊ ဗဲင်(န်)တေ့(ခ်ျ)နှင့် အဆောင်ကောင်း ငါးအမှုန့် ကြိတ်စက်ရုံ ၄ ခုနှင့် မြိတ်တဖက်ကမ်းရှိ ကျွန်းစုမြို့နယ် ပထော်ပထက်ကမ်းတွင် ငါးအမှုန့်စက်ရုံ ၁ ခု၊ စုစုပေါင်း ၅ ခုရှိ ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။