ဝေဖန်ရေး နဲ့ နိုင်ငံရေး

0
521

ခုရက်ပိုင်းအတွင်း ဗြတ်စာကို ရင်ခုန်စေ၊ ပီတိဖြစ်စေ၊ ပါးစပ်တယား ယားဖြစ်စေတာက တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့က ထားဝယ်မြို့တော် ခန်းမမှာ နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ် ခဲ့တဲ့ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲပဲ ဖြစ်ပါသဗျ။
စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက် များမှာ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ် မယ်။


မည်သူမဆို တက်ရောက်ဆွေးနွေး နိုင်တယ်လို့ လမ်းဆုံလမ်းခွတွေမှာ ဗီနိုင်း ဘုတ်တွေနဲ့ကြော်ငြာထားသမို့ ဒီမိုကရေစီ ခေတ်မှာ ဒီမိုကရေစီဆန်တဲ့အပြုအမူ အခင်းအကျင်းသစ်တစ်ခုအဖြစ် ဗြတ်စာ တော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ရပါ တယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲမျိုးကို ကော့သောင်းခရိုင်မှာတော့ ဇူလိုင်လ ဆန်းပိုင်းက ကျင်းပခဲ့တာမို့ ဒီထားဝယ် ဆွေးနွေးပွဲကတော့ အစိုးရသစ်လက် ထက်မှာ ဒုတိယပွဲပေါ့ခင်ဗျ။ ပထမပွဲဖြစ် တဲ့ ကော့သောင်းရဲရလဒ်ကို မသိရပေ မယ့် ထားဝယ်ပွဲကတော့ ဗြတ်စာမျက်မြင် တွေ့နိုင်တာမို့ စိတ်ဝင်တစား စောင့်ကြည့် အကဲခတ်ရမယ့် အနေအထားခင်ဗျ။

 
အလုပ်ရုံဆွေးနွေးပွဲလုပ်တာ ကောင်းတာပေါ့။ ကြိုဆိုပါတယ်။ လုပ် တုန်းကလုပ်ပြီးတော့ ပြည်သူလူထုက တော့ တက်တက်ကြွကြွ ဆွေးနွေးပါရဲ့။ မြန်မာတွေရဲ့ထုံးစံအတိုင်း ကောက်ရိုး မီးလို ဟုန်းခနဲတောက်ပြီး ပွဲပြီးမီးသေ အဖျားမရှူးဖို့ပဲလိုပါတယ်လို့  အလုပ်ရုံ ဆွေးနွေးပွဲမှာ တက်ကြွစွာပါဝင်ဆွေး နွေးခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးက ရင်ဖွင့် ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက် လာသူတွေကလည်း တကယ့်ကို တက် တက်ကြွကြွ ပါဝင်ဆွေးနွေးကြတာကို ဗြတ်စာ သတိထားမိတယ်ခင်ဗျ။ ဒီလို အစိုးရလက်ထက်ကျမှပဲ ပြည်သူတွေကို တလေးတစား နေရာပေးပြီး လူလူသူသူ ဆက်ဆံကာ တလေးတစားနားထောင် တာကိုး။ တလေးတစား နားထောင်ရုံ အပြင် ပရိသတ်က ရေဆိုရေ၊ ကော်ဖီဆို ကော်ဖီ၊ ထမင်းကြော်ဆို ထမင်းကြော်၊ ခေါက်ဆွဲကြော်ဆို ခေါက်ဆွဲကြော် ကျွေး မွေးပြုစုလို့ လိုလေသေးမရှိ ဧည့်ခံပြီး ပြည်သူတွေရဲ့ ရင်ဘတ်ထဲကအသံကို နားထောင်တာကိုး။

 
ဗြတ်စာလည်း တကယ်ကို ပီတိဖြစ် တာပေါ့ဗျာ။ပြည်သူတွေ ဆွေးနွေးမေးမြန်းအကြံ ပြုနိုင်ဖို့အတွက် ကဏ္ဍ ၆ ခု ခွဲခြားသတ် မှတ်ပြီး ကျင်းပတာမို့ အဆင်ပြေတယ်လို့ ဆိုရမှာပါခင်ဗျ။ ဒီကဏ္ဍတွေကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းကော်မတီ ၊ လျှပ်စစ်နှင့်စက်မှုလက် မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ၊ ရှေး ဟောင်း အမွေအနှစ်များ ထိန်းသိမ်းသတ် မှတ်နိုင်ရေးလုပ်ငန်း ကော်မတီ တို့ပဲဖြစ် ပါသဗျ။ ပြည်သူတွေကလည်း မိမိအား သန်ရာ၊ အခက်အခဲရှိရာ ကဏ္ဍတွေမှာ ဝင်ရောက်ဆွေးနွေး မေးမြန်းအကြံပြုလို့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ခင်ဗျ။

 

 
တချို့ဆို ကဏ္ဍပေါင်းစုံကို လှည့် လည်ပြီး လေ့လာကြတာမျိုးလည်း တွေ့ ရတယ်ခင်ဗျ။ ကဏ္ဍတိုင်းမှာ သက်ဆိုင် ရာဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲ တွေ ကိုယ်တိုင် စိတ်ရှည်လက်ရှည် နားထောင်ပေး၊ ဆွေးနွေးပေးတဲ့အတွက် ထားဝယ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ၊ အစိုးရ အဖွဲ့ဝင်တွေ ဘယ်လောက်ထိ တောင် စိတ်အားထက်သန်နေကြတယ် ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါသဗျ။ ပွဲအစည်ဆုံး ကတော့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းကော်မတီရဲ့     ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်ခင်ဗျ။ အပြန်အလှန် ငြင်းခုန် ကြ၊ ဆွေးနွေးကြနဲ့မို့ ဗြတ်စာတို့ မျှော်မှန်းခဲ့၊ တဖွဖွပြောခဲ့တဲ့ ဒိုင်ယာ လော့ခ်ခေတ်ကြီးကို     တကယ်ကိုရောက်ခဲ့ ပြီဆိုတာ မျက်မြင်တွေ့လိုက်ရလို့ ပီတိ ဖြစ်ရပါသဗျ။

 
ပီတိဖြစ်တာရော၊ ရင်ခုန်တာတွေ ရော ပြောအပြီးမှာတော့ မပြောမပြီး၊ မတီးမမြည် ပါးစပ်ယားတဲ့ ကိစ္စလေး တော့ ဗြတ်စာအာချောင်ပါရစေဦး ခင်ဗျ။တိုင်းရဲတပ်ဖွဲ့ဝင်းထဲက ရဲဇာနည်ခန်းမမှာ ကျင်းပနေတဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံဆွေးနွေးပွဲဘက် ဗြတ်စာ ရောက်သွားတော့ ရေကန်အသင့်ကြာ အသင့်ဆိုသလို ဝန်ကြီးချုပ် တက်ရောက် အားပေး မိန့်ခွန်းချွေနေတာနဲ့ သွားတိုး သဗျ။ ဒါနဲ့ဗြတ်စာလည်း အာရုံစိုက် နားထောင်လိုက်တော့ ပါးစပ်ယားလာ တဲ့ အကြောင်းအရာလေး ပါလာပါသဗျ။ (တကယ်တော့ ဖြေတွေးလေး တွေးရင် တော့ ဝန်ကြီးချုပ်ဟာ ဝန်ကြီးတွေ အတွက် ခေါင်းဆောင်ကောင်းပါလို့ ဆိုနိုင်တယ်ခင်ဗျ။) ဝန်ကြီးချုပ်က ဘာ ပြောလဲဆိုတော့ သူ့အစိုးရအဖွဲ့ ဝန်ကြီး တွေကို သိပ်ပြီး မဝေဖန်ပါနဲ့တဲ့။ ပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုမျိုးကိုလည်း မလုပ်ပါ နဲ့တဲ့။ တချို့ဝန်ကြီးတွေက ခံစားလွယ် တာမို့ စိတ်မကောင်း ဖြစ်တတ်တာကြောင့် မို့ပါတဲ့။ ဝေဖန်စရာရှိရင် သူ့ကိုပဲ (ဝန်ကြီးချုပ်ကိုပဲ)ဝေဖန်ပါ။ ဘာကြောင့် ဆို သူက အားလုံးကို တာဝန်ခံထားရတာ ဖြစ်လို့ပါ..လို့ ပြောတော့ ခေါင်းခံနိုင်တဲ့၊ တာဝန်ယူနိုင်တဲ့ ဝန်ကြီးချုပ်ကို လေးစား မိပေမယ့် ဝန်ကြီးတွေအပေါ် ဝေဖန်မှု မလုပ်စေချင်တာမျိုးကိုတော့ ဗြတ်စာ သဘော မတွေ့လှဘူး ခင်ဗျ။ ဒီမိုကရေစီ စနစ်၊ ခေတ်မှာ ဝေဖန်မှုကို အဟန့်အတား ဖြစ်စေတာမျိုးကို မကြိုက်လှဘူးခင်ဗျ။ ပွင့်လင်းလာတဲ့ အနေအထားအရတော့ ပုဂ္ဂိုလ်ရေးလည်း တိုက်ခိုက်ချင်တိုက် ခိုက်ကြမှာပဲဗျ။ (သဘောပြောတာပါ။ ဗြတ်စာတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ကိုတော့ သဘောမတွေ့လှဘူးဗျ) အလုပ် သဘောအရလည်း ဝေဖန်ရမှာပဲခင်ဗျ။

 

 
တိုက်ခိုက်ဖို့တော့ မဟုတ်ဘူးပေါ့။ တိုက်ခိုက်လာသည့်တိုင်အောင် ခံနိုင် ရည်ရှိအောင်တော့ လေ့ကျင့်ထား စေချင် တယ်ခင်ဗျ။ နိုင်ငံရေးသမားဆိုတဲ့ လမ်း ကြောင်းကိုရွေးချယ်လိုက်ပြီ ဆိုကတည်း က ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အလုပ် သဘောအရ ဝေဖန်မှု ၊ ကုန်ကုန်ပြောရရင် အသက်အန္တရာယ် ခြိမ်းခြောက်မှုအထိပါ ကြိုတွေးထားပြီး ခံနိုင်ရည်ရှိအောင် ပြင် ဆင်ထားရမယ်လို့ ဗြတ်စာ ခံယူပါသဗျ။ ဒီလိုအခြေအနေမျိုးတွေကို လက်မခံနိုင် ရင်တော့ အများအာရုံ စိုက်တဲ့ဌာနကို ကိုင်တွယ် တာဝန်ခံတာမျိုး၊ ဒါမှမဟုတ် ရင်လည်း နိုင်ငံရေးလောကကို ကျောခိုင်း လိုက်တာမျိုး အကောင်းဆုံးပဲခင်ဗျ။ အချိန်ရှိတုန်းလေး ပြောတာပါ။ ဘာ ကြောင့်ဆို ရှေ့ဆက်ခရီးက အနည်းဆုံး ၄ နှစ်လောက် တောင်ကျန်သေးတာမို့ပါ။ နောက်ပြီး နည်းပညာတွေကလည်း တိုးတက်လာတာမို့ လူမှုကွန်ရက်စာမျက် နှာတွေက စည်းလွတ်ဝါးလွတ် ဝေဖန် တာမျိုး၊ တိုက်ခိုက်တာမျိုးကလည်း လာ ဦးမှာခင်ဗျ။ အဝေဖန်ခံရလွန်းလို့ ဝန်ကြီး တွေ နှလုံးရောဂါရ၊ စိတ်ကျရောဂါရသွား ကြမှာလည်း စိုးပါတယ်ဗျ။

 
ခြုံပြောရရင် ထားဝယ်ဒေသဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲဟာ အတော်လေး အောင်မြင်တယ်လို့ဆိုရ မှာပါခင်ဗျ။ ဒီလိုအောင်မြင်တာဟာ အဆင့်လေးတစ်ဆင့်ပဲ ရှိပါသေးတယ်လို့ မြင်တတ်ဖို့တော့ လိုမယ်ခင်ဗျ။ ဘယ်လို အဆင့်မျိုးလဲဆိုတော့ ဒေတာသတင်း အချက်အလက် စုဆောင်းရေး အောင် မြင်တဲ့အဆင့်ပဲ ရှိပါသေးတယ် ဆိုတာ ကိုပါ။
ရှေ့ဆက်ပြီးဒီဒေတာ သတင်းအချက် အလက်တွေအပေါ် အခြေခံကာ၊ ပြဿနာ ဒီဇိုင်းတွေထုတ်၊ အဖြေရှာ၊ အကောင် အထည်ဖော်ရမယ့် အဆင့်တွေ ကျန်သေး ခင်ဗျ။

 

 

သတင်းအချက်အလက်တွေကို ရရုံနဲ့ ရင်ဝယ်ပိုက်ထွေးပြီး အောင်မြင် တယ်လို့ ပီတိဖြစ်နေရုံနဲ့မပြီးဘဲ တကယ် တမ်း လက်တွေ့ အကောင်အထည်ပေါ် လာဖို့ ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေတယ်ဆိုတာကို သတိချပ် ရမှာပါခင်ဗျ။ ပွဲပြီး မီးသေ အဖျားမရှူးဖို့ဘဲ လိုပါတယ်လို့ လုပ်ငန်းရှင်တစ်ဦးက သုံး သပ်သလိုတာဝန်ရှိသူတွေ အားသွန်ခွန် စိုက် အလုပ်လုပ်ဖို့ တိုက်တွန်းလိုက်တဲ့ နှိုးဆွပေးလိုက်တဲ့ အလုပ်ရုံဆွေးနွေးပွဲလို့ပဲ ဗြတ်စာမြင်မိပါ တယ်ခင်ဗျ။ ဟုတ်ကဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကနေ ထွက်ပေါ် လာမယ့် ရလဒ်တွေအတွက်လည်း ပြည် သူတွေထံကနေ ဝေဖန်မှုတွေမျိုးစုံ ထွက် ပေါ်လာဦးမှာမို့ ဆိုင်ရာဝန်မင်းများ အနေ နဲ့ အဝေဖန်ခံနိုင်ရန်လည်း ကြိုတင်အား မွေးထားဖို့ လိုမှာဖြစ်ပါကြောင်း ချစ် လွန်းလို့ လက်တို့လိုက်ပါရစေဗျား။