ထိုင်းကျောင်းသူအား သတ်မှုဖြင့် စွပ်စွဲခံရသူများတွင် တနင်္သာရီတိုင်းမှ ၃ ဦးပါ

0
1105
Dawei Watch, Dawei News, Dawei News Media

ရနောင်းမြို့တွင် ထိုင်း ကျောင်းသူ တစ်ဦး အသတ်ခံရမှု ဖြင့် စွပ်စွဲခံထား ရသော မြန်မာလုပ်သား ၄ ဦးအနက် တနင်္သာရီတိုင်းမှ လူငယ် ၃ ဦးပါဝင် နေသည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ တဆင့် သိထားရသည့် အချက်အလက် အရ ထိုင်းကျောင်းသူအား သတ်ဖြတ်ရာ တွင် သုံးသည့် တုတ်၊ ဓားနှင့် သေဆုံး သူက ခုခံစဉ် လက်သည်းထဲကျန်ခဲ့သည့် အသားစ စသည်တို့အား  DNA တိုက် ဆိုင် စစ်ဆေးချက် ရလဒ်မှာ အလုပ် သမား ၄ ဦး၏  DNA  နှင့် မတူဟု  FED က ထုတ်ပြန်သည်။

 
ထို့ကြောင့် စွပ်စွဲခံထားသည့် ကော့သောင်းမြို့၊ ထားဝယ်မြို့နှင့် သရက်ချောင်းမြို့နယ်တို့မှ လူငယ်များ အတွက် တိုင်းအစိုးရ၊ လူမှုရေးအဖွဲ့ များနှင့် ပါတီများ ပူးပေါင်းကာ ထိထိ မိမိ ဆောင်ရွက်ပေးရန် ဩဂုတ်လ ၃ ရက်တွင် တိုင်းဝန်ကြီးချူပ်နှင့် တွေ့ဆုံ ကာ တင်ပြတောင်းဆိုမည်ဟု ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း (FED ) မှ ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
“လိပ်ကျွန်းလူသတ်မှုလို သေဒဏ် ပေးခံရတာမျိုးတွေ မဖြစ်ရအောင် အချိန်မီ ကာကွယ်ပေးဖို့ အမူမှန်ပေါ်ဖို့ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မူတွေက အရမ်းကို အရေးကြီးပါတယ် ” ဟု ဦးထူးချစ်က ဆိုသည်။

 
ယင်းအမှုအား နိုဝင်ဘာလ နောက် ဆုံးအပတ်နှင့် ဒီဇင်ဘာလထဲတွင် အမိန့် ချမည်ဟု သိထားရသည့်အတွက် ပြင် ဆင်ချိန်ရပြီး တိုင်းအစိုးရအနေဖြင့် ကူညီနိုင်မည်ဟုလည်း ယုံကြည်ထား ကြောင်း ဦးထူးချစ်က ပြောသည်။ စွပ်စွဲခံရသူများတွင် အသက် ၁၅ နှစ်သာ ရှိသေးသူ ၂ ဦးပါဝင်သည်။

 
ရနောင်း လူသတ်မှုနှင့် ပတ်သက် သည့် FED ၏ သဘောထားထုတ်ပြန် ချက်များကိုလည်း ထားဝယ်နှင့် ကော့သောင်း မြို့များထံ ဖြန့်ဝေသွားမည်ဟု ဦးထူး ချစ်က ပြောသည်။၂၀၁၅ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် အသက် (၁၈) နှစ်အရွယ် ထိုင်းကျောင်း သူတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလုပ်သား မိုးဇင်အောင်(ပုသိမ်ကြီး မြို့နယ်)၊ စိန်ကတုံး (ထားဝယ်မြို့)၊ ကျော်စိုးဝင်း(ကော့သောင်းမြို့)နှင့် ဝေလင်း(သရက်ချောင်းမြို့နယ်) တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်း ဖြစ် သည်။