မွန်မြေယာမူဝါဒ ရေးဆွဲရေးကော်မတီ ဖွဲ့စည်း

0
437

မွန်ပြည်သစ်ပါတီ၊ မွန်လူမှုအဖွဲ့ အစည်းများ စုပေါင်း၍ မွန်ဒေသ မြေယာ မူဝါဒရေးဆွဲရန်အတွက် ရေးဆွဲရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။

တိကျသည့် မွန်ဒေသ မြေယာမူဝါဒ ရေးဆွဲနိုင်ရန်အတွက် စက်တင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ပထမအကြိမ် ပြုလုပ်ခဲ့သည့် မွန်ဒေသ မြေယာမူဝါဒ ဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုတရပ် ပြုလုပ် ခဲ့ပြီး အဆိုပါဆွေးနွေးပွဲမှ အဖွဲ့ဝင် ၁၅ ဦး ပါသည့် မြေယာမူဝါဒ ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 
” ဖက်ဒရယ်ပြည်ထောင်စုမှာ မွန် တွေအနေနဲ့ တိကျတဲ့ ကိုယ့်ရဲ့မြေယာ မူဝါဒ ချပြနိုင်ဖို့အတွက် မြေယာမူဝါဒ ရေးဆွဲဖို့ဖြစ်လာတာပါ ”  ဟု မွန်ဒေသ မြေယာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲ ဖြစ်မြောက်ရေး တာဝန်ခံ မင်းမင်းနွယ် က ပြောသည်။
ထိုကော်မတီတွင် မွန်ပြည်သစ် ပါတီမှ ကိုယ်စားလှယ် ၃ ဦး၊ မွန်လူမှု အဖွဲ့အစည်းမှ ၄ ဦး၊ သံလွင်အရှေ့ခြမ်းမှ ၄ ဦး သံလွင်အနောက်ခြမ်းမှ ကိုယ် စားလှယ် ၄ ဦး ပါဝင်သည်။ကော်မတီအနေဖြင့် ပညာရှင်များ နှင့် ပူးပေါင်းပြီး ဒေသများသို့ ကွင်းဆင်း ကာ ထုံးတမ်းအစဉ်အလာများအရ မြေယာအသုံးချနေ မှု အချက်အလက်များ ကောက်ယူပြီး မွန်ဒေသ မြေယာမူဝါဒ ရေးဆွဲခြင်းကို ဆက်လက်လုပ်ဆောင် သွားမည်ဟုလည်း မင်းမင်းနွယ်က ဆက်ပြောသည်။

 
မြေယာအသုံးချ စီမံခန့်ခွဲရာတွင် မိမိတို့ဒေသလူမျိုး ထုံးတမ်းဓလေ့များကို အခြေခံပြီး ထည့်သွင်းရေးဆွဲရန်၊ တိုင်း ရင်းသားဒေသရှိ မြေယာများကို ၎င်း ဒေသရှိ ဌာနေတိုင်းရင်းသားတို့ကသာ ပိုင်ဆိုင်ပြီး အသုံးချ စီမံခန့်ခွဲရန်၊ အမျိုး သမီးများလည်း မြေယာပိုင်ဆိုင် စီမံခန့် ခွဲခွင့်ရရှိရန် အပါအဝင် အချက် ၁၁ ချက် ကို မြေယာမူဝါဒတွင် အခြေခံရေးဆွဲ သွားရန် ချမှတ်ထားသည်။

 
မွန်ပြည်သစ်ပါတီ၊ မွန်ပြည်လူ့ အခွင့် အရေးဖောင်ဒေးရှင်းနှင့် မွန်လူမှု အဖွဲ့များ ပူးပေါင်းကျင်းပခဲ့သည့် ပထမ ဆုံးအကြိမ် မွန်ဒေသ မြေယာမူဝါဒ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည် နယ် မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပြီး တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပဲခူးနှင့် မွန်ပြည်နယ် ၁၀ မြို့နယ်တို့မှ မွန်ပြည်သူ စုစုပေါင်း ၁၄၀ ကျော် တက်ရောက်ခဲ့ကြသည်။