ကော့သောင်းခရိုင်အတွင်း ဆေးဖြတ်ရန် စာရင်းပေးသူ ၇ ဦးသာရှိသေး

0
377

ကော့သောင်းခရိုင်အတွင်း မူးယစ်ဆေးဝါးဖြတ်လိုက စာရင်းပေးနိုင်သည့် အစီအစဉ်ကို ဩဂုတ်လ တတိယအပတ်ကတည်းက ကြေညာထားသော်လည်း  စက်တင်ဘာလ ၁ ရက်အထိ ဆေးဖြတ်ရန် စာရင်းပေးထားသူ ၇ ဦးသာ ရှိသေးကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မြတ်အောင်က ဆိုသည်။


မူးယစ်ဆေးဝါး သုံးစွဲသူ ၁၀၀ ထက်မနည်းရှိနေသော်လည်း ဆေးဖြတ်ရန် စာရင်းပေးသူ နည်းပါး လွန်းနေသည်ဟု ဒုရဲမှူးကြီးမြတ်အောင်က ပြောသည်။ ” ကာယံကံရှင် မိဘတွေ ကိုယ်တိုင်လိုလားစွာ ပါဝင်လာဖို့လိုတယ်”  ဟု ၎င်းက ဆိုသည်။
ဆေးဖြတ်ရန် စာရင်းပေးသွင်းထား သူများကို စက်တင်ဘာလ ၉ ရက်မှစပြီး သီးသန့်လူနာဆောင် ထားကာ ကုသပေးသွားမည်ဟု သိရသည်။

ဆေးဖြတ်မည့် အစီအစဉ်ကို တနင်္သာရီတိုင်းတွင် ဩဂုတ်လမှ စတင်ခဲ့ပြီး ဆေးဖြတ်မည့်သူများသည် ဆေးရုံနှင့်လည်း တိုက်ရိုက်ဆက်သွယ်နိုင်သလို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့များမှ တစ်ဆင့်လည်း ဆေးဝါးကုသမူခံယူနိုင်သည်ဟု ကော့သောင်း ခရိုင်ပြည်သူ့ဆေးရုံကုသရေးဌာနထံမှ သိရသည်။