စစ်ပွဲများ ပြီးနောက်

0
434

လွန်ခဲ့သော ၂ နှစ်ခန့် ယခုလို မိုးရာသီ။
ထူးဆန်းသော ဧည့်သည်တစ်ဦး ရောက်လာဖူးသည်။ ထောင်ထဲတွင် နှစ် ရှည် တိုက်ပိတ်ခံရဖူးသူ ဖြစ်သည်။ ယုံကြည်ရာလုပ်ပြီး လူငယ်ဘ၀ကို ထောင်ထဲတွင် ဖြတ်ကျော်ခဲ့သူ နိုင်ငံရေး သမားတစ်ဦးဖြစ်၏။  ထားဝယ်ကို သူလာတော့ ကိစ္စနှစ်ခု ပါလာသည်။


တစ်ခုမှာ ထောင်ထဲတွင် ညီအစ်ကို တစ်မျှ ခင်တွယ်ခဲ့သော သူငယ်ချင်းကို ပြန်လာရှာခြင်း ဖြစ်သည်။ နာမည်တစ်လုံး အပြင် ရွာနာမည်သာ သိသည်။ ကောက် ရိုးပုံ အပ်ပျောက်ရှာသည်ထက်တော့ နည်းနည်းသာသည်။ သူရှာသည်။ နောက်ဆုံး စိတ်ကျန်းမာရေး ချို့ ယွင်းလျက်ရှိသော သူ့ သူငယ်ချင်းကို လမ်းဘေးတစ်နေရာတွင် သွားတွေ့သည်။ ထောင်ထဲမှရခဲ့သည့် ကိုယ်စိတ် ဒဏ်ရာ များကြောင့် အခု ဘယ်သူ့ကိုမှ မမှတ်မိ တော့သူမှာ နှစ်ချီကြာပြီးမှ လာရှာသော သူငယ်ချင်းကို ချက်ချင်းမှတ်မိသည်။ သူတို့ နှစ်ဦး ဖက်လဲတကင်း စကားလက် ဆုံကျပုံကို မြင်စေချင်စမ်းလှသည်။

 
နောက်ကိစ္စတစ်ခု၏ ဇာတ်ကောင် မှာ ၁၉၉၀ နှောင်းပိုင်း ကာလများအတွင်း စစ်ဘေးဒဏ်ကြောင့် နယ်စပ်ထွက်ပြေး၊ ဒုက္ခသည် စခန်းတွင်နေရပြီး၊ လောလော ဆယ် တတိယနိုင်ငံတစ်ခုတွင် မိသားစု ဖြင့် နေထိုင်ကာ မြန်မာပြည် ပြန်မလာနိုင် တော့သူ အမျိုးသမီးတစ်ဦး ဖြစ်သည်။

after_war
အကြောင်းရင်းမှာ ထိုအမျိုးသမီး လူကြုံပါးလိုက်သော ၁၀ မိနစ်စာခန့် ဗီဒီယိုလေး တစ်ခုဖြစ်သည်။ ထားဝယ်မှ ကားတစ်တန်    လှေတစ်တန်သွား ရေဝဲများ ကြောင့်    လှေမှောက်သေတတ်သော အန္တရာယ် အလွန်များသော ခရီးဖြင့် ချောင်းဖျား ရွာလေးတစ်ရွာကို သူသွားမည်။

 

ထို ဗီဒီယိုကို သမီးဖြစ်သူနှင့် ပြန်ဆုံရန်၊ ယုတ်စွအဆုံး နယ်စပ်အထိပင် ခရီးမသွား နိုင်တော့သော အသက် ၉၀ ကျော် အရွယ် မိဘနှစ်ပါးအား သွားပြမည်။ နှစ်ဆယ်ချီ ကွဲကွာခဲ့ရသော သမီးဖြစ်သူက မြေးမြစ် များနှင့်အတူ ပြောကြားလိုက်သော နှုတ် ဆက်စကား ဖြစ်သည်။
ထားဝယ်မိုး တစ်ဝုန်းဝုန်း ရွာနေ သော တစ်နေ့တွင် ပို့လိုက်သူ နာမည် အပြင် ထိုအမျိုးသမီးဇာတိရွာကို သိသော ထိုပုဂ္ဂိုလ်သည် ကွန်ပျူတာထည့်ထား သော အိတ်ကလေးကိုပိုက်၍ ချောင်းဖျား သွားမည့် လှေတစ်စီးပေါ် ပါသွားသည်။ ရွာပြန်မည့်သူများနှင့် လမ်းကြုံလိုက် သွားခြင်းဖြစ်သည်။ သုံးလေးရက်အကြာ ဝမ်းသာအပြုံးဖြင့် သူပြန်ရောက်လာသည်။ တွေ့ခဲ့သည်။
နိုင်ငံရေး၊ လက်နက်ကိုင် တော်လှန် ရေးနှင့် နောက်ဆက်တွဲဇာတ်ကြောင်း များကို လူတိုင်း ကြားဖူးကြမည် ဖြစ် သည်။

 

ယခုအကြောင်းအရာသည် လည်း ထိုဇာတ်လမ်းများအနက် တစ်ခုသာဖြစ် သည်။ ကိုယ့်တိုင်းပြည်၏ အတိတ်နှင့် ပစ္စုပ္ဗန် အခြေအနေများကိုလည်း စိတ် မကောင်းစွာ တွေးဖြစ်ကြပါလိမ့်မည်။အတိတ်ဆိုသည်မှာ ဆန္ဒရှိသရွေ့ အကြိမ်ကြိမ် ပြန်မက်ခွင့်ရတဲ့ အိပ်မက်ဟု ဆိုသည်။သို့သော် မြန်မာ၏ စစ်အတွင်း အိမ်မက်သည် ပြန်မက်ကောင်းသော အရာမဟုတ်။ ယခု ငြိမ်းချမ်းရေး ဆွေးနွေးကြ သည်။ စစ်အတွင်း ပုန်းရှောင် ထွက်ပြေး ကြသူများ နေရပ်သို့ ပြန်လာကြသည်။ အခြေအနေမည်သို့ ပြောင်းလဲ လာပါ သလဲ။နေရပ်ပြန်လာသောအခါ ကဗျာ ဆရာ ယောဟန်အောင် ရေးခဲ့သော     ” စစ်ကြီးတွေ ပြီးတဲ့အခါ ” ကဗျာကို ချက်ချင်း ခေါင်းထဲပေါ်လာသည်။
“ကောင်လေးရေ
မင်းတို့ ကျောင်းသား သူပုန်တွေ
အရင် ၃ ရက် လမ်းလျှောက်လာရတဲ့
ငါတို့ရွာအခု ဆိုင်ကယ်လမ်းပေါက်ပါ ပကော”
လမ်းပေါက်သွားသည်။ လက်နက် ကိုင် ပဋိပက္ခအတွင်း မည်သူမှ မသွားလို မသွားရဲသော နယ်မြေများသို့ အပစ်ရပ် စာချုပ်နှင့်အတူ စီးပွားရေး လုပ်ငန်းများ ရောက်လာသည်။သစ်ခုတ်ရန်၊ မြေနေရာဦးရန်၊ သတ္တုတူးရန်။ လမ်းပန်းဆက်သွယ်ရေး ကောင်းရန်လိုသည်ဟု အစိုးရရော တိုင်း ရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ကပါ ဆိုကြ၏။
ဒေသခံများ စိတ်ဝယ်တော့ သေနတ် သံများအစား ဘူဒိုဇာအသံများကို စိုးရွံ လာသည်။
စီမံကိန်းတစ်ခုလာ၊ ရွာအနား သတ္တု တူး၊ သောက်သုံးရေအတွက် မှီခိုနေရ သော မြစ်ချောင်းများ နုန်းရေအတိ ဖြစ် သွားသည်။ တောင်များကတုံး ဖြစ်ကုန် သည်။ မီးရှို့ကြ၊ ရော်ဘာ ဆီအုန်း စိုက် ကြ။
အခုမှ မဟုတ်။ စစ်ကြောင့် ထွက် ပြေးသွားရသူများ ရွာကို ချန်ထားခဲ့စဉ် ကတည်းက။

 
” စစ်ပွဲကြီးတွေ ပြီးကတည်းက ဆိုပါတော့
တို့ရွာမှာ ကုမ္ပဏီတွေရောက်လာ
ရွှေတွေရှာ သစ်တွေခုတ်ကြ
မြစ်ကြီး လည်း ပိတ်မယ်ပြောတာပ
သူတို့ သိမ်းသွားတဲ့ ငါ့ကွမ်းသီး ခြံထဲလည်း
ရုံးတွေတန်းလျားတွေ အလုပ်သမား တွေနဲ့ စည်စည်ပင်ပင်”

 
စစ်အတွင်း ဘေးသင့်သူများ၏ ဒဏ်ရာမှာ ခုထိ အနာမကျက်သေးပါ။ အချိန်ပေးရန်လိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ အရ တိုးတက်စည်ပင်လာရန် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးလိုပါသည်။ မငြင်းလိုပါ။ ထိခိုက်နာကျင်ခဲ့ရသော စိတ်ဒဏ်ရာများ ၊ မိတကွဲ ဖတကွဲ ဘ၀ များနှင့် ကြေကွဲခဲ့ရသော နှလုံးသားများကို ပြန်ကုစားရန်လည်း အရေးကြီးပါသည်။ မမေ့သင့်ပါ။ သူတို့ဘာကြောင့် ဒီဒုက္ခ များကို ခါးစည်းခံခဲ့သလဲ သဘောပေါက် နားလည်ရန်လည်း လိုပါသည်။ တန်းတူ ညီမျှရေးနှင့် တရားမျှတမှုကို ဆယ်စုနှစ်ချီ စောင့်မျှော်နေကြခြင်း ဖြစ်သည်။ လုံးဝ မမေ့သင့်ပါ။ရွှေရှာ သတ္တုတူး သစ်ခုတ် ရေကာ တာဆောက်စသည့်စီးပွားရေး စီမံကိန်း များကတော့ သေချာပါသည်။ သူတို့ လိုလားသော တရားမျှတမှုကို ဆောင် ကြဉ်းလာမည်ဟု မည်သူမျှ အာမမခံနိုင် ပါ။

 
” စစ်ပွဲကြီးက ငါတို့တောင်ယာ ငါတို့ ဘုရားကျောင်းတွေကို စားတယ်
စစ်ပွဲကြီးက ငါ့ယောက်ျားခြေတစ် ဖက်ကိုပါ စားလိုက်သေး”
စစ်ပွဲအပြီး တိုင်းရင်းသားဒေသ များတွင် နားမျက်စိ ကြီးသူများက မြေ ယာရယူ ဖော်ဆောင်သည့် စီမံကိန်းများ သည်သာ မြေမြှုပ်မိုင်း မရှိသော နေရာ များ၊ လွယ်လင့်တကူရောက်သော နေရာ များတွင် ရွေးချယ်အကောင်အထည်ဖော် သည်ဆိုပါစို့။ ကျန်မည့်မြေမှာ သစ် တောကြိုးဝိုင်းနှင့် ဒေသခံအများ မိရိုး ဖလာ အစဉ်အဆက်ထိန်းသိမ်းခဲ့သော သစ်တောမြေများသာ ဖြစ်သည်။

 

တခြား မြေဧရိယာများကို ဆီအုန်းကဲ့သို့သော စက်မှုသီးနှံ စိုက်ခင်းများက နေရာဦးထား ပြီး ဖြစ်သည်။ကားလမ်းမမှ နယ်စပ်အထိ တစ်ဦး တည်းပိုင်သော မြေများအကြောင်းကို မိတ်ဆွေ ကြားဖူးသည် မဟုတ်လား။  ဒေသခံများ အလုပ်အကိုင်အခွင့် အလမ်းဟု ဆိုကြသော်ငြား ” လက်တွေ့ မှာတော့ ဟုတ်ပါ့မလား မောင်ကာဠုရဲ့ ” ဟု မေးရမလိုပင် ဖြစ်သည်။ စစ်အတွင်း ရွာတွင် ကျန်ခဲ့သူများကကော။ တစ်ဘက် နိုင်ငံသွားသူသွား၊ မြို့တက် အသက်မွေး သူမွေးနှင့် ဥတကွဲ သိုက်တပျက် ။ ကျန်ခဲ့ သူများမှာသာ အားတင်းရင်း နေခဲ့သည်။ တစ်နေ့ ယခင်လို အေးအေးချမ်းချမ်း    နေရလိမ့်နိုးဖြင့် ။ယခု ဇာတိရပ်ရွာများသို့ အသီးသီး ပြန်လာနေကြပြီ။အခက်ခဲများစွာ ရှိနေဆဲ ဖြစ်ပါ သည်။ ဥပမာ ဆိုရလျှင် ရေဖြူမြို့နယ် အတွင်းက ကျေးဇူးတော်ကျေးရွာ။ အိမ် တိုင်းတစ်ယောက် ပေါ်တာ လိုက်ရသော ရေးထားဝယ် ရထားလမ်း စီမံကိန်း၊ ထိုင်းကို ရောင်းမည့် သဘာဝဓာတ်ငွေ့ စီမံကိန်းများနှင့် မရှေးမနှောင်းစစ်ပွဲများ ကြား မြေစာပင်ဖြစ်ခဲ့သော ရွာ တစ်ရွာ ဖြစ်၏။

 

 

ရွာသားများ ရွာကို ပစ်ပြေးရစဉ် အတွင်း အစိုးရက ရွာနေရာကို ကုမ္ပဏီ တစ်ခုအား ဆီအုန်းစိုက်ရန် မြေနေရာခွင့် ပြုလိုက်သည်။ ပြီးခဲ့သည့် နှစ်နှစ်ခန့် အတွင်း ရွာသားများ ပြန်လာသောခါ တိုင်းရင်းသားဝန်ကြီးက ကမကထပြု၍ ရွာပြန်တည်ကြသည်။ စိုက်ကြပျိုးကြ ပြန်လည်ထူထောင်ကြ။ နောက်ဆုံး ကုမ္ပဏီက ပိုင်နက်ကျူးလွန်မှုဖြင့် တရား ပြန်စွဲသည်။ ယခုအထိတော့ ရွာသား များ တရားရုံးတက်အစစ်ခံ အလုပ်ပျက် စိတ်ဆင်းရဲ ရခြင်းသာ ဖြစ်သည်။ထိုမြေကို မည်သူပိုင်သနည်း။ မည်သူ့ ထံ တာဝန်ရှိပါသနည်း။IDPs များ ပြန်လည်အခြေချ နေ ထိုင်ရန် ပလောက်က တောင်နီရွာတွင် ဆောက်နေသည့် အိမ်များ ကိစ္စသည် လည်း ထိုနည်းလည်းကောင်းပင်။ တစ် ခွန်းတည်းပြောလျှင် ထိုသို့ ဖြစ်ရပ်များ သည် မည်သူ့အတွက်မျှ အကျိုးမရှိပါ။ မှားသည် မှန်သည် တစ်ကဏ္ဍ။

 

သယံဇာတကျိန်စာသင့်ပါက စစ်ပွဲ များ အဓွန့်ရှည် လူထုမှာ ဆင်းရဲအတိဖြင့် လူတန်းမစေ့ ဖြစ်ရသည်ကို ကမ္ဘာတစ်ဝှမ်း သင်ခန်းစာများစွာ ရှိပြီးဖြစ်သည်။ ကိုလံ ဘီယာတွင် နှစ်ဆယ်ချီ စစ်တိုက်လာသော သူပုန်များနှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲရလဒ်အဖြစ် ယခုနောက်ဆုံး သဘောတူညီချက်တွင် မြေယာပြုပြင် ပြောင်းလဲမှု လုပ်ရန်ဟု ပါသည်။မြေယာနှင့် သယံဇာတ ကဏ္ဍသည် ထိလွယ်ရှလွယ် ကျန်သည့် လူမှုစီးပွား ဘ၀အထွေထွေနှင့်ယှက်နွယ် ဆက်စပ် လျှက်ရှိသည်။စစ်ဘေးဒဏ်သင့် ပြည်သူများပြန် လာကြသောအခါ ၎င်းတို့ မှီခိုအားထား ပြုနိုင်ရန် ရေရှည်တည်တံ့သော စီးပွား ကဏ္ဍကို အားပေးရန် လိုပါသည်။ လှပ သော တောတောင် အရင်းအမြစ်များ ရှိသောဌာနေ၊ ရိုးသားသော တိုင်းရင်းသား များ၏ ဇာတိသည် မျက်နှာငယ်ရမည့် ဒေသမဟုတ်ပါ။ အလားအလာကောင်း များစွာ ရှိ၏။

 
ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးရန်၊ ဒေသ ထွက်ကုန်လုပ်ငန်း မြှင့်တင်ရန်၊ ရိုးရာ မပျက် ဖွံ့ဖြိုးရန် ။
သို့သော် တစ်ခုတော့ ရှိသည်။အတိတ်မှ သင်ခန်းစာ ယူတတ်ပြီး အနာဂတ် အလားအလာကောင်းများကို    မြင်တတ်ရန် ဖြစ်သည်။မြင်တတ်သူများ လုပ်တတ်ပါစေ ကြောင်း ဆုတောင်းရပါသည်။ မဟုတ် ပါက ယောဟန်အောင်၏     ကဗျာ နောက် ဆုံးအပိုဒ်ကိုပင်      အဖန်ဖန် ပြန်ကိုးကား ရဦးမည် ဖြစ်သည်။
” မင်းတို့ တပ်မှူးကျလို့
မြှုပ်ခဲ့တဲ့နေရာလား
အဲသည်မှာ မတွေ့လား
အခု ဘူဒိုဇာရပ်ထားတဲ့ နေရာလေ “