ထားဝယ် ခြေဆန့် ပိုကီမွန်

0
747

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးတွင် တရှိန်ထိုး ရေပန်းစားလာသည့် ကစားနည်းတစ်မျိုး ဖြစ်သည့် ပိုကီမွန်ဂိုးဟုခေါ်သည့် ဂိမ်းကစားနေကြ သည်ကို ထားဝယ်မြို့ နေရာအချို့တွင် တွေ့လာရ ပြီဖြစ်သည်။


တနည်းအားဖြင့် ပိုကီမွန် (Pokemon ) ဟုခေါ်သည့် ကားတွန်းဇာတ်ကောင် များထားဝယ် မြို့သို့ ခြေဆန့်လာသည့် သဘောဖြစ်သည်။
ပိုကီမွန်ဂိုးဂိမ်းဆိုသည်မှာ ကစားသူ၏ မိုဘိုင်း ဖုန်း  GPS (Global Positioning System)   တည်နေရာပြစနစ်နှင့် ကင်မရာကိုသုံး၍ ကစား သူဖန်တီးထားသော Player ကိုတစ်ထပ်တည်း ဖန်တီးထားသော မြေပုံပေါ်ချပြလိုက်ပြီး သတ်မှတ် ထားသောနေရာများကို ကစားသူကိုယ်တိုင် ရောက် အောင် သွားကာဆော့ရသည့် ဂိမ်းတစ်မျိုးဖြစ်သည်။

 
ကစားသူအနေဖြင့် လက်တွေ့ပတ်ဝန်း ကျင်တွင် ရှိနေသယောင်ဖြစ်သည့် ပိုကီမွန်ကောင် များကို ဂိမ်းဆော့နေသည့် ဖုန်းထဲတွင် မြင်နိုင်သည်။ ထိုအကောင်များကို ဘောလုံးဖြင့် ပစ်ဖမ်းရသည့် ကစားနည်းဖြစ်သည်။
” တခြားဂိမ်းတွေနဲ့မတူဘူး။ လမ်းလျှောက်ပြီး ဆော့ရတဲ့အတွက် ပျော်ဖို့ကောင်းတယ်။ ကစားတာ တစ်ပတ်လောက်ရှိပြီ” ဟုနည်းပညာတက္ကသိုလ် (ထားဝယ်)ရှိ လျှပ်စစ်စွမ်းအား နောက်ဆုံး နှစ်ကျောင်းသားတစ်ဦးက ပြောသည်။
အဆိုပါဂိမ်းကို ပြီးခဲ့သည့်ဇူလိုင်လကမှ      စတင်ဈေးကွက်တင်ခဲ့ခြင်း ဖြစ်ပြီး ရက်ပိုင်းအတွင်း ပင်နိုင်ငံ  အများစုတွင် ရေပန်းစားလာခဲ့သည်။

pokemon
မြန်မာနိုင်ငံတွင်မူ ဩဂုတ်လ ၆ ရက်နေ့ တွင် စတင်ကစားနိုင်ခဲ့ပြီး အထူးသဖြင့် ရန်ကုန်၏လူစည်ကားရာ အရပ်များ၊ ပန်းခြံများ၊ အထိမ်း အမှတ်နေရာများနှင့် လမ်းမများပေါ်တွင် စမတ် ဖုန်းကိုယ်စီဖြင့် စုစုဝေးဝေးလှုပ်ရှားသွားလာနေ သူများ ရှိလာသည်။
ထားဝယ်တွင်မူ ပန်းခြံ၊ ဘုရားစသဖြင့်လူစည် ကားရာနေရာမျိုးတွင် စုဝေးကစားလေ့မရှိဘဲနေရာ အနှံ့သွားကာ ရှာဖွေခြင်း၊ အထူးသဖြင့် မောင်းမကန် ကမ်းခြေ၊ ထားဝယ်မြို့ပြင်နေရာများတွင် ပိုကီမွန် ဖမ်းသူများ ရှိလာသည်။
ပိုကီမွန်ဂိုးဂိမ်းကို နှစ်ခြိုက်ကစားသူများ လာသော်လည်း ထားဝယ်တွင် ပိုကီမွန်နည်းသည် ဟုဆိုကာ မဆော့ဖြစ်တော့ဟု ဆိုသူများလည်း ရှိသည်။
” လမ်းပေါ်မှာ ဖုန်းကိုင်ပြီး အရူးလို မသွားချင် လို့မဆော့တော့တာ။ အစကတော့ဆော့တယ်။ ပြီး တော့ ထားဝယ်မှာလည်း ပိုကီမွန်အကောင်နည်းနည်း ပဲရှိတယ်။ အကောင်ကြီးကြီးတွေမရှိဘူး။

 

စုံစုံ လင်လင်မရှိတော့  Level  မြင့်လာရင် ဆော့လို့ အဆင်မပြေတော့ဘူး” ဟု အဝေးသင်တက္ကသိုလ် တတိယနှစ် ကျောင်းသားတစ်ဦးက ပြောသည်။ကစားသူ တစ်နေ့ထက်တစ်နေ့ များပြားလာ သကဲ့သို့ ယင်းဂိမ်းနှင့်ပက်သက်၍ ဝေဖန်သံများ လည်း ကျယ်သထက် ပိုကျယ်လာသည်။ပိုကီမွန်ဂိုးကစားသူများ၏ ယာဉ်တိုက်မှု အန္တရာယ်၊ လုံခြုံရေး၊ ဒုစရိုက်မှု ကျူးလွန်ခံရနိုင် သည့်အခြေအနေ စသဖြင့် အကြောင်းမျိုးမျိုးကြောင့် အချို့နိုင်ငံများတွင် ဂိမ်းကစားရမည့်နေရာများ ကို အစိုးရကကန့်သတ်နိုင်ရန် ကြိုးပမ်းလာ ကြသည်။

 
အချို့နိုင်ငံများတွင်မူ ကစားခွင့်ကိုပင် တား မြစ်ထားသည်။ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် ဖြတ် သန်းခွင့်မရှိတဲ့ စစ်တပ်နယ်မြေထဲအတွင်းသို့ ဂိမ်း ကစားရင်း ရောက်လာသည့် ပြင်သစ်နိုင်ငံသား တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိမ်းသိန်းခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးသည်။၎င်းအပြင် ထိုင်ဝမ်နိုင်ငံတွင်လည်း ကား မောင်းရင်း ပိုကီမွန်ကစားသူ ၁၂၀၀ ကျော်၊ ဖမ်း မိဖူးသည်။ပိုကီမွန် အကောင်များသည် လူနေထူထပ်သည့်နေရာများတွင်ရှိနိုင်သကဲ့သို့လူနေ နည်းသည့် နေရာများတွင်လည်းရှိသောကြောင့် ဒုစရိုက်သမား များအတွက် မျက်စိကျစရာဖြစ်နိုင်ကြောင်း တစ်ချို့ က ဝေဖန်ကြသည်။
” အိမ်မှာပဲ အနေများတော့မဆော့ဖြစ်ဘူး ” ဟု နည်းပညာတက္ကသိုလ်လျှပ်စစ်စွမ်း အားနောက်ဆုံး နှစ် ကျောင်းသူတစ်ဦးက ပြောသည်။
ပိုကီမွန်ဂိုးဂိမ်းကိုဂျပန်နိုင်ငံအခြေစိုက်မူပိုင်ခွင့်လိုင်စင်ယူထားသည့် Pokemon ကုမ္ပဏီနှင့် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Niantic Labs   တို့က ပူးပေါင်း တီထွင်ခဲ့ခြင်း ဖြစ်သည်။

 
ထားဝယ်ရောက်ပိုကီမွန်၏ဆက်ဂိုးနေမည့် သက်တမ်းမည်မျှနည်း။” သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်စီးရင်းအဲဒီဂိမ်းကစားလို့ ယာဉ်တိုက်မှုဖြစ်မလိုဖြစ် သွားတယ်။ ယာဉ်မောင်းရင်းမကစားသင့်ဘူး” ဟု အထက်ပါကျောင်းသူကဆိုသည်။