” မူးယစ်ဆေးဝါး တရားဝင် ရောင်းချခွင့် ချပေးပါလို့ တင်ပြလာတာ ရှိတယ်” -ဦးဥက္ကာမင်း – ကျွန်းစုမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

0
349

မူးယစ်ဆေးဝါးကို တရားဝင် ရောင်းချခွင့်ပေးရန် မဲဆန္ဒရှင်အချို့ကတင်ပြတောင်းခံလာသည်ကို ကြုံခဲ့ဖူး ကြောင်း ကျွန်းစုမြို့နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်း က ပြောသည်။


ဩဂုတ်လ ၁ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွင် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းတင်သွင်းသည့် မူးယစ်ဆေးဝါး ပပျောက် အောင် နှိမ်နင်းဆောင်ရွက်ရေး၊ အသိ ပညာပေးရေး ကုသရေးနှင့် ပြန်လည် ထူထောင်ရေးဌာနများ လိုအပ်သလို ဖွင့်ပေးရေးအဆိုကို ထောက်ခံဆွေးနွေး ခဲ့သည့် ဦးဥက္ကာမင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
” မူးယစ်ဆေးဝါး တရားဝင် ရောင်း ချခွင့်ပေးပါလို့ တင်ပြလာတာ ရှိတယ်။ သူများရွာမှာလည်း လွတ်လွတ်လပ်လပ် ရောင်းနေကြတာ  ဆိုတော့ သူတို့ စိတ် ထဲမှာ လိုင်စင်လုပ်လို့ရတယ် ထင်နေ တယ်” ဟု ဦးဥက္ကာမင်းက တနင်္သာရီ အပတ်စဉ်သို့ ပြောကြားသည်။
ရိုးသားသည့် ဒေသခံများက ဥပဒေကို နားမလည်ဘဲ ယင်းသို့ လာ ရောက် ပြောဆိုခြင်းဖြစ်ကြောင်း ဦးဥက္ကာမင်းက ပြောသည်။

 

” တရားဝင် ရောင်းခွင့်တောင်း တာကတော့ တစ်ရွာတည်းပါပဲ။ဒါပေ မယ့် ပြဿနာဖြစ်နေတာကတော့ နေရာ တိုင်းပါပဲ” ဟု ၎င်းက ပြောသည်။ယင်းသို့ တရားဝင် ရောင်းချခွင့်လိုင်စင်တောင်းသည်ကို ကြည့်ခြင်း အားဖြင့် မူးယစ်ဆေးဝါးကို လွယ်ကူစွာ ရောင်းချ၊ ဝယ်ယူ၊ သုံးစွဲနေနိုင်သည်ကို သိသာစေသည်ဟု ဦးဥက္ကာမင်းက ဆို သည်။

 
ကျွန်းစုမြို့နယ်အတွင်း ကျေးရွာ အများစုတွင် မူးယစ်ဆေးဝါး လွယ်ကူစွာ သယ်ယူဖြန့်ဖြူးနေပြီး လိုင်စင်ရ အရက် ဆိုင်များကဲ့သို့ ရောင်းချနေသည်ဆိုသည့် ဒေသခံများ၏ တင်ပြချက်ကို သေသေ ချာချာ ပြန်လည်စိစစ်သွားမည် ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေး ရာ ဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်က ပြောကြားသည်။

 
ဇူလိုင်လ ၂၆ ရက်က ကျင်းပ သည့် တနင်္သာရီတိုင်းဒေသကြီး လွှတ် တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထ နေ့တွင် ကျွန်းစုမြို့နယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည့် မူးယစ် ဆေးဝါးနှင့်ပတ်သက်သည့် အဆိုအပေါ် ယင်းသို့ ရှင်းလင်း ဆွေးနွေးခဲ့သည်။
မူးယစ်ဆေးဝါးနှင့် ပက်သက်သည့် အဆိုကို ကျွန်းစုမြို့နယ်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်တွင် အဆို တင်သွင်းခဲ့သကဲ့သို့ အမျိုးသားလွှတ်တော် တွင်လည်း ရှမ်းပြည်နယ်မှ ကိုယ်စား လှယ်တင်သွင်းသည့် အဆိုကို ကျွန်းစု မြို့နယ် ကိုယ်စားလှယ် ဦးဥက္ကာမင်း က ထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 
၎င်းအပြင် မူးယစ်ဆေးဝါး အမှု များတွင် သက်ဆိုင်ရာဌာန ဆိုင်ရာ ဝန်ထမ်းများ ပါဝင်ပတ်သက်နေပြီး ရောင်းချသူများအားလုံးသည် လိုင်း ကြေးပေးကာ ရောင်းချနေကြသည်ဟု  ဦးဥက္ကာမင်းက ပြောသည်။ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များအား သွေးစစ်ပေးရန် လိုအပ်ပြီး မူးယစ်ဆေးဝါး ကင်းစင် သည့် ရဲမှသာ မူးယစ်ဆေးဝါးကို တား ဆီးနိုင်မည်ဟု ဒေသခံများက ပြောဆို နေကြသည်ဟု ၎င်းက ပြောသည်။ရဲတပ်ဖွဲ့ဝင်များမူးယစ်ဆေးဝါး သုံးစွဲနေသည်ကို ကြားသိရခြင်း မရှိ သည့်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဆေး စစ်ရန် အစီအစဉ်မရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲတပ်ဖွဲ့မှူး (ယာယီ) ရဲမှူးကြီး စံရွှေမောင်က ပြော သည်။
” ရဲတပ်ဖွဲ့ ပါဝင်ပတ်သက် နေတာ ကို စစ်ဆေးတွေ့ရှိရင် ထိထိရောက် ရောက် အရေးယူသွားမယ်” ဟု ၎င်းက ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေး သုံးစွဲ ခြင်း၊ မူးယစ်ဆေး ဝါးရောင်းဝယ်မှု           များတွင် ပါဝင်ပတ်သက်မှုများရှိပါက အရေးယူရန် ခရိုင်ရဲတပ်ဖွဲ့မှူးများအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ရဲမှူးကြီး စံရွှေမောင်က ဆိုသည်။မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကိုလည်း တိုးချဲ့ရန် လိုအပ်ကြောင်း ဦးဥက္ကာမင်းက ပြော သည်။တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် နှင့် အမျိုးသား လွှတ်တော်တို့တွင် တင်သွင်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် ပက်သက်၍ ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီးရေး၊ အသိပညာပေးရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး စခန်းများဖွင့်လှစ်ရေး တိုက်တွန်းကြောင်း အဆိုနှစ်ခုစလုံး အောင်မြင်ခဲ့သည်။
အမျိုးသားလွှတ်တော်တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှစိုင်းဝမ်းလှိုင်းခမ်း တင်သွင်းသည့် အဆိုတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ဆိုသည့် စကားရပ်အစား ဦးဥက္ကာမင်းက မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုသည့် စကားရပ်အား ပြောင်းလဲတင်သွင်းရန် ဆွေးနွေးခဲ့ကာ အဆိုအောင်မြင်ခဲ့ခြင်း ဖြစ်သည်။” အဆိုအောင်သွားပြီဆိုတော့ အစိုးရအနေနဲ့ စီမံကိန်းတွေချပြီး လုပ် ဆောင်ပေးဖို့လိုတယ်” ဟု ဦးဥက္ကာမင်း က ပြောသည်။
အစိုးရအနေဖြင့် အကျင့်ပျက် ဝန် ထမ်းများကို ဖော်ထုတ်အရေးယူခြင်း၊ အသိပညာပေးခြင်း၊ ဆေးဖြတ်စခန်း များ ပြန်လည်ထူထောင်ရေး စခန်းများ ကို ထူထောင်ခြင်း၊ အဓိက ပင်မတရားခံ များကို စနစ်တကျ ဖမ်းဆီးဖော်ထုတ်ခြင်း အဆင့်ဆင့် လုပ်ဆောင်သွားရန် လိုအပ် ကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၂ ရက်အထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၆၁ မှု ဖမ်းမိခဲ့ပြီး အများဆုံးအဖြစ် မြိတ်ခရိုင်တွင် ၁၄၇ မှုဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရ သည်။