အနာနှင့်ဆေး

0
465

” ဗမာလူမျိုးတွေ စည်းကမ်း မရှိဘူး။တွေ့ကရာ အမှိုက်ပစ်ကြတာပဲ”
အဆိုပါ ကဲ့ရဲ့ ပြစ်တင်စကားကို ပြောသူမှာ အနောက်တိုင်းသား တစ်ဦး မဟုတ်ပါ။ အကယ်၍ အနောက်တိုင်းသား တစ်ဦးဆိုပါက သူတို့နိုင်ငံနှင့် နှိုင်းယှဉ် ပြီး ပြောတာမို့ နားလည်ခွင့်လွှတ် နိုင်ပေ မယ့် ယခုလို ပြောကြားသူမှာ မြန်မာ တစ်ဦး ဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း မြန်မာစစ်စစ် တစ်ဦးမို့ နာလိုခံခက် ရှိလှပေသည်။

သို့သော် သူပြောသလိုပင် ရပ်ကွက်အတွင်း ခြံစည်းရိုး ခတ်မထား သော မြေကွက်လွတ်တိုင်း၌ အမှိုက်ပုံကြီး များ ဟည်းထနေတတ် သလို ရပ်ကွက် တွင်းရှိ ရေစီးရေလာ ကောင်းမွန်သော ရေမြောင်းကြီးများ၌လည်း ” အမှိုက် မပစ်ရ၊ တွေ့ရှိပါက ဒဏ်ငွေ……”  ဟူ သော သတိပေး ဆိုင်းဘုတ်များ စိုက်ထူ ထားရသောကြောင့် သူ့စကားကို လက် မခံချင်ဘဲ လက်ခံလိုက်ရပါသည်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဘာကြောင့် စည်းကမ်း မရှိကြတာလဲ။မျိုးရိုးဗီဇကြောင့်လား၊ ဒါမှမဟုတ် ပတ်ဝန်းကျင် ကြောင့်လား။
ဤနေရာတွင် ကျွန်တော့် အတွေ့ အကြုံတချို့ကို အနည်းအကျဉ်း ပြောပြ ချင်ပါသည်။

 

တစ်ခါတုန်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့လေးသို့ ကျွန်တော် အလည် အပတ် ရောက်ရှိခဲ့ပါသည်။ တကယ်တမ်း ရနောင်းဆိုသော မြို့လေးမှာ မြန်မာနိုင်ငံ တောင်ဘက်စွန်းရှိ ကော့သောင်းလိုပင် ထိုင်းနိုင်ငံ အစွန်အဖျားရှိ နယ်စပ်မြို့လေး တစ်မြို့ ဖြစ်ပါသည်။အဆိုပါ ရနောင်းမြို့ မှာ မဆလခေတ်ဦးက ရွာငယ်ဇနပုဒ် အ ဆင့်သာ ရှိလေသည်။သို့သော် မဆလ ခေတ်တစ်လျှောက်လုံး တနင်္သာရီတိုင်းမှ ထွက်သမျှ ရေထွက်ပစ္စည်းနှင့် ရာဘာကို မြန်မာများက မှောင်ခိုစက်လှေများဖြင့် ရနောင်း၌ သွားရောက်ရောင်းချပြီး ထိုင်း နိုင်ငံထုတ် လူသုံးကုန်စည် အမျိုးမျိုးကို ရနောင်းမှ ဝယ်ယူကာ မြန်မာနိုင်ငံထဲသို့ တိတ်တဆိတ် ခိုးသွင်းရ လေသည်။

 

ထိုသို့ မြန်မာတို့ထံမှ နှစ်သီးစားခဲ့ရသော ပွဲစား ရနောင်းမြို့လေးမှာ ယခုဆို တစ် မြို့လုံး ဘယ်နေရာ ကြည့်ကြည့် ချိုင့်ခွက် ကင်းသော နိုင်လွန်ကတ္တရာလမ်း၊ ၂၄နာရီ လျှပ်စစ်မီးနှင့် တိုးတက်ချင်တိုင်း တိုး တက်နေပါတော့သည်။
ကော့သောင်းဆိပ်ကမ်းမှ ပဲ့ချိတ် တစ်စီးဖြင့် မနက် ၈နာရီတွင် ထွက်ခွာခဲ့ သော ကျွန်တော်သည် နှစ်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဂိတ်များကို ကျော်ဖြတ်ပြီး မနက်၉ နာရီခန့်တွင် ရနောင်းမြို့ ဖန်ဖ လား ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။ ဖန်ဖလားဆိပ်ကမ်းမှ ရနောင်းမြို့ပေါ် ရောက်ရောက်ချင်း ကျွန်တော် သတိထား မိသည်မှာ လမ်းဘေး ဝဲယာတစ်လျှောက် အစီအရီရှိနေသော အမှိုက်ပုံးကြီးများ ဖြစ်ပါသည်။ ထိုသို့ အမှိုက်ပုံးများ တစ်မြို့လုံးအနှံ့ ထားရှိပေးသောကြောင့် ထိုင်း လူမျိုးများ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြသလို အမှိုက်သိမ်း ယာဉ်များ ကလည်း နေ့စဉ် မပျက်မကွက် အမှိုက် သိမ်းပေးသောကြောင့် လမ်းမများမှာ ပြောင်သလင်းခါပြီး အမှိုက်တစ်စမှ မရှိပေ။

 

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြင်တွေ့ နေကျ ယင်တလောင်းလောင်း၊ ကြွက်တွေ ခွေးလေခွေးလွင့်တွေ တသော သောနှင့် ညစ်ပတ်ချင်တိုင်း ညစ်ပတ် နေသော အမှိုက်ပုံကြီးများကား သူတို့ ဆီမှာ တကူးတက လိုက်လံရှာဖွေတောင် တွေ့ရဖို့ လမ်းမမြင်။ ထိုသို့ နေရာတကာ အမှိုက်ပုံးများရှိသော တိုင်းပြည်၌ အမှိုက်ပုံကြီးများ မတွေ့ရခြင်းမှာ ဘာမှ မထူးဆန်းသလို အံ့ဩစရာလည်း မဟုတ်။ ထိုအပြင် တဒင်္ဂ မြင်တွေ့ကြား သိရသမျှ အပေါ်မူတည်ပြီး ထိုင်းလူ မျိုးတွေဟာ မြန်မာလူမျိုးတွေထက် စည်းကမ်းရှိတယ် ဟူသော ဒရောသော ပါးကောက်ချက် မျိုးကို ကျွန်တော် မချချင်ပါ။ အကယ်၍ များ ကျွန်တော် တို့ဆီမှာလည်း သူတို့လို အမှိုက်ပုံးများ နေရာတကာ ထားရှိပေး ပါက၊ အမှိုက်သိမ်းယာဉ်များ နေ့စဉ် မှန်မှန် အမှိုက်သိမ်းပေးပါက အမှိုက် ပုံကြီးများ မြင်တွေ့စရာ အကြောင်းမရှိဟု ထင်ပါ သည်။
နောက်ထပ် ကိုယ်တွေ့ အဖြစ် အပျက်လေး တစ်ခုအကြောင်း ပြောပြချင် ပါသေးသည်။ မကြာမီ ကာလက စည်ပင် သာယာဈေးမှ ကျွန်တော့် ဆိုင်နီးချင်း တစ်ဦး မှန်လုံကာ၊ ကြွေပြားခင်း၊ အဲကွန်း တပ်ဆင်ထားသော ရှော့ပင်းစင်တာ တစ်ခုတွင် ဆိုင်ခန်းတစ်ခန်း ဝယ်ယူ လိုက်ပါသည်။ ကျွန်တော့် ဆိုင်နီးချင်းမှာ စည်ပင်သာယာဈေး၌ ဖိနပ်မျိုးစုံ ရောင်း ချပြီး စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်တတ်သူ တစ်ဦးဖြစ်ပါသည်။ ၎င်းမှာ မနက်စော စော ဆိုင်ခင်းပြီးချိန်မှ ညနေ ဆိုင်သိမ်း ချိန်ထိ သူ့ဆိုင်မှ ထွက်ရှိသမျှ စက္ကူစုတ် များ၊ ကြွပ်ကြွပ်အိတ်များ အပြင် စားကြွင်း စားကျန်များကိုပါ ကြုံရာ စွန့်ပစ်လေ့ ရှိသောကြောင့် သူ့ဆိုင် ပတ်ဝန်းကျင် သည် ကြွက်အပေါင်းတို့၏ ရိက္ခာဂိုဒေါင် တစ်လုံးလို ဖြစ်နေတတ် ပါသည်။ တစ်ခါတစ်ရံ စည်ပင်ဝန်ထမ်းများ အမှိုက် လာ မသိမ်းဖြစ်ပါက နောက်နေ့ဆို သူ့အမှိုက်ပုံမှ အနံ့ဆိုးများ တထောင်း ထောင်းထကာ အော်ဂလီ ဆန်စရာ ကောင်းလှပေသည်။
သို့သော် များမကြာမီက ကျွန်တော့် ဆိုင်နီးချင်းမှာ စည်ပင်ဈေးထဲမှ သူ့ဆိုင် ခန်းကို ငှားလိုက်ပြီး ရှော့ပင်းစင်တာ၌ ဖိနပ်ဆိုင် သွားရောက် ဖွင့်လှစ်ခဲ့ပါသည်။တစ်နေ့ စည်ပင်ဈေးပိတ်ရက် တနင်္ဂနွေ နေ့တွင် ရှော့ပင်းစင်တာသို့ ကျွန်တော် ရောက်ရှိခဲ့ပါသည်။ သူတို့ ရှော့ပင်း စင်တာမှာ ပုဂ္ဂလိကဈေးမို့ နေ့ကြီး ရက်ကြီး တချို့မှ လွဲ၍ ပိတ်ရက်မရှိချေ။ ထိုနေ့က ရှော့ပင်းစင်တာထဲ ဟိုငေးဒီငေး နှင့် ကျွန်တော့် ဆိုင်နီးချင်း၏ ဖိနပ်ဆိုင် ရှေ့ ရောက်တော့ သတိထားမိသည်မှာ စည်ပင်ဈေးမှာ တုန်းကလို သူ့ဆိုင်ရှေ့မှာ အမှိုက်ပုံကြီး မတွေ့ရခြင်း ဖြစ်ပါသည်။ ယခင်စည်ပင်ဈေးမှာတုန်းက စည်းမဲ့ ကမ်းမဲ့ အမှိုက်ပစ်ချင်တိုင်း ပစ်ချတတ် သော ကျွန်တော့် ဆိုင်နီးချင်းမှာ အဘယ် ကြောင့် ချက်ချင်းလက်ငင်း စည်းကမ်း သေဝပ်သွားရ ပါသနည်း။
ဖြစ်နိုင်ချေ တစ်ခုမှာ အမှိုက်ပစ်ချ ရက်စရာ မရှိလောက်အောင် ခမ်းနား သော ပတ်ဝန်းကျင်က သူ့ကို ရောမ ရောက် ရောမသားတစ်ဦးလို နေထိုင် ကျင့်ကြံတတ်အောင် သင်ကြားပေးခဲ့ပုံ ရလေသည်။ ထိုကြောင့် လူတစ်ဦး အကျင့် စာရိတ္တကောင်းခြင်း မကောင်းခြင်း၊ စည်းကမ်းရှိခြင်း မရှိခြင်းဟူသည် ဗီဇ ကြောင့် ဖြစ်နိုင်သလို ပတ် ဝန်းကျင် ကြောင့်လည်း ဖြစ်နိုင်ကြောင်း သတိမူ သင့်ပါသည်။ ထိုနေ့က ရှော့ ပင်းစင်တာမှ အပြန်တွင် စိတ်ကူးယဉ် မိသည်မှာ အကယ် ၍များ ကျွန်တော်တို့အနေနှင့် အမှိုက် ပစ်ချရက်စရာ မရှိလောက်အောင် ခမ်းနား သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး နိုင်ပါက  ထိုပတ်ဝန်းကျင် အရှိန်အဝါ ကြောင့် အမှိုက်ကို စည်းစနစ်တကျ စွန့် ပစ်တတ်သော မျိုးဆက်များ ရရှိဖို့ အချိန် သိပ်များများ စောင့်စရာမလို ဟူ၍ပါ။
တစ်လောက စာပေလူကြမ်းမင်း သားဟု လူသိများလှသော ဆရာဦးအောင် သင်း၏ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက် ရပါသည်။ ဆရာဦးအောင်သင်းသည် တစ်ချိန်က မေမြို့ စစ်တက္ကသိုလ်တွင် မြန်မာစာ နည်းပြအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ ဖူးပါသည်။ အဆိုပါ မေမြို့ စစ်တက္ကသိုလ်၌ စစ်ခွေးတွေကို မိုင်းရှာ နည်း သင်ပေးသော သင်တန်းတစ်ခု ရှိ လေသည်။ ထိုသင်တန်းရှိ ခွေးအားလုံးမှာ အယ်လ်ဇေးရှင်းများ ဖြစ်နေသောကြောင့် ဆရာဦးအောင်သင်းက စစ်ခွေးသင် တန်းကျောင်းနည်းပြ ဗိုလ်ချစ်မောင်ကို ယခုလို မေးမြန်းပါသည်။
သင်း ။     ။ ခင်ဗျားတို့ Mentality  တွေသိပ်ကောင်းတယ်။ ခွေးတွေကလည်း တော်တယ်။ ဒါပေမဲ့ ခွေးတွေ ကြည့်လိုက် တဲ့အခါ အားလုံး အယ်လ်ဇေးရှင်းတွေ ချည်းဖြစ်နေတယ်။ ဗမာခွေးတွေရော လေ့ကျင့်ပေးလို့ မရဘူးလားဗျ။
မောင် ။     ။ဟား…သိပ်ရတာပေါ့ ဆရာရယ်။ ကျွန်တော်တို့ ဗမာခွေးတွေ လည်း သင်ပေးလိုက်ရင် အလွယ်တကူ တတ်မြောက်ကြတာပဲ။ Very Intelligent ပါဆရာ။
သင်း ။     ။ဒါဖြင့် ခင်ဗျားတို့ ဘာလို့ ဗမာခွေး မသုံးဘဲ အယ်လ်ဇေးရှင်း တွေချည်း သုံးနေရတာလဲ။
မောင် ။     ။ ဗမာခွေးက ဗမာလိုပဲဗျ။ အကုန်တတ်တယ်။ ဒါပေမဲ့ ဘယ်လောက် အမိန့်ပေးပေး စိတ်ကူး မပေါက်ရင် ဘာမှလိုက်မလုပ်ဘူး။ကျွန်တော်တို့က စစ်မြေပြင်မှာ သုံးရတာ ဆိုတော့ စိတ်ကူးပေါက်မှ ထလုပ်လို့ မရဘူး။ ဒါကြောင့် မသုံးတာပါ။
သင်း ။     ။ဟုတ်လား။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။
မောင်။     ။ဒါကတော့ဗျာ၊ ကျွန်တော်တို့က ခွေးတွေကို နှိမ့်ချဆက် ဆံတယ်။ ခွေးက ခွေးကတက်မှာနေ၊ လူနားမလာနဲ့။ ကျန်မှစား၊ဒီလိုသဘောထားကြတာ။ဒါကြောင့် ခွေးတွေရဲ့ Mentality ကအလိုလိုနေရင်း အလိုလို နိမ့်သွားတာပေါ့။ ကျွန်တော်တို့ သင်တန်း မှာက ခွေးနဲ့လူ တစ်သားတည်းပဲ။ သူ့ခွက်ကိုယ်စား၊ကိုယ့်ခွက်သူစားဖို့ ဝန်မလေးဘူး။ ဒါကြောင့် ခွေးတွေရဲ့ Mentality လည်း မြင့်လာတာပေါ့။
ခွေးသင်တန်းနည်းပြ ဗိုလ်ချစ်မောင် ၏ စကားကြောင့် ကျွန်တော်အတော် လေး အားတက်မိပါသည်။ ဗမာခွေးများ သည် အယ်လ်ဇေးရှင်းများကို ယှဉ်နိုင် သလို ကျွန်တော်တို့ မြန်မာလူမျိုးများ သည်လည်း အနိမ့်ဆုံး ထိုင်းလူမျိုး တွေ လောက်ကို မယှဉ်နိုင်စရာ အကြောင်း မရှိ။မြန်မာဆိုတာ နဂိုက မျိုးရိုးဗီဇ ညံ့ ဖျင်းသော လူမျိုးမှ မဟုတ်တာ။ သို့သော် အဆိုပါ ဆောင်းပါးကို ဆက်ဖတ်မိ သောအခါ ကျွန်တော် သက်ပြင်းတစ်ချက် လေးလေးပင်ပင် ချမိပါသည်။
သင်း ။     ။ဗိုလ်ချစ်မောင်ရယ်၊ဒါဖြင့် ကျုပ်တို့ ခွေးတွေကို အဆင့်မြင့်ပြီး ဆက် ဆံရင်ကော မရဘူးလား။anar_and_medicine
မောင် ။    ။ဒါတော့ဆရာရယ်၊ ဆရာနဲ့ ကျွန်တော် နှစ်ယောက်တည်း လုပ်လို့ ဖြစ်တာ မဟုတ်ဘူး။ တစ်ပြည် လုံးမှာရှိတဲ့ လူတွေ အားလုံး ကျွန်တော်တို့ သင်တန်းက ခွေးတွေကို ဆက်ဆံသလို ဆက်ဆံဦးမှဗျ။ အဲဒါလည်း ခွေးမျိုးဆက် တစ်ဆက်တည်း မရဘူး။

အနည်းဆုံး ခွေးမျိုးဆက် ၁၅ ဆက်လောက်မှ ဒီခွေး တွေရဲ့ စိတ်ဓာတ်က မြင့်လာမှာ။ ဆရာ ဒီလို ဖြစ်အောင် လုပ်နိုင်မလား။
ထိုနေ့က အနာနှင့်ဆေး မတွေ့ သေးသော ကျွန်တော်တို့ဆီက အမှိုက် ပြဿနာကို တစ်ယောက်တည်း ဥာဏ်မီ သလောက် တွေးရင်း အတွေးဝင်္ကပါထဲမှာ  ချာချာလည်လျက်။