သတ်မှတ်ချက်မညီသည့် ဆေးလိပ်နှင့် ကွမ်းစားဆေးများ အရေးယူမည့်အစီအစဉ် အချိန် ၆ လ ဆိုင်းငံ့

0
379

သတ်မှတ်ထုပ်ပိုးမှုပုံစံနှင့် မညီ ညွတ်သည့် ဆေးလိပ်နှင့် ကွမ်းစားဆေး များကို အရေးယူမည့် အစီအစဉ်အား အချိန် ၆ လ ဆိုင်းငံ့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။


ဆေးလိပ်နှင့်  ဆေးရွက်ကြီးထွက် ပစ္စည်းများ (ဥပမာ-နိုင်တီတူး၊ ဘာဘာ စသည့် ကွမ်းစားဆေးများ) ကို သတ် မှတ်ထုပ်ပိုးမှုပုံစံဖြစ်သည့် ဆေးလိပ် သောက်သုံးခြင်းနှင့် ဆေးရွက်ကြီး စား သုံးခြင်းတို့၏ ဆိုးကျိုးများကို သတိပေး ထားသည့် ရောဂါ လက္ခဏာပုံများဖြင့် ထုပ် ပိုးရောင်းချရမည် ဖြစ်သည်။ယခင်က စက်တင်ဘာလ ၁ ရက် တွင် စတင်အရေးယူမည်ဟု လျာထား သော်လည်း စက်တင်ဘာလ မတိုင်မီ ဈေးကွက်အတွင်း ရောက်ရှိနေသည့် ပစ္စည်းများအတွက် အချိန် ၆ လ ဆိုင်း ငံ့လိုက်ခြင်းဖြစ်ပြီး ၂၀၁၇ မတ်လ ၁ ရက်တွင်စတင်ဖမ်းဆီး အရေးယူမည်ဖြစ် ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတိုင်းဦးစီးမှူး ဒေါက် တာကျော်ဇေယျက ပြောသည်။

betal
” အမိန့်က စက်တင်ဘာလ ၁ ရက် မှာ စပြီး အသက်ဝင်တယ်။ ဒါပေမယ့် ပုံတွေ စာတွေကပ်တာကတော့ အဆင် သင့် မဖြစ်သေးဘူး။ ၆ လဆိုင်းငံ့မယ်။ ၆ လပြီးရင်တော့ သိမ်းဆည်းတာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်သွားမယ်”  ဟု ဒေါက်တာကျော်ဇေယျက    ပြော သည်။
ဆေးလိပ်နှင့်    ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပ ဒေကို ၂၀၀၆ ခုနှစ် မေလ ၄ ရက်က ပြဋ္ဌာန်းခဲ့ပြီး ဆေးလိပ်ထုပ်တွင် သတိပေး ရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်း ဆိုင်ရာ အမိန့်ကြော်ငြာစာ ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ အမိန့်ကြော်ငြာစာအရ ယင်းအမိန့်သည် ထုတ်ပြန်ချိန်မှ ၆ လ မြောက်ဖြစ်သည့် စက်တင်ဘာလ ၁ ရက်တွင် စတင် အကျိုးသက်ရောက် မည်ဟု ဖော်ပြထားသည်။သို့သော်လက်ရှိတွင်မူ စက်တင် ဘာလ ၁ ရက် မတိုင်မီအချိန်အထိ ဈေး ကွက်အတွင်းရောက်ရှိနေသည့် ပစ္စည်း များအတွက် အချိန် ၆ လ ထပ်ဆိုင်း လိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ကျော် ဇေယျက ပြောသည်။
” စက်တင်ဘာလ ၁ ရက်မတိုင်ခင် ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့တယ်။ ဒီ ၆ လထဲမှာလည်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပညာပေးလုပ်ငန်းတွေ လုပ် သွားမယ်”  ဟု ၎င်းကဆိုသည်။ဆေးရွက်ကြီးထွက်ပစ္စည်းများဖြစ် သည့် နိုင်တီတူး၊ ဘာဘာစသော ကွမ်း စားဆေးများသည် ဒေသတွင်း ကွမ်းစား သူများ အဓိက စားသုံးကြသည့်ဆေးများ ဖြစ်သည်။” ဖမ်းမယ်အသံကြားတော့ ခဏ လောက်တော့ အဲဒီဆေးတွေ မရောင်း တော့ဘူး။ နောက်တော့ ပြန်ရောင်းနေကြ တာပဲ” ဟု ထားဝယ်မြို့မှ ကွမ်းစားသူ လူငယ်တစ်ဦးက ပြောသည်။

 
သတ်မှတ်ထုပ်ပိုးမှုပုံစံဖြင့် မညီ ညွတ်သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများကို ရောင်းချခြင်းပြု လုပ်ပါက ပထမအကြိမ်ကျူးလွန်လျှင် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ် သုံးသောင်းအထိ ချမှတ်နိုင်ပြီး ဒုတိယ အကြိမ်ကျူးလွန်ပါက ၁ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့်ငွေဒဏ် ကျပ်သုံးသောင်း မှ တစ်သိန်းကျပ်အထိ ချမှတ်နိုင်ကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေတွင် ဖော်ပြထားသည်။