စဉ်းစားခြင်းအနုပညာ

0
382

အချိန်နှင့်တပြေးညီ လျင်မြန်စွာ ပြောင်းလဲလျက်ရှိသည့် ယနေ့ခေတ်တွင် လူငယ်များသည် ဝေဖန် ပိုင်းခြားစဉ်းစား ခြင်းကို သင်ယူရန် လွန်စွာအရေးကြီး ပေသည်။ စဉ်းစားခြင်းသည် လူနှင့်လူ့ ပတ်ဝန်းကျင်ကို ဆက်စပ်ပေးသည့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဝေဖန် ပိုင်းခြား စဉ်းစားခြင်းသည် လူငယ်များ အတွက် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များကို မှန်ကန်စွာတုံ့ပြန်နိုင် ရန်အတွက် လမ်းကြောင်း ပေးနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်သည်။


ဝေဖန် ပိုင်းခြားစဉ်းစားခြင်းဟူ သည်ကား သတင်းအချက်အလက်နှင့် အဖြစ်အပျက်များ၏ နောက်ကွယ်ရှိ အကြောင်းရင်းခံများကို ဆန်းစစ်လေ့ လာ၍ တွေ့ရှိချက်များနှင့် ကိုက်ညီသည့် အတွေးအခေါ်များနှင့် တုံ့ပြန်မှုအသစ် များကို ဖော်ဆောင်ခြင်းဖြစ်သည်။ လူငယ်များသည် သတင်းအချက်အလက် များကို မည်သို့ရှာဖွေရမည်၊ မည်သို့ သိမ်းဆည်းရမည်၊ မည်သို့နားလည် သဘောပေါက်ရမည် နှင့်မည်သို့အသုံးချရ မည် စသည်တို့ကို သိကောင်း သိပါလိမ့် မည်။ သို့သော် ၎င်းတို့အနေဖြင့် သတင်း အချက်အလက်များကို သေချာစွာ လေ့လာဆန်းစစ်မှု မပြုလုပ်နိုင်ပါက တစ်ခါတစ်ရံတွင် ညံ့ဖျင်းသည့် ရလဒ်များ ကို ရရှိပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးမဲ့ ဖြစ်တတ်လေသည်။

thinking_culture

 

ယနေ့ခေတ် ကဲ့သို့သော သတင်း စီးဆင်းမှု မြန်ဆန် သည့် ကာလတွင် မိမိတို့ရရှိလာသည့် သတင်းအချက်အလက်များ အပေါ်တွင် အခြေခံ၍ ဆုံးဖြတ်ချက်များ မှန်မှန် ကန်ကန်ချ မှတ်နိုင်ရန်အတွက် ဝေဖန်ပိုင်း ခြား စဉ်းစားခြင်းကို လေ့ကျင့်ရန် အရေး တကြီး လိုအပ်ပါသည်။ဝေဖန်ပိုင်းခြား၍ စဉ်းစားတတ်သူများဖြစ်လာစေရန်အတွက် လူငယ်များ အနေဖြင့် အောက်ပါ အချက် ၅ ချက် ကို လေ့လာပြီး လေ့ကျင့်မှုများပြုလုပ်ရန် လိုအပ်ပါမည်။

အဆင့် – ၁။ အကြောင်းရင်းများ
ရှာဖွေခြင်း
လူငယ်များသည် သတင်းအချက် အလက်များကြောင့် ဖြစ်လာနိုင်ခြေရှိသည့် ရိုက်ခတ်မှုများနှင့် သတင်းအချက်အလက် ၏နောက်ကွယ်မှ ဖြစ်ရသည့်အကြောင်း ရင်းများကို လေ့လာဖော်ထုတ်နိုင်ရပါ မည်။ မိမိရရှိလိုက်သည့် သတင်းအချက် အလက်များ ဘာ့ကြောင့်ဖြစ်လာရ သည်ဆိုသည့် တွေ့ရှိချက်များနှင့် ပတ်သက်ပြီး မိမိကိုယ်ပိုင်ထင်မြင် ယူဆ ချက်၊ ခန့်မှန်းချက်နှင့် အဆိုပြုချက် အသစ်များကိုဖော်ထုတ်ရပါမည်။
အဆင့် – ၂။ ဆင့်ကဲစုံစမ်းခြင်း
လူငယ်များသည် အရင်းအမြစ်မတူ သည့် နေရာအသီးသီးမှ သတင်းအချက် အလက်များကို ရှာဖွေစုဆောင်းနိုင် သည်။ အရေးကြီးသည့်ကိစ္စဖြစ်ပါက သတင်းအချက်အလက်များ ရှာဖွေစု ဆောင်းခြင်းကို စနစ်တကျပြုလုပ်ရပါ မည်။

 

အဆင့် – ၃။ ခွဲခြမ်းစိတ်ဖြာခြင်း
လူငယ်များသည် အတွေးအခေါ် အယူအဆများကို အမျိုးအစား တူရာ အလိုက် အုပ်စုခွဲသတ်မှတ်ခြင်း၊ တစ်ခုနှင့်တစ်ခုနှိုင်းယှဉ်စဉ်းစားခြင်း၊ အတွေး အခေါ်နှင့်ပြဿနာများကို အစိတ်အပိုင်း အငယ်များခွဲခြားကာ အသေးစိတ်လေ့ လာမှုများ ပြုလုပ်နိုင်ပါသည်။ ဤဖြစ်စဉ် ကို အခြေခံကာ မိမိတို့ကိုယ်တိုင် သို့မ ဟုတ် အခြားသူများမှ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ယူဆချက် အသစ် များကို ဖော်ထုတ်နိုင်ပါသည်။

 

အဆင့် -၄။ ပြောင်းလွယ် ပြင်လွယ်ရှိခြင်း
လူငယ်များသည် အခြေအနေ တစ်ခုတွင် ၎င်းတို့ သင်ယူရရှိလိုက်သည် များကို အခြားမတူညီသည့် အခြေအနေ တစ်ခုသို့ လွှဲပြောင်းနိုင်သည်။ ဤသို့ဖြင့် မှန်ခြင်း၊ မှားခြင်းတို့အတွက် တစ်ခုတည်း သော သတ်မှတ်ချက် မရှိနိုင်သည်ကို သိရှိသဘောပေါက်လာစေပါသည်။ ဆိုလိုသည်မှာ မိမိတို့ရရှိလိုက်သည့် သတင်း အချက်အလက် တစ်ခုစီတိုင်း သည် ၁၀၀ ရာခိုင်နှုန်း အမှန်မဟုတ်။ အခြေအနေတစ်ခုအတွက် မှန်ကန်နေမည် ဖြစ်သော်လည်း အခြားအခြေအနေတစ်ခု အတွက်မူ လုံးဝ ပြောင်းပြန်ဖြစ်နေခြင်းမျိုး သို့မဟုတ် ကွဲလွဲမှုများရှိနေနိုင်ခြင်းကိုဆိုလိုသည်။

 

 

အဆင့် – ၅။ ဆန်းစစ်အကဲဖြတ်ခြင်း
လူငယ်များသည် ခိုင်မာသောသတင်းအရင်းအမြစ်များကို အခြေခံကာ ဆန်းစစ်မှုများ ပြုလုပ်နိုင်သည်။ အများ အားဖြင့်ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်တွင် ကြားရ၊ မြင်ရ၊ ဖတ်ရသည်များ၏တန်ဖိုး ကို သတ်မှတ်ချက်များ ချမှတ်လေ့ရှိသည်။ လူငယ်များသည် သတင်းအချက်အလက် များအပေါ်တွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာ ဂတ်ဟူသည့် ကာလသုံးပါးနှင့်ချိန်ထိုးပြီး ကျိုးကြောင်းညီညွတ်မှုကို ရှာဖွေနိုင် ရမည်။ ထို့နောက် မှားနိုင်ခြေရှိသည့်အကြောင်းပြချက်များကို လေ့လာဖော်ထုတ် ရပါမည်။ သို့ဖြင့် အဆိုပါသတင်း အချက်အလက်များကို အခြေခံထားသည့် အဆိုပြုချက်များ ဖြစ်လာနိုင်ခြေ ရှိမရှိကို လည်းအကဲဖြတ်နိုင်သည်။

 
အဆင့် – ၆။ တီထွင်ဖန်တီးခြင်း
လူငယ်များသည် ၎င်းတို့ရရှိလာ သော သတင်း အချက်အလက်များ သို့မဟုတ် အဖြစ်အပျက်များအပေါ်တွင် စနစ်တကျဝေဖန်ပိုင်းခြားကာ သုံးသပ်မှု များပြုလုပ်ရပါမည်။ ထို့နောက် မိမိ၏ကိုယ်ပိုင်ယူဆချက်နှင့် ရရှိလာသော သ တင်းအချက်အလက်များကို ပေါင်းစပ်ပြီး နှိုင်းယှဉ်စဉ်းစားမှုများ ပြုလုပ်ရပါမည်။ တစ်ပါးသူများတွင်ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများ၊ ကိုယ့်တွေ့ ဖြစ်ရပ်များအပေါ် အခြေခံကာ မိမိ ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုပြဿနာများ၊ အခက်အခဲများ၊ ကိုယ်တွေ့ဖြစ်ရပ်များကို မည်သို့မည်ပုံ ဖြေရှင်းမည်၊ ရင်ဆိုင်မည် ကို တွေးခေါ်စဉ်စားရသော အဆင့်ဖြစ် ပါသည်။ ထို့နောက် အယူအဆ သို့မဟုတ် အတွေးအခေါ်အသစ်များကို တီထွင် ဖန်တီးနိုင်ရပါမည်။ ဤအဆင့်သည် ဝေဖန်ပိုင်းခြားစဉ်းစားခြင်း၏ အမြင့်ဆုံး အဆင့်လည်းဖြစ်သည်။

 
အချုပ်အားဖြင့်ဆိုသော် ဝေဖန်ပိုင်း ခြားစဉ်းစားခြင်းသည် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ရရှိလာသည့် သတင်းအချက်အလက်များကို သတိကြီး ကြီးဖြင့် ချဉ်းကပ်ခြင်းတစ်မျိုး ဖြစ်သည်။ လူငယ်များအနေဖြင့် မိမိတို့နေ့စဉ်ဘ၀ တွင် ကြုံတွေ့ဖြစ်ပျက် နေသည်များကို ဘက်စုံထောင့်စုံမှ သုံးသပ်ဝေဖန်ပြီး မိမိ နှင့်မိမိပတ်ဝန်းကျင်အတွက် မှန်ကန် သည့် ဆုံးဖြတ်ချက်များ ချမှတ် နိုင်ရန် ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကို လေ့ကျင့် ရန်လိုအပ်ပေသည်။

 

http://extension.psu.edu/4-h/internal/youthdevelop/lifeskillevaluation/ctactivities  ကိုမှီငြမ်း ရေးသားပါသည်။