အရွယ်မရောက်သူ ဆိုင်ကယ်စီးခွင့် ထိန်းချုပ်သင့်ပီ

0
496

ယနေ့ခေတ်သည် ဆိုင်ကယ်ခေတ်၊ ကားခေတ် လေယာဉ်ပျံခေတ်၊ ဂြိုလ်တု ခေတ်ဖြစ်သည်။ ခေတ်စနစ် ပြောင်းလဲလာသည်နှင့်  အမျှ မော်တော်ဆိုင်ကယ်များကို အိမ် တိုင်းနီးပါး စီးနိုင်လာကြသည်။ မော်တော် ဆိုင်ကယ်များကို အရွယ်ရောက်ပြီး သူများသာမက အရွယ်မရောက် အသက် မပြည့်သော အခြေခံ ပညာအထက်တန်း၊ အလယ်တန်း ကျောင်းသားများပါ စည်း ကမ်းမဲ့ စီးလာကြသည်ကို ပိုမိုတွေ့နေရ သည်။

ဆယ်တန်းကျောင်းသား စီးသလို၊ ရှစ်တန်းကျောင်းသားများလည်း လိုက် စီးကြသည်။ ခုနစ်တန်းကျောင်းသား လည်း အားကျမခံ စီးကြသည်။ ယာဉ် တိုက်မှုတွေဖြစ်ကြ၊ ပြဿနာတွေ ဖြစ်ကြ သည်။ယင်းကိစ္စနှင့် ပတ်သက်ပြီး အထက် တန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ် ဆရာကြီးတစ်ယောက်၏တုံ့ပြန်မှုမှာ အသက်မပြည့် ကျောင်းသား ကျောင်းသူ များ စည်းကမ်းမဲ့ မော်တော် ဆိုင် ကယ်စီး နင်းမှုကို သူ့အနေဖြင့် ခွင့်မပြု၊ သို့သော် သူသည် ကျောင်းအုပ် ဆရာကြီးဖြစ် သည့်အတွက် ဖမ်းဆီးပိုင်ခွင့်မရှိဟု ဆို သည်။cycle_rules_for_child
ယာဉ်ထိန်းရဲများသာလျှင် ဖမ်းဆီး ခွင့်ရှိသည်ဟု ပြောသည်။
စာရေးသူအနေဖြင့် ထိုသို့မမြင်။
အောက်ပါအချက်များ ကို မေးခွန်း ထုတ်လိုသည်။

 
၁။ အသက်မပြည့် ကျောင်းသားများ ဆိုင်ကယ်စီးခြင်းသည် တရားဥပဒနှင့်ကိုက်ညီမှုရှိပါရဲ့လား။
၂။ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး များတွင် အသက်မပြည့်ဘဲ ဆိုင်ကယ်စီး နင်းမှုကဲ့သို့ ဥပဒေချိုးဖောက်ရာရောက် သည့် ကိစ္စတစ်ခုကို တားဆီးပိုင်ခွင့် မရှိတော့ဘူးလား။
ကျောင်းဝင်းအတွင်း လောင်းကစား ခြင်း၊ အရက်သေစာ သောက်စားခြင်း ၊ခိုက်ရန်ဖြစ်ပွားခြင်းစသော ရာဇဝတ် မှုများ ပြုလုပ်ခွင့်မရှိပါ။ လောင်းကစား ခြင်းပြုလုပ်လျှင်လည်း ကျောင်းအုပ်ဆရာ ကြီးက အရေးယူနိုင်သည်။ လောင်းကစား ခြင်းကို ဖမ်းဆီးခွင့် ကျောင်းဆရာ၊ ဆရာမများတွင်မရှိ၊ ရဲဝန်ထမ်းနှင့် သာဆိုင်သည်ဆိုပြီး မျက်နှာလွဲခဲပစ် တာဝန်မဲ့ လုပ်ရပ်မျိုးလုပ်၍ မရပါ။
ကျောင်းဆရာ ဆရာမများတွင် ရာဇဝတ်မှုများကို ဖမ်းဆီးခွင့်မရှိသော် လည်း၊ တားဆီးခွင့် ရှိပါသည်။ အသက်မပြည့်ဘဲ မော်တော်ဆိုင်ကယ်စီးနင်းမှုများသည် တရားဥပဒေအရ တရားမဝင်ပါ။ သို့ဖြစ်၍ အခြေခံပညာ ကျောင်းများတွင်    မော်တော်ဆိုင်ကယ်စီး နင်းမှုများကို တားဆီးခွင့် ကျောင်းဆရာ ဆရာမများတွင် အပြည့်အဝရှိသည်ဟု ယူဆပါသည်။
တရားဝင် မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် အသက်အပိုင်းအခြားကို တရားဥပဒေက သတ်မှတ်ထားပြီးဖြစ် သည်။ အသက် ၁၈ နှစ်ပြည့်မှသာလျှင်  ယာဉ် မောင်းလိုင်စင် ထုတ်ပေးပါသည်။ ဤ ဥပဒေကို မြန်မာနိုင်ငံတစ်ခုတည်းတွင်မဟုတ်၊ တစ်ကမ္ဘာလုံး အတူတူပင် ကျင့်သုံးသည်။ အကြောင်းအရာတစ်ရပ် ကို  မှန်၏၊ မှား၏ ဆင်ခြင်နိုင်စွမ်းသည် ယေဘုယျအားဖြင့် အသက်အရွယ်ပေါ် တွင် မူတည်သည်။
စက်တပ်ယာဉ်ကို ထိန်းချုပ်မောင်း နှင်ရန် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဆင်ခြင် နိုင်စွမ်းရှိရသလို၊ စက်တပ်ယာဉ်ကို ထိန်းချုပ်နိုင်ရေး အတွက် ရုပ်ပိုင်းဆိုင်ရာ သန်မာရပေမည်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရ ကလေး၏ အရွယ်အရပ်ခွန်အားနှင့် လူကြီး၏ အရပ်အမောင်း ခွန်အား မနှိုင်း ယှဉ်နိုင်ပါ။ အချို့ကလေးများ ဆိုင် ကယ်ရပ်နားလျှင် မြေကြီးနှင့်ခြေထောက် မထိဘဲ လွတ်နေသည်ကို သတိပြုမိကြ ပါလိမ့်မည်။ ဤကဲ့သို့ ခန္ဓာကိုယ်ဖွဲ့စည်း ပုံအရ အရွယ်မရောက်သေးသည့်အတွက် မတော်တဆ ယာဉ်အန္တရာယ် ကြုံတွေ့ လာလျှင်မည်ကဲ့သို့တုံ့ပြန်မည်ကို က လေးအရွယ်ဖြစ်သည့်အတွက် မှန်ကန် သော ဆုံးဖြတ်ချက်မချနိုင်ပါ။
နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီး ဆုံးမှာ တရားဥပဒေ စိုးမိုးရေးပင် ဖြစ် သည်။ တရားဥပဒေအပေါ်တွင်မည်သူမျှ မရှိရပေ။ တရားဥပဒေ၏အပေါ် ကျောင်း သားလည်းမရှိအပ်၊ ဝန်ထမ်းလည်း မရှိ အပ်ပေ။ အားလုံး တစ်ပြေးညီပင်ဖြစ်သည်။
သာမန် အရပ်သားကျူးလွန် လျှင် လည်း သတ်မှတ်ထားသည့် အပြစ်ဒဏ် ခံရမည်။ ဝန်ထမ်းကျူးလွန်လျှင်လည်း ခံရမည်။ ကျောင်းသားဖြစ်၍၊ ဝန်ထမ်း ဖြစ်၍ တရားဥပဒေက ခွင့်မလွှတ်ပါ။ အားလုံးတစ်ပြေးညီပင် ဖြစ်သည်။ ကျောင်းသားများအနေဖြင့် ကိုယ်ဖြစ် လျှင် ကိုယ်ခံရမည်ဖြစ်ပါသည်။ မည်သူ မျှ အစားထိုးပေးနိုင်ခြင်း မရှိပါ။ အမှုမှ ကင်းလွတ်ခွင့်လည်း မရှိပါ။ မှုခင်းများ၊ တရားတဘောင် ရင်ဆိုင်ရမှုများ မဖြစ်ပေါ် စေရေးအတွက် ဆရာ /ဆရာမများ အနေ ဖြင့် ကြိုတင်ဆုံးမ သွန်သင်သင့်ပေသည်။
ယင်းသို့ပြောသည့်အတွက် ယာဉ် ထိန်းရဲများတွင် တာဝန်မရှိဟု မဆိုလိုပါ။ ပိုအလုပ်ဖြစ် ပိုထိရောက်စေမည်ဟု ယူဆသည့်အတွက်   ကျောင်းများက ထိန်းချုပ်သင့်ကြောင်း ပြောခြင်း ဖြစ်ပါ သည်။
အရွယ်မရောက်သေးသည့် ကျောင်း သူ၊ ကျောင်းသားများ ဆိုင်ကယ်စီးနင်း မှုနှင့် ပတ်သက်ပြီး ထိန်းချုပ်ရန်ပြော တိုင်း ပြန်ပြောတတ်သည့် ငြင်းချက်မှာ ကျောင်းနှင့် အိမ်ဝေးသည်ဟူ၏။ ကျွန်တော် ငါးတန်းစတက်သည့် အချိန်တွင်  ငါးမိုင်ဝေးသော ကမြောကင်း အထက်တန်းကျောင်သို့ စက်ဘီးဖြင့် နေ့တိုင်းသွားခဲ့ရသည်။ ကျောင်းတွင် စားရန် ထမင်းချိုင့်ပါ တစ်ပါတည်း ယူဆောင်သွားရသည်။ ကျွန်တော့်ထက်ပို ဝေးသော မင်းရပ်ရွာမှ သူငယ်ချင်းများ ရှိပါသည်။ သူတို့ဆိုလျှင် ၇ မိုင်ဝေးသော ကျောင်းသို့ စက်ဘီးဖြင့် ရလာခြင်း ဖြစ်သည်။ အလွန်ဆုံး တစ်နာရီ၊ တစ်နာရီ ခွဲလောက်သွားရသည်။ ကျောင်းသား တစ်ယောက်သည် မိမိကျောင်းသို့ မည်သည့် အချိန်သွားလျှင်ကျောင်းရောက် မည်ကို ကြိုတင်စီမံခန့်ခွဲနိုင်ပြီး ဖြစ် သည်။ ကြိုတင်ပြင်ဆင်ပြီးဖြစ်သည်။
ကျောင်းသွားရာတွင် ခြေကျင်၊ စက်ဘီး၊ ဖယ်ရီ စသည်ဖြင့်တခြားရွေးချယ်စရာနည်းများ ရှိသည်။ ရွာများအနေ ဖြင့် ကျောင်းကြိုပို့ဖယ်ရီ စီစဉ်ပေးနိုင် သည်။ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ် များကိုလည်း အသုံးပြုနိုင်သည်။
ယနေ့အချိန်တွင် ရွာတိုင်းတွင်ကား ရှိသည်။ထော်လာဂျီ၊သုံးဘီးဆိုင်ကယ် ရှိသည်။ ကျောင်းနှင့်နီးသော ကျောင်း သား များအနေဖြင့် စက်ဘီးကို အသုံးပြု နိုင်သည်။ သို့သော်လက်တွေ့တွင် စာသင်ကျောင်းနှင့် နီးနီးဝေးဝေး မော်တော်ဆိုင်ကယ်ကို စည်းကမ်းမဲ့ အသုံးပြုလာခြင်း ဖြစ်သည်။ ဤကိစ္စ သည် ကျောင်းဆရာ ဆရာမများအပြင် မိဘများတွင်လည်း တာဝန်ရှိလာသည်။ မိဘများအနေဖြင့် ကိုယ့်သားသမီး ဘေးကင်းရန်ကွာ ကျောင်းသွားနိုင်ရေး စဉ်းစားသင့်သည်။ ဒီမိုကရေစီကို လိုချင်သည်ဟုပြော ကြသည်။ ဒီမိုကရေစီလိုချင်လျှင်စည်းကမ်းရှိမှဖြစ်မည်။ စည်းကမ်းမဲ့နေထိုင်ကျင့်ကြံနေလျှင် ဒီမိုကရေစီမဟုတ် သည်မှာ သေချာသည်။ တရားဥပဒေကို လေးစားလိုက်နာမှုမရှိဘဲ မည်သည့်ဒီမိုက ရေစီမှ မရနိုင်။
နိုင်ငံအတွက် အလွန်အရေးပါ သည့်စည်းကမ်းကျင့်ဝတ် ဥပဒေများကို စတင် လေ့ကျင့်သင်ကြားပေးရာနေရာ ဖြစ်သော အခြေခံပညာ ကျောင်းများ အနေနှင့် အရွယ်မရောက်သေးသူများ ဆိုင်ကယ်စီးသည့်ကိစ္စသည် ဥပဒေချိုး ဖောက်ရာရောက်သည် ဟူသည်ကို ကျောင်းသားများအား ရှင်းပြပြီး လက် တွေ့ကျင့်သုံးအောင်လည်း ကြံဆောင် သင့်ပေသည်။
အခြေခံကျသော ယာဉ်စည်းကမ်း ကိုမှ မလိုက်နာဘဲ စည်းကမ်းရှိသော ၊  တရားဥပဒေကို လေးစား  လိုက်နာသော ကျောင်းသားများပေါ်ထွန်းလာနိုင်မည် မဟုတ်ပေ။အခြေခံပညာကျောင်းများတွင် စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် မောင်းနှင့်ခွင့်ကို ထိန်းချုပ်သင့်ပြီ ဖြစ် သည်။