ဘ၀ မခြားဘဲ ဘ၀ခြားခြင်းမှ ကင်းရပါလို

0
450

ပြီးခဲ့သည့်အပတ်က မြန်မာ့လူမှု ကွန်ရက်သုံးစွဲသူများကြား လှုပ်လှုပ်ခတ် ခတ် အဖြစ်ဆုံးမှာ လန်ဒန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သား ငယ်၊ မြေးတို့နှင့် ပြန်တွေ့သည့် မြင်ကွင်း ဖြစ်သည်။
အမေနဲ့သား ဖက်ထားလိုက်ပုံက ဓာတ်ပုံထဲတွင် မြင်ရသူကိုပင် နင့်နင့် သည်းသည်း ဖြစ်စေသည်။


အကြည့်၊ အရယ်၊ အပြုံး၊ ကြည်နှုး ရိပ်များက ကြည့်သူများကို ဓာတ်ကူးစေ သည်။မိသားစုနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောလေ့ မရှိသော၊ မိသားစုနှင့် အမြဲ ဝေးကွာနေသော ဒေါ်အောင်ဆန်းစုကြည် အား ” သားများနှင့် ဝေးကွာနေသည့် အမေ ” အဖြစ် စိတ်ထဲ လေးလေးနက်နက် မထားမိခဲ့ပါ။နိုင်ငံရေးသမား တစ်ဦးအဖြစ်သာ အမြဲရှုမြင်ခဲ့သည်။

 

သားနှစ်ယောက်ကို ပြုစုပျိုးထောင်ရမည့်အချိန်တွေကို တိုင်း ပြည်အတွက်သုံးရန် သူမရွေးချယ်ခဲ့သည်။ယင်းအတွက် ကိုယ်ရေးကိုယ်တာ နောင်တတွေ ရှိသည်ကို ၂၀၁၂ ခုနှစ်က ဗြိတိန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်း   စုကြည် ပြောခဲ့သည့် မိသားစုနှင့် ပတ် သက်သည့်ခံစားချက်ကို သတင်း မီဒီယာ များတွင် ပြန်လည်ကိုးကား ဖော်ပြကြ သည်။” မိသားစုကို အချိန်မပေးနိုင်ခဲ့တဲ့ အတွက် ကိုယ်ရေးကိုယ်တာအရ နောင် တတွေ ကျွန်မမှာ ရှိပါတယ်။ ကျွန်မလည်း ကျွန်မမိသားစုနဲ့ အတူနေချင်တာပေါ့။ ကျွန်မသားတွေ ကြီးပြင်းတာကိုလည်း မြင်ချင်တာပေါ့။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ကျွန်မရဲ့ ပြည်သူတွေနဲ့ အတူရှိနေဖို့ကို ရွေးချယ်ခဲ့ရပါတယ်”
၂၀၁၂ ခုနှစ်က ဘီဘီစီသတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

the_mon_different_life
မြင်ခွင့်မရသော ဒဏ်ရာများ၊ မျက် ရည်များ၊ နင့်သည်းမှုများစွာ ရှိဦးမည်။ ထုတ်ဖော်မပြောသည့် ခံစားမှုများ၊ အိပ်မ ပျော်ညများ၊ လေးပင် သက်ပြင်းများ အကြောင်း ရှိဦးမည်။ သားနှစ်ယောက်အနက် သားငယ် ကင်မ်နှင့်သာ တွဲမြင်ရလေ့ရှိပြီး သားကြီး အလက်ဇန္ဒားနှင့်အတူ သတင်းမီဒီယာ မြင်ကွင်း၊ အများပြည်သူ    မြင်ကွင်းတွင် မတွေ့ဖူးပါ။

 

ထို့ကြောင့် ဗြိတိန်ခရီးစဉ်အပြီး အမေရိကားခရီးစဉ်တွင် သားကြီးဖြစ် သူနှင့် တွေ့ခွင့်ရဖို့ကိုလည်း    မြန်မာလူထု က ဆုတောင်းနေကြသည်။  ယင်းမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ စနစ်ဆိုးတစ်ခုကြောင့်    နိုင်ငံဥသျှောင် တစ်ဦး၏ ပြန့်ကျဲနေသည့် မိသားစု အကြောင်း ဖြစ်သည်။ ပြည်သူကချစ်သော နိုင်ငံရေး သမားတစ်ဦး၏ ဘ၀ဖြစ်သည့်အတွက် ချက်ချင်း မြင်သာသည်။ စာနာကြ၊ နင့်နင့်သည်းသည်း ခံစား ကြသည်။ လှုပ်လှုပ်ခတ်ခတ် ဖြစ်ကြသည်။

 
သို့သော် ယင်းဓာတ်ပုံများ၊ သတင်း မီဒီယာများတွင် ဖော်ပြသည့် ဆောင်းပါး များ၊ သတင်းများကို ဖတ်ရင်း သန်း ပေါင်းများစွာသော ပြန့်ကျဲနေသည့် မိသားစုများ ရှိနေသေးသည်ကို နှလုံး သွင်းမိသည်။ထိုသန်းပေါင်းများစွာသော မိသားစု ဝင်များသည် တစ်ယောက်တစ်နေရာစီ တွင် သူတို့ခေါင်းဆောင်၏ မိသားစု ဘ၀အကြောင်း ဖတ်ရင်းမည်သို့ စိတ်ကူး ယဉ်နေမည်နည်း။ မည်သို့ ခံစားရမည်နည်း။ ဝမ်းရေးအရ မိသားစုဘ၀ကို ထုခွဲ ရောင်းချပြီး ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် သန်းချီရှိသည့် ရွှေ့ပြောင်းလုပ်သားများ၊ လူငယ်တွေ မရှိတော့သည့် ကျေးရွာများတွင် အဖိုး၊ အဖွားနှင့်သာ ကြီးပြင်းလူလား မြောက် ရသည့် ကလေးများ၏ မိသားစုနှင့် အတူ နေခွင့်ရမည့်အချိန် ဘယ်တော့ ဖြစ်မည် နည်း။ တစ်ခြမ်းပဲ့ သီတင်းကျွတ်၊ သင်္ကြန် နေ့ရက်များ မည်သည့် အချိန်တွင် အဆုံး သတ်မည်နည်း။ ယခုအချိန်အထိ အိမ်မပြန်နိုင် သေးသည့်၊ ပြန်ရန် အိမ်မရှိတော့သည့် စစ်ဘေးရှောင်များ၏ မိသားစု ထမင်းဝိုင်း အကြောင်း မည်သည့်အချိန်တွင် ကြားရ မည်နည်း။

 
လူငယ်ဘ၀တွင် တိုင်းပြည်အတွက် တောခိုကာ တော်လှန်ခဲ့ပြီး လက်ရှိပြည်ပ ရောက် ကျောင်းသားများ၏ အိမ်ပြန်ချိန် ဘယ်တော့ ဖြစ်မည်နည်း။မှားယွင်းခဲ့သည့် စနစ်ဆိုးအောက် တွင် မိသားစုပေါင်းများစွာ သေကွဲ၊ ရှင် ကွဲ ကွဲခဲ့ရသည်။ လက်ရှိအချိန်ထိလည်း သေနတ်သံများ ကြားနေရဆဲဖြစ်သည်။ မိသားစုများကို တစ်ကွဲတစ်ပြားစီ ဖြစ်စေ ဆဲ ဖြစ်သည်။
” ဘ၀မှာ မိသားစုနဲ့အတူတူ လုပ်ရ မယ့်ကိစ္စတွေ အများကြီး ရှိပါတယ်၊ အဲဒါတွေကို တခြားသူတွေနဲ့ အတူတူ လုပ်လို့ မရပါဘူး၊ အဲဒါဟာ တကယ့်ကို ထူးခြားပါတယ်၊ အဲလိုပါပဲ မိသားစုဆို တာဟာလဲ ထူးခြားတဲ့သူတွေ ဖြစ်ပါ တယ်၊ ဒါကြောင့် မိသားစုတွေ ကွဲကွာရ တာ မကောင်းပါဘူး၊ ဘယ်လိုမှ မကောင်းပါဘူး ” ဒေါ်အောင်ဆန်းစုကြည်က မိသားစု နှင့် ပတ်သက်ပြီး ဘီဘီစီကို ဖြေကြားခဲ့ ဖူးသည်ကို ကုမုဒြာဂျာနယ်တွင် ဖော်ပြ ချက်ဖြစ်သည်။ဟုတ်ပါသည်။

 
မိသားစုများ ကွဲကွာရမှုသည် ဘ၀ တွင် ကြီးမားသည့် ထိခိုက်ရမှုကို ဖြစ်စေ သည်။ ဘ၀အတွက် နင့်သည်းဖွယ် ထိုး နှက်ခံရမှုဖြစ်သည်။ အခြားအရာများဖြင့် အစားထိုး၍ မရသည့် ဆုံးရှုံးမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခု ဗြိတိန်နှင့် အမေရိကန် ခရီးစဉ်တွင် သား ငယ်နှင့် မြေးများအား တွေ့ဆုံရမှုကြောင့် ခွန်အားအသစ်၊ သန္နိဋ္ဌာန်အသစ်များကို ရမည်ဟု မျှော်လင့်မိသည်။မူဝါဒတစ်ခု၊ ဆုံးဖြတ်ချက် တစ်ခု သည် မိသားစုများစွာကို နီးစေ၊ ဝေးစေ ပါသည်။ ၂၁ ရာစု ပင်လုံတွင် ပါဝင် ဆွေးနွေး သူများသည်လည်း ကွဲကွာနေသည့် မိသားစုများ၏ ထမင်းလက်ဆုံစားမည့်နေ့ အတွက် ထည့်စဉ်းစား စေချင်ပါသည်။

 
လွှတ်တော်ထဲ ရောက်နေသည့် အများစုသော အင်န်အယ်ဒီအမတ်များ သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သားမြေးများ တွေဆုံမှုကို လှိုက်လှိုက် သည်းသည်း နားလည်ခံစားမည်ဟု ယုံကြည်ပါသည်။ထိုခံစားရချက်အား ခွန်အားအဖြစ် ပြောင်းပြီး လွှတ်တော်တွင်း ဆွေးနွေးမှု များ၊ မိမိ၏ နိုင်ငံရေးဘ၀အတွင်း လုပ် သည့် အလုပ်များအတွက် သန္နိဋ္ဌာန် အသစ်များ ချမှတ်ရန် မျှော်လင့်မိသည်။ ထို့အတူပင် သက်ဆိုင်ရာ မူဝါဒ ချမှတ်ခွင့်၊ ဆုံးဖြတ်ခွင့်ရှိသူများ အနေ ဖြင့် မိမိလုပ်နိုင်သည့် အပိုင်းကို လုပ်ရန် အတွက် ယခု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုတွေ့ဆုံမှု ပုံရိပ်များမှ တွန်းအား ဖြစ်ပါစေဟု ဆုတောင်းမိသည်။
မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ် သက်နေသူများ၏ အတ္တကို မိသားစုများ ကို ပြန်လည်ဆုံစည်းစေချင်သည့် ဆန္ဒ အာသီသက လွှမ်းမိုးနိုင်ပါစေဟုသာ ဆု တောင်းနေမိသည်။