လူဖြစ်ခွင့်ပေးပါ

0
677

ဝေလရဲ့ လူဖြစ်ခွင့်ပေးပါဆိုတဲ့                   သီချင်းနာမည်ကို ခွင့်မတောင်းဘဲနဲ့ ဆောင်းပါး ခေါင်းစဉ်အဖြစ် ယူသုံးမိပါပြီ။ သီချင်းရဲ့သံစဉ်ကောင်းသလို စာသား ကလည်း ကြားရသူတိုင်းကို ကရုဏာ သက်စေပါတယ်။ သတင်းအကြောင်းအရာ လေးတစ်ခုက ဒီဆောင်းပါးရေးဖြစ်ဖို့ တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ကိုယ်ဝန် ဖျက်ချသေဆုံးမှုနှင့် ပတ်သက်၍ ပါဝင် ပတ်သက်သူ သုံးဦးအား အမှုဖွင့်အရေး ယူဆိုတဲ့ သတင်းပါ။ ဩဂုတ်လ ၉ ရက် နေ့က မကွေးမြို့မှာ ဖြစ်ခဲ့တာပါ။ သေ ဆုံးအမျိုးသမီးငယ်မှာ မကွေးမြို့နယ် ထဲက ရွာလေးတစ်ရွာက အသက် ၁၈နှစ် ရွယ် ဒုတိယနှစ် (သင်္ချာ) ကျောင်း သူလေးပါ။ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဖျက်ချပေး ခဲ့တာဖြစ်ပြီး သွေးလွန်ပြီး သေသွားတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ခန့်မှန်း ပါတယ်။ အမျိုးသမီးနဲ့အတူ အရေးယူ ခြင်း ခံရသူနောက် နှစ်ယောက်ကတော့ ကောင်လေးတွေပါ။ ဒီလောက်ဆိုရင် တော့ အခြေအနေ အရပ်ရပ်ကို ဆဝါးနိုင် ပြီလို့ ထင်ပါတယ်။
အလားတူဖြစ်ရပ်မျိုး ကျွန်တော် တို့ အရပ်ဒေသမှာလည်း ဖြစ်ပျက်နေ ကြတာ ကို အားလုံးမြင်ကြ ကြားကြရမှာပါ။ ကျွန်တော် ဒီဆောင်းပါးကိုရေး တာဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက် နစ်နာစေလိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ အလားတူ အဖြစ်မျိုး မဖြစ်အောင် ဆင်ခြင်နိုင်ဖို့ သင်ခန်းစာယူနိုင်ဖို့ ရည်ရွယ်ရင်းပါ။ နောက်တစ်ချက်က အချိန်မတိုင်ခင် ကြွေလွင့်သွားရတဲ့ ကြယ် လေးတွေအတွက် နှမြောလွန်းလို့ပါ။ အသက်လေးတွေက ငယ်ငယ်ရွယ်ရွယ်။ နောက်ပြီးတော့ ပညာတတ်တက္ကသိုလ် ကျောင်းသူလေးတွေ။

 

ဒီအရွယ်ထိရောက် အောင် မိဘတွေမှာ ဘယ်လောက်ထိ ပင်ပန်းဆင်းရဲခံပြီးတော့ ပြုစုစောင့် ရှောက်ခဲ့ရသလဲ ဆိုတာကို သားသမီးရှိတဲ့ မိဘတိုင်းကိုယ်ချင်းစာမိမှာပါ။ နောက်ပြီး တော့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီး ရဲ့ အနာဂတ်ဟာ ပုခက်လွှဲတဲ့လက်တွေ ထဲမှာပါ။ အမျိုးသမီးတွေ ပညာတတ်ပြီး ဥာဏ် အမြော်အမြင်ကြီးလေလေ ကျွန် တော်တို့ ကမ္ဘာကြီးရဲ့ အနာဂတ်ဟာလည်း ပိုလှလေလေပါပဲ။ အလားတူပါပဲ ကျွန် တော်တို့ နိုင်ငံအတွင်းက အမျိုးသမီး တွေရဲ့ အနာဂတ်လှပလေလေ ကျွန်တော် တို့ နိုင်ငံရဲ့ အနာဂတ်ဟာလည်း ပိုပြီး လှပလေလေ ဖြစ်မှာပါ။

let_me_be_human
သာဓကတစ်ခု အနေနဲ့ ပြရမယ် ဆိုရင်  ဒေါ်ခင်ကြည်လို အမျှော်အမြင် ကြီးမားပြီးတော့ ထက်မြက်တဲ့ မိခင် ကောင်းတစ်ယောက် မရှိခဲ့ဘူးဆိုရင် မြန်မာမှာသာမက ကမ္ဘာကပါ လေးစား တန်ဖိုးထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လိုမျိုး ခေါင်းဆောင်ကောင်းတစ်ယောက် ကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ပါ။ ဒါကိုကြည့်ခြင်းအားဖြင့် မိန်း ကလေးတွေရဲ့ အခန်းကဏ္ဍဟာ ဘယ် လောက် အရေးကြီးသလဲဆိုတာ သိမှာပါ။ ဒါကြောင့် မိန်းကလေးတွေရဲ့ဘ၀ကို တန်းဖိုးထားပြီးတော့ မြှင့်တင်ပေးဖို့၊ စောင့်ရှောက်ကာကွယ်ပေးဖို့ အားလုံးကို တိုက်တွန်းလိုပါတယ်။
ယနေ့ခေတ်ရဲ့ စူပါပါဝါဟာ အမျိုးသမီးတွေရဲ့ လက်ထဲကို တစ   တစနဲ့ ရောက်ရှိလာပါပြီ။ အရင်တုန်းက လိုမျိုး မိန်းကလေးတွေဟာ အိမ်ထဲမှာ ပဲနေပြီးတော့ အိမ်ထောင်မှု ကိစ္စကိုသာ ထိန်သိမ်းရမယ့်တာဝန် ရှိတဲ့ခေတ် မဟုတ်တော့ပါဘူး။ အခုခေတ် မိန်းက လေးတွေဟာ နိုင်ငံရေး၊ စီးပွားရေး အပါ အဝင် ကဏ္ဍပေါင်းစုံမှာ ယောက်ျားတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီးတော့ တာဝန် ယူပြနေတာကို ကျွန်တော်တို့အားလုံး မြင်နေကြရတာပဲ မဟုတ်ပါလား။
ကိုယ်ဝန်ဖျက်ချတာနဲ့ဆက်စပ်ပြီး စဉ်းစားကြည့်ရင် မရည်ရွယ်ဘဲ သို့မဟုတ် မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန်တွေဟာ ဖျက်ချလိုက်တာ များပါတယ်။ လက်ထပ် ပြီးတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတာ ဟာ စီးပွားရေး အဆင်မပြေလို့သော်လည်း ကောင်း၊ ပထမ ကလေးနဲ့ ဒုတိယကလေး နီးလွန်းလို့ သော်လည်းကောင်း၊ ကျန်းမာ ရေး အခြေအနေကြောင့်သော်လည်း ကောင်း ဖျက်ချဖို့ ဆုံးဖြတ်တတ်ကြပါ တယ်။ ကိုယ့်ယောက်ျားကို အသိပေး တိုင်ပင်တာရှိသလို မတိုင်ပင်ဘဲနဲ့ ကိုယ် ဘာသာကိုယ် ဖျက်ချဖို့ ဆုံးဖြတ်လိုက် တာတွေလည်း ရှိမှာပါ။ အိမ်ထောင်မပြုရ သေးတဲ့ မိန်းလေးတွေကတော့ အသက် အရွယ်၊ ပညာရေး၊ အလုပ်အကိုင်စသဖြင့် အဆင်သင့် မဖြစ်သေးတာမို့ဖြစ်ပြီး သူငယ်ချင်း တွေရဲ့ အကူအညီနဲ့ ဖျက်ချ ဖို့ လုပ်ကြရမှာပါ။
နောက်တစ်ချက်က ကိုယ်မှာ ကိုယ်ဝန်ရှိနေပြီ ဆိုတာကို မိဘဆွေမျိုး အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကို မသိ စေလိုတာကြောင့် ဖျက်ချလိုက်ကြတာ ပါ။ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်း မှာက လိင်ကိစ္စကို ပိုမိုသိရှိ နားလည် အောင်လုပ်တာ လိင်အကြောင်း ပြောတာ နဲ့ပဲ အဲဒီမိန်ကလေးရဲ့ ဣနြေ္ဒသိက္ခာဟာ အတော်လေးကျဆင်း သွားပြီလို့ သတ် မှတ်ကြတာပါ။ အခုလိုမျိုးသာ အပျို ဘ၀နဲ့ ကိုယ်ဝန်ဆောင်ထားရတယ် ဆို တာသိရင် ပိုပြီး ဆိုးရွားသွားစေနိုင်ပါ တယ်။ အဲဒီအမည်းစက်ဟာ   သူ့ဘ၀ တစ်လျှောက်လုံး အတူပါသွားတော့မှာ ပါ။ ဒါကို ကြောက်လို့ ကိုယ်ဝန်တွေကို ဖျက်ချကြရင်းနဲ့ပဲ အခန့်မသင့်တဲ့အခါ အသက်ပါ ပေးလိုက်ကြရတာပါ။ တစ်ခဏတာ သာယာမှုအတွက် တစ်ဘ၀ စာနဲ့ အလဲအထပ် လုပ်သွားရတာဟာ လုံးဝမတန်ပါဘူး။

 

ဒါကို အမျိုးသမီး ငယ်လေးတွေအနေနဲ့ ဆင်ခြင်ဖို့ လိုအပ် သလို အရှက်ကို အသက်နဲ့လဲဖို့ဆိုတာ တကယ် လိုအပ်သလားဆိုတာ စဉ်စားဖို့ သင့်ပါတယ်။ နောက်ပြီး ပြဿနာတစ်ခု ခုကြုံ လာရင် ကိုယ့်ထက် ပိုပြီး အသက်ကြီးသူ အတွေ့အကြုံရှိသူတွေနဲ့ ဆွေးနွေးတိုင် ပင်သင့်ပါတယ်။ အဖေ နဲ့ဆွေးနွေးလို့ အဆင်မပြေနိုင်တဲ့ကိစ္စဆိုရင် အမေနဲ့တိုင်ပင် သင့်ပြီး၊ အမေကို မပြောသင့်တဲ့ စကား ဆိုရင်လည်း အဖေ့ကို ပြောပြပြီးတော့ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ထင်ပါ တယ်။ အဖေအမေတွေကလည်း နား လည်ပေးသင့်ပါတယ်။ ကျွန်တော်တို့ တစ်တွေလည်း ပိုပြီးတော့ အမြင်ကျယ် နိုင်အောင် ကြိုးစားကြရတော့ မှာပါ။ အရှက်ကို အသက်နဲ့လဲမယ်ဆိုတဲ့  အယူ အဆမျိုးတွေဟာ သိပ်ခေတ်မမီတော့ ဘူးလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင် ကို ပြောရမယ်ဆိုရင်တော့ လူ့အသက် ထက်အရေးကြီးတာ ဘာမျှမရှိဘူးလို့ပဲ ဆိုချင်ပါတယ်။

 
မြန်မာနိုင်ငံမှာတော့ ကိုယ်ဝန်ဖျက် ချခြင်းကို ဆေးရုံတွေမှာရော အပြင်ဆေး ခန်းတွေမှာပါ တရားဝင်တားမြစ်ထား ပါတယ်။ ဆရာဝန်တစ်ဦးဟာ ကိုယ် ဝန်ဖျက်ချပေးကြောင်း ပေါ်လွင်ထင် ရှားမယ်ဆိုရင် သူ့ရဲ့ဆမလက်မှတ်ကို အသိမ်းခံရမှာဖြစ်သလို ထောင်ချခံရ မှာလည်း ဖြစ်ပါတယ်။ ဒီထက်ပိုဆိုး နိုင်တာက ဆေးလောကရဲ့ပုံရိပ် ဂုဏ် သိက္ခာကို ကျဆင်းစေသူအဖြစ် သတ်မှတ် ခြင်း ခံရနိုင်ပါတယ်။ ကျန်တဲ့ကျန်းမာရေး ဝန်ထမ်းတွေလည်း အတူတူပဲဖြစ်မှာပါ။

 
ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင် ဘေးကင်းလုံခြုံစွာ မလုပ်ကြပေမယ့် တရားမဝင်လုပ်ဆောင်ကြတာ များပါ တယ်။ ဆေးပညာကို စနစ်တကျ သင်ယူတတ်မြောက်ထားခြင်းမရှိတဲ့သူတွေနဲ့ ကိုယ်ဝန်ဖျက်ချတာတွေကို လုပ်ဆောင် ကြတာပါ။
ကမ္ဘာတစ်ဝန်းမှာတော့ ကိုယ်ဝန် ဖျက်ချတာနဲ့ပတ်သက်ပြီး အမြင်မတူတဲ့ အုပ်စု နှစ်စုရှိပါတယ်။ pro-choice နဲ့ pro-life ဆိုတဲ့အဖွဲ့တွေပါ။ pro-choice  အုပ်စုကတော့ ကိုယ်ဝန်ဖျက်ချ ခြင်းကို ထောက်ခံအားပေးတဲ့သူတွေပါ။ သူတို့ရဲ့ယူဆချက်က အမျိုးသမီး တစ်ဦး ဟာ သူမရဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ ရွေး ချယ်ခွင့် ရှိသင့်ရှိထိုက်တယ်လို့ ယုံကြည် ကြသူတွေပါ။ pro-life   အုပ်စုကတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ မည်သည့်အခြေ အနေမှာပဲဖြစ်ဖြစ် လူသတ်မှုမြောက် တာကြောင့် အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဖျက်ချဖို့ ခွင့်မပြုသင့်ဘူးလို့ ယူဆထားကြသူတွေပါ။

 
နိုင်ငံအားလုံးကတော့ လူမှုရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုသတ်မှတ် ချက်တွေနဲ့ ကိုယ်ဝန်ဖျက်ချတာကို ဆန့် ကျင်ကန့်ကွက်ကြတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ခြားနိုင်ငံတွေ လိုပဲ ခိုင်မာအားကောင်းတဲ့ ရိုးရာဓလေ့ ယုံကြည်မှုတွေအရ ကိုယ်ဝန်ဖျက်ချ ခြင်းဟာ တရားဝင်လည်းမဟုတ်တဲ့အပြင် အကျင့်ပျက်ယွင်းမှု တစ်ခုအဖြစ်လည်း သတ်မှတ်ကြပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများပီပီ၊ ဗုဒ္ဓရဲ့ အဆုံးအမတွေအတိုင်း သူတစ်ပါး အသက်ကို သတ်ခြင်းသည် ပါဏာတိ ပါတာကံ မြောက်တာမို့ မကောင်းမှု အ ကုသိုလ်သာ ဖြစ်တယ်လို့ ယူဆကြပါ တယ်။

 
သို့သော်လည်း မြန်မာနိုင်ငံမှာ လည်း တစ်ခြားနိုင်ငံတွေနည်းတူ ကိုယ် ဝန်ဖျက်ချတာတွေကို တရားမဝင်လုပ် ဆောင်နေကြပါတယ်။ တရားမဝင်အလုပ် ဖြစ်တာနဲ့အညီ ကိုယ်ဝန်ဖျက်ချရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေဟာလည်း လုံခြုံ မှုမရှိနိုင်ပါဘူး။ ကိုယ်ဝန်ဖျက်ချတဲ့ နေရာမှာ အသုံးအများဆုံး နည်းလမ်း ကတာ့ ရေမွှာအိတ်ကို ပေါက်ပြဲ ပျက်စီး သွားအောင် ချွန်ထက်တဲ့ အတံအချောင်း တစ်ခုခုနဲ့ မွေးလမ်းကြောင်း ကတဆင့် ထိုးသွင်းခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလိုသုံး တဲ့အတံ အချောင်းတွေကတော့ ဝါးတံ၊ စတီးချောင်း၊ သံချောင်း၊ သစ်ပင်ရဲ့ အကိုင်းအခက်ငယ်နဲ့ ထီးခရိုင်တံ လိုမျိုး တွေ အထိပါပဲ။ တစ်ခါတစ်ရံမှာ alter-native acid  တစ်မျိုးကို လောင်းထည့် ကြ တာလည်း ရှိပါတယ်။ အမျိုးသမီး တစ်ဦးဆိုရင် ကိုယ်ဝန်ဖျက်ချချင်လို့ သူမရဲ့ ကလေးသုံးယောက်ကို ဗိုက်ပေါ် မှာ အကြိမ် ၁၀၀လောက် တက်ခုန်ခိုင်း တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ပျက် ကျသွားပြီး နောက်ပိုင်းမှာ အတွင်းကိုယ် အင်္ဂါ အစိတ်ပိုင်းတွေ ပျက်စီးသွားကာ အသက်ပါပေးလိုက်ရပါတယ်။

 
ကိုယ်ဝန်ဖျက်ချလိုက်ခြင်းကြောင့် သွေးအဆိပ် တက်ခြင်းကို ခံစားရနိုင်ပါ တယ်။ ဆေးရုံတွေ၊ ဆေးခန်းတွေကို သွားပြီးတော့ ဆရာဝန်နဲ့ပြရင် အဆူခံရ မှာစိုးလို့၊ တချို့ကလည်း အဖမ်းခံရမှာ ကြောက်လို့ အချိန်လွန်မှ တစ်နည်း အားဖြင့် ကျောက်ကပ်ထဲကို ပိုးဝင်ပြီးမှ ဆေးရုံလာပြလို့ရှိရင် လူနာမှာ ဆီးမသွား နိုင်တော့ပဲ နောက်ဆုံးကျောက်ကပ် ပျက်စီးသွားပြီးတော့ အသက်ပါ ဆုံးရှုံး နိုင်တယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ် United Nations Population Fund (UNFPA)  အဖွဲ့ရဲ့ အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ ကလေး မွေးဖွားတဲ့ မိခင် ၁၀၀၀၀၀မှာ ၂၀၀ ဦးလောက် အသက်ဆုံးရှုံးရတယ်လို့ ဖော်ပြထားပါတယ်။  အဲဒီအထဲကမှ ၂၀ဦးဟာ ကိုယ်ဝန်ဖျက်ချလို့ အသက် ဆုံးရှုံးရတာပါ။

 

WHO အဖွဲ့ရဲ့ထုတ်ပြန်ချက် အရ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ ကိုယ်ဝန်ဖျက်ချသူပေါင်း သန်းပေါင်း ၄၀ မှ ၅၀အထိရှိနိုင်တယ်လို့ ခန့်မှန်း တွက်ချက် ထားပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်ကို ၁၂၅၀၀၀ဦးနှုန်းခန့် ရှိပါ တယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ၂၀၁၀မှ ၂၀၁၄ ခုနှစ်အတွင်း ကိုယ်ဝန်ဖျက်ချမှု ၂၇ ရာခိုင်နှုန်း သို့မဟုတ် ၁၅သန်းလောက် ဟာ လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကိုယ်ဝန်ဖျက် ချမှုနှုန်း အနည်းဆုံးဒေသကတော့ အ နောက် ဥရောပဒေသဖြစ်ပြီး ကိုယ်ဝန် ဆောင်အမျိုးသမီး ၁၀၀၀ မှာ ၁၂ ဦး နှုန်း ဖြစ်ပြီးတော့ အမြင့်ဆုံးဒေသကတော့ ဥရောပအရှေ့ခြမ်းမှာဖြစ်ပြီး ၁၀၀၀မှာ ၄၃ ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ အရှေ့တောင်အာရှဒေသကတော့ ၁၀၀၀ မှာ ၃၆ဦးနှုန်း ဖြစ်ပါတယ်။

 
အထက်ပါ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာပေါ်မှာ နေ့စဉ် ကလေးပေါင်း ၁၂၅၀၀၀လောက် ဟာ ဖျက်ချခြင်း ခံနေရပါတယ်။ အခုလို ဖျက်ချခြင်းခံရတာဟာ ကလေးရဲ့ အတိတ် ကံ အကြောင်းတရားကြောင့်လား၊ ဖျက်ချသူကပဲ မိခင်စိတ်မရှိလို့လား၊ ဆင်းရဲမွဲတေမှုကြောင့်လား၊ လက်မထပ် ရသေးသူတွေမှာတော့ ဖခင်ဖြစ်လာမယ့် သူက တာဝန်ယူလိုစိတ် ကင်းမဲ့တာ ကြောင့်လားဆိုတဲ့ လားပေါင်းများစွာက ဦးနှောက်ခြောက်စရာကောင်းသလို ဘယ်သူ့အပေါ်အပြစ်ပုံချရမှန်းတောင် မသိတော့ပါ။ ဖေ့စ်ဘွတ်ပေါ်မှာ တိရိ စ္ဆာန်လေးတွေ သူတို့ရဲ့ရင်သွေးလေးတွေ အန္တရာယ်တစ်ခုခုနဲ့ကြုံလာရင် မိမိရဲ့ အသက်ကိုတောင်မှ ပဓာနမထားပဲ ကာ ကွယ်ပေးကြတဲ့ ဗီဒီယိုဖိုင်လေးတွေ ကြည့်ကြဖူးမှာပါ။

 

အသိဥာဏ်နည်းပါးတဲ့ တိရိစ္ဆာန်လေးတွေတောင်မှ မိမိတို့ရဲ့ ရင်သွေးလေးတွေပေါ်မှာ ဒီလောက်ထိ မေတ္တာထားနိုင်ကြပေမယ့် ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ သတ္တဝါတွေထဲမှာ လူသားတွေဟာ အသိဥာဏ်အမြင့်မား ဆုံးလို့ ခံယူထားကြပြီးတော့ ဘာကြာင့် အားလုံးထဲမှာ အရက်စက်ဆုံးဖြစ်နေရတာ လဲဆိုတာ စဉ်းစားလို့ကို မရပါဘူး။ ကျွန် တော်တို့တစ်တွေရဲ့ စိတ်ဓာတ် တွေ အတွေးအခေါ်တွေကို ပြောင်းရ တော့မှာပါ။ ဘာပဲဖြစ်ဖြစ် သူတို့လေး တွေကို လူဖြစ်ခွင့်လေးတော့ ပေးလိုက် ကြပါဗျာ။

 

ကမ္ဘာပေါ်မှာ အောင်မြင် ကျော်ကြားနေတဲ့ မိဘမဲ့ပေါင်းများစွာ ရှိကြပါတယ်။ သားသမီးမရလို့ မွေးစား ချင်နေကြတဲ့သူတွေလည်း အများကြီး ပါပဲ။ အကြောင်း ကြောင်းကြောင့် သူတို့ ကိုမမွေးနိုင်သူတို့နဲ့အတူမနေနိုင် ပေ မယ့်လည်း သူတို့ရဲ့ဘ၀ကို မဖျက်ဆီး လိုက်ပဲနဲ့ သူ့တို့လေးတွေကို အသက်ရှင် ဖို့ အခွင့်အရေးလေးတော့ ပေးလိုက်ကြ ပါလို့ တိုက်တွန်းလိုက်ပါရစေ။ နောက် တစ်ခုက သူတစ်ပါးအသက်ကို သတ်ချင် ရင် ကိုယ့်အသက်ပါ မလုံခြုံဘူးဆိုတာ ကိုလည်း အားလုံး သိထားသင့်ပါတယ်။