ရွေးချယ်ခွင့် မေတ္တာ

0
476

လူသားတိုင်း လူသားတိုင်း ကိုယ် မြတ်နိုးတန်ဖိုးထားရတဲ့ ချစ်လှစွာသော တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ် ယောက်ထက်ပိုသော သူတွေအတွက် အကောင်းဆုံးဆိုတဲ့ အရာတွေ ဖန်တီး ပေးချင်ကြမှာ အမှန်ပါ။ အကောင်းဆုံး ဆိုတဲ့ အရာတွေ အသစ်အဆန်းဆိုတဲ့ အဝတ်အစားတွေ တန်ဖိုးကြီးတဲ့ အရာ တွေ၊ ဒါတွေကို မတတ်နိုင်ပေမယ့်လည်း ရင်ထဲက မေတ္တာတရားတွေနဲ့ ကိုယ် ချစ်ရတဲ့သူ စိတ်ချမ်းသာသွားစေဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည့်ဆည်းပေးချင် ကြမှာပါ။


ကျွန်တော် အဓိက ရည်ညွှန်းချင် တာက ၁၀ တန်းအောင် ပြီးလို့ တက္ကသိုလ် တက်တော့မယ့်ဆဲဆဲ လူငယ်တွေအတွက် ရွေးချယ်မှုပေးဖို့ပါ။ မိဘတိုင်းကတော့ ကိုယ့်သား သမီး တွေကို အတတ်နိုင်ဆုံး အမြင့်ကို ရောက် စေချင်ကြတာပါပဲ။ ဒါပေမယ့် မိဘ တက်စေချင်တဲ့ကျောင်းနဲ့ သားသမီး ရွေးချယ်ထားတဲ့ အနာဂတ်စိတ်ကူး အိပ်မက်တွေက တခြားကျောင်းဖြစ် နေတယ်ဆိုရင် သားသမီးတွေကို သေချာ စိစစ် ဆွေးနွေးမေးမြန်းပြီးမှ သူတို့အား သန်ရာ ကျောင်းကို တက်ခွင့်ပြုပေးစေချင် တာပါ။

chance_tochoose
ဒီနေရာမှာ သားသမီးတွေဘက် ကလည်း ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် မေးမြန်းရပါမယ်။ ငါဒီကျောင်းကို တက်ချင်တာ သေချာလား၊ ပြီးတော့ ကျောင်းပြီးသွားရင် ဒီဘွဲ့နဲ့ ဘ၀ရှေ့ ဆက်လှမ်းရမှာ ဖြစ်တဲ့အတွက် အဲဒီ ဘွဲ့နဲ့ ပက်သက်တဲ့ စိတ်ကူးအိပ်မက် တွေ၊ အနာဂတ်တွေရှိထားရဲ့လား ဆိုတာကို သုံးသပ်ရပါမယ်။ ပြီးတော့ ကျောင်းတက်နေစဉ် ကာလမှာ ကိုယ်ဝါသနာပါရာကို လေ့ လာပြီး ကျွမ်းကျင်တဲ့ အထိဖြစ်အောင် အားထုတ်ရမှာပါ။ ဒါမှသာ ဝါသနာနဲ့အလုပ်ထပ်တူ ကျပြီး အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်သလို မိဘတွေလည်း ခွင့်ပြု တာ မှန်သွားပါလားဆိုပြီး အမြဲစိတ်ချမ်း သာ နိုင်မှာပါ။
မိဘတွေအနေနဲ့ ငါ့သား၊ ငါ့သမီး ကိုတော့ ဆရာဝန်ကြီးမှ၊ အင်ဂျင်နီ ယာကြီးမှဆိုတဲ့ စိတ်ထားမျိုး မမွေးမြူ ကြဖို့ပါ။
လူဆိုတာ မွေးကတည်းက ကိုယ်ပိုင် ဗီဇကိုယ်စီ ပါလာခဲ့ပါတယ်။ အိုးပုတ် ချိုးရုပ်တွေနဲ့ ဆော့နေတဲ့ အချိန်ကစပြီး ကလေး တွေဟာ သူတို့ ဝါသနာပါရာကို တစိုက်မတ်မတ် ပြုလုပ်ဆော့ကစား တတ်တဲ့ အကျင့်ရှိ ပါတယ်။
ဥပမာ – ကလေးသုံးယောက် ဆိုပါတော့ ။
တစ်ယောက်က သဲတွေ ရေတွေနဲ့ ကစားပြီး အိမ်ပုံစံလေး ဆောက်နေ တယ်။ နောက်တစ် ယောက်က အဝတ် အထည် အပိုင်းအစလေးတွေနဲ့ ကစား စရာ အရုပ်လေးမှာ ဆင်မြန်းပေးနေ တယ်။ ဟော  . . . နောက် ဆုံးတစ်ယောက် ကတော့  ရောင်စုံခဲတံလေးတွေနဲ့ ပုံဆွဲ ကျင့်နေတယ်။

 
ပထမတစ်ယောက်ဆိုရင်တော့ သူဟာ ဆောက်လုပ်ရေးလုပ်ငန်း စိတ် ဝင်စားတယ်လို့ ယူဆရပါတယ်။
သူသာ စိတ်ထက်သန်မယ်ဆိုရင် သူ့ကို အင်ဂျင်နီယာကောင်း တစ် ယောက် ဖြစ်အောင် ပံ့ပိုး ပေးရ မှာပါ။ ဒါပေမယ့် ကလေးဘ၀ကသာ အင်ဂျင်နီ ယာဖြစ်ဖို့ စွဲလန်းခဲ့ပြီး ကြီးလာတဲ့ အချိန် စိတ်ကူးတွေပြောင်းလဲသွား ခဲ့တယ်ဆို ရင်တော့ တစ်မျိုးပေါ့။ သူရရှိ ထားတဲ့ ၁၀ တန်းရမှတ်ပေါ်မှာလည်း မူတည်ပါ သေးတယ်။ သူက ဆေးကျောင်းအမှတ် မီနေတယ်ဆိုရင်တောင် သူဆန္ဒ မိဘ တွေက အတင်း မတက်ခိုင်းစေဖို့ပါပဲ။

 
တကယ်လို့ အတင်းအကျပ် တက် ခိုင်းရင်တော့ အမှတ်မီလို့သာ ဆေး ကျောင်းတက်တာ၊ သားသမီးက ဝါသနာ မပါ ကြိုးစားအားထုတ်မှုမရှိ ဒီတော့ စာမေးပွဲတွေ ဆက်တိုက်ရှုံးနေခဲ့ရင် နှစ်ဦးနှစ်ဖက်စလုံး ကောင်းကျိုးမဖြစ်စေ နိုင်ပါဘူး။
ဒုတိယတစ်ယောက်ဆိုရင်တော့ သူဟာ ဖက်ရှင်ဒီဇိုင်နာပိုင်းမှာ အားသန် တယ်လို့ အကြမ်းဖျဉ်း ယူဆရမှာပါ။ မိန်းကလေးဆိုရင်တော့ ဒီဝါသနာက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ယောက်ျားလေး ဆိုရင်တော့ မိဘတွေ က ကန့်ကွက်နိုင်ခြေများ ပါတယ်။ ယောင်္ကျားလေးနဲ့ ဖက်ရှင်ဒီဇိုင်နာ မအပ်စပ်ဘူးဆိုပြီးတော့ပေါ့။ လေ့လာ ကြည့်ပါ ခင်ဗျား။ မိန်းမသားတွေ စွဲစွဲ လန်းလန်း ကြည့်ရှုတတ်တဲ့ ကိုးရီးယား ဇာတ်လမ်းတွဲတွေမှာ မင်းသား၊ မင်းသမီး တွေကို အင်္ကျီအဝတ်အစား ပင်တိုင် ဖန်တီးပေးတဲ့ သူက ယောက်ျားလေးတွေ ဖြစ်ပါတယ်။ အားလုံးတော့ မဟုတ် ပါဘူး။ မိန်းကလေး ဒီဇိုင်နာလည်း ရှိပါ တယ်။ အနောက်ပိုင်း ဥရောပနိုင်ငံ တွေမှာ လည်း ဒီအတိုင်းပါပဲ။ မြန်မာ နိုင်ငံမှာလည်း ရှိပါတယ်။ ဒီတော့ ကလေးတွေရဲ့ စိတ်ကိုက ဒီအပိုင်းကို တအား စိတ်ဝင်စားပါတယ် ဆိုရင်တော့ သူ့ကို ဝါသနာပါရာ လျှောက်လှမ်းခိုင်း စေချင်ပါတယ်။

 
နောက်ဆုံးတစ်ယောက်ကတော့ သူက ပန်းချီ၊ ပန်းပုပညာရပ်မှာ အား သန်သူ ဖြစ်ပါလိမ့်မယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင်တော့ မိဘတိုင်းက ကန့်ကွက်မှာ သေချာပါတယ်။ ပန်းချီ ခေတ်မရှိ သလောက်ဖြစ်နေပါပြီ။ ပန်းချီ၊ ပန်းပုတွေဆိုလူတွေက စိတ်မဝင်စား ကြတော့ဘူးဆိုတဲ့ အကြောင်းနဲ့ပါ။ ဒါပေမယ့် ဒီဝါသနာက တန်ဖိုးကြီးမား သလို နယ်ပယ်ကလည်း ကျယ်ပြန့်ပါ တယ်။ ပန်းချီသက်သက်မဟုတ်ဘဲနဲ့ သူအားသန်ရာအတိုင်း ပံ့ပိုးပေး နိုင်မယ်ဆိုရင် သူဟာ ဓာတ်ပုံပညာရှင်၊ ဒါမှမဟုတ် ပန်ချီဆရာ ဒါမှမဟုတ် ဇာတ်ကားတွေ ဖန်တီးထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လာနိုင် ပါတယ်။ သက် ဝင်လှုပ်ရှားနေတဲ့ ပုံရိပ်တွေ၊ စိတ်ကူး စိတ်သန်းတွေနဲ့ ရှုခင်းလှလှလေးတွေ ပါဝင်တဲ့ ပုံရိပ်တွေ ဖန်တီးနိုင်တဲ့ ဓာတ်ပုံ ပညာရှင်ဆိုတာ ပန်းချီမျက်စိ၊ အနုပညာ မျက်စိ သူ့နှလုံးသားထဲမှာ ကိန်းအောင်း နေမှ ထွန်းပေါက်နိုင်မှာပါ။

 
ပြီးတော့ ဇာတ်ကားတွေဖန်တီး တတ်တဲ့ ဒါရိုက်တာဆိုတာကလည်း အများနဲ့မတူတဲ့အမြင်တွေ စိတ်ကူး အသစ်အဆန်းတွေ၊ အလင်းအမှောင်ကို လိုသလို ချိန်ညှိ အသုံးပြုနိုင်တဲ့ ပညာ တွေ၊ အနုပညာဆန်ဆန်ခံစားမှုတွေ၊ နူးညံ့သိမ်မွေ့မှု တတ်သလို လိုအပ်ရင် ကြမ်းတမ်းရမယ့် စိတ်ထားတွေ၊ ဒီအချက် တွေဆိုတာကလည်း ရောင်စုံခဲတံ လေးတွေနဲ့ တစ်စိုက်မတ်မတ် ကြိုးစားပြီး ကလေးဘ၀ကတည်းက နေလူကြီး ဖြစ်လာတဲ့ အချိန်ထိ ပုံဆွဲကျင့်ရင်းနဲ့ အနုပညာအမြင်က မသိစိတ်ထဲမှာ အလိုလို ကိန်းအောင်းသွားကြတာပါ။

 
အနုပညာဆိုတာ တစ်ခုနှင့် တစ်ခု ဆက်စပ်နေ ကြတာပါ။ သီချင်း လည်းဆို မော်ဒယ်(လ်) လျှောက်ရင်း နဲ့လည်း မင်းသား၊ မင်းသမီးဖြစ်ချင် သွားတာပါပဲ။သက်မဲ့ပုံရိပ်တွေ ဖန်တီးရင်းနဲ့ လည်း လှုပ်ရှားသက်ဝင် ရုပ်ရှင်ဇာတ် ကားတွေကိုလည်း ဖန်တီးချင်စိတ် ကိန်း အောင်သွားကြတာမျိုးပါ။

 

အချုပ်အနေနဲ့ အရှည်ကြီး လျှောက် ရမယ့် ဘ၀ခရီးလမ်းထဲမှာ အလုပ်မှာ ပျော်တဲ့သူတစ်ယောက်သို့ မဟုတ် ဝါသနာနဲ့ ထပ်တူကျပြီး အောင်မြင်မှု ရနေတဲ့ သူတစ်ယောက် သို့မဟုတ် ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ဆက်လှမ်းခဲ့တဲ့ အတွက် နောင်တမရ သူတစ်ယောက် ဖြစ်နေဖို့အတွက် ကိုယ့်ရဲ့ဝါသနာ ဒါမှမဟုတ် ကိုယ့်ရဲ့မသိစိတ်မှာ ကိန်း အောင်းနေတဲ့ အားသာချက်တစ်ခုခုကို ကိုယ်ကိုယ်တိုင် သေသေချာချာ လေ့လာ ဆန်းစစ်ဖို့ လိုသလို မိဘများအနေနဲ့ ကလည်း ကောင်းစားစေချင်တဲ့ မေတ္တာ တရားနဲ့ အရာရာကို ကိုယ့်အလိုဆန္ဒ အတိုင်း ဖိအားမပေးပါဘဲနဲ့ ကိုယ့်ရင်သွေး လေးရဲ့ အတွင်းစိတ်ကို မြင်အောင်ကြည့်ရှု ပေးပြီး ရွေးချယ်ခွင့်လေးပေးထားစေချင် ကြောင်းပါ။
မိဘတွေရဲ့ မေတ္တာဟာ ရွေးချယ် ခွင့်အတွက် ပေးတဲ့မေတ္တာပဲ ဖြစ်စေချင် ပါတယ်။