၈ လေးလုံးကာလ မျှော်မှန်းချက်တွေ တကယ်ရပြီလား

0
480

၈ လေးလုံးရဲ့ အာဇာနည်များ
ဩဂုတ်လ ၈ ရက်နေ့ဟာ ၂၈ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ၂၈ နှစ်ဆိုတာ နည်းတဲ့အချိန် ကာလ မဟုတ်။ မျိုးဆက်တစ်ခုစာလို့ပြော နိုင်ပါတယ်။ တစ်နည်းအားဖြင့်ပြောမယ် ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၈ နှစ်က အမှန် တကယ် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို အဲဒီအရေးတော်ပုံအတွင်း ပါဝင်ခဲ့သူတွေ က ပြန်မပြောပြဘူးဆိုရင် အသက် ၂၈ နှစ်အရွယ်နဲ့ အဲဒီထက်ငယ်တဲ့ လူငယ်မျိုး ဆက်သစ်တွေ သိဖို့ခက်သွားနိုင်ပါတယ်။


ဒါကြောင့် ဒီနေ့ရောက်တိုင်း ၈၈ မျိုးဆက်တွေက ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနားကျင်းပလာခဲ့တာ အခု ၂၈ နှစ်ရှိ သွားခဲ့ပါပြီ။ ဒီလိုပြောလိုက်လို့ ၈ လေးလုံး အခမ်းအနားတွေ နှစ်စဉ်နှစ်တိုင်း မြို့တော်ခန်းမမှာ ကျင်းပခွင့်ရနေတယ် လို့ မထင်လိုက်ပါနဲ့။ စာရေးသူမှတ်မိ သလောက်ဆိုရင် ၁၉၈၉ တစ်နှစ်ပဲ ရန်ကုန်မှာ ကျင်းပခဲ့ပြီး ကျန်နှစ်အားလုံး နယ်စပ် ဒေသနဲ့ပြည်ပမှာပဲ ကျင်းပလာ ခဲ့ကြတာ ၂၀၁၃ ခုနှစ် ၈ လေးလုံး ငွေရတု အထိပါပဲ။
၂၀၁၃ မှာတော့ ၈၈ (ငြိမ်းပွင့်) အဖွဲ့က ဦးဆောင်ပြီး ၈ လေးလုံးငွေရတု အခမ်းအနားကို ပထမဆုံးအကြိမ်ဖြစ် ရန် ကုန်မှာ ကျင်းပခွင့် ရခဲ့ပါတယ်။ ၈ လေးလုံးကာလက ကျဆုံး၊ ပျောက်ဆုံး စာရင်းတွေကို မှတ်တမ်းယူမယ်လို့ အဲဒီ  ငွေရတုပွဲမှာ ကြေညာခဲ့ပေမဲ့ အခုချိန်အထိ တော့ ပြခန်းငယ်တခု ဖွင့်ထားတာကလွဲရင် အသေအချာဆောင်ရွက်နိုင်တာ မတွေ့ရ သေးပါ။
ဒီနှစ်တော့ ပြည်သူကရွေးချယ် ထားတဲ့ အစိုးရ သစ်လက်ထက်မှာ  ၈ လေးလုံးအခမ်းအနားတွေ နိုင်ငံတဝှမ်း ပထမဆုံးအကြိမ် ကျင်းပတော့မှာပါ။ ဘယ်နေရာတွေမှာ ကျင်းပမလဲဆိုတာ အသေးစိတ်မသိနိုင်သေးပေမဲ့ ပြည်နယ်-တိုင်းအားလုံးရဲ့ မြို့တော်တွေနဲ့ မြို့ကြီး၊ ရွာကြီးအတော် များများမှာ ကျင်းပဖို့ရှိနေ ပါတယ်။ ဒီလို မြို့တိုင်း၊ နယ်တိုင်းမှာ လွတ်လပ်ကျယ်ပြန့်စွာ ကျင်းပကြမှာမို့ ၈၈ တုန်းက သက်ဆိုင်ရာဒေသတွေမှာ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ။ ဘယ် သူတွေ ဘယ်မှာကျဆုံးခဲ့သလဲ စသဖြင့် အရင်က ကောက်ယူဖို့မလွယ်ခဲ့တဲ့ စာရင်း ဇယားတွေ အတော်များများ ရလာနိုင်ပါ တယ်။

dawei_88
သမိုင်းလေ့လာသူတွေရဲ့ အဆိုအရ ၁၉၈၈ အရေးတော်ပုံ ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၃၀၀၀ (သုံးထောင်) ကျော်ရှိ တယ်လို့ သိရပေမဲ့ ဘယ်သူတွေလဲ၊ ဘယ်မှာသေတာလဲ စသဖြင့် အသေးစိတ် ထုတ်ပြန်နိုင်ခြင်းတော့ မရှိသေးပါ။ အရင် စစ်အစိုးရလက်အောက်မှာ မလုပ်နိုင်ခဲ့ တာကိုတော့ ထားလိုက်ပါတော့။

 

အခု ရွေးကောက်ခံအစိုးရသစ် လက်ထက်မှာ ကော ၈ လေးလုံးကကျဆုံး၊ ပျောက် ဆုံးစာရင်းကို အသေအချာထုတ်ပြန်ပေး နိုင်လေမလား၊ အနည်းဆုံးတော့ ဒီလို ထုတ်ပြန်ပေးနိုင်ဖို့ ကော်မီတီ တခုခုဖွဲ့ ပေးတဲ့အဆင့်ထိတော့ လုပ်ပေးလိမ့်မယ် လို့ မျှော်လင့်မိပါတယ်။

တနင်္သာရီတိုင်းမှာ ကျဆုံးသူ
ဘယ်လောက်ရှိသလဲ
တနင်္သာရီတိုင်းမှာတော့ ၈ လေးလုံး ကာလအတွင်း ပစ်ခတ်မှုဖြစ်တယ်။ သေဆုံးမှုရှိတယ်ဆိုတဲ့သတင်း မကြားမိ ပါ။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်တရက် စက်တင်ဘာ ၁၉ မှာတော့ ထားဝယ်မြို့လယ် ဥတ္တာံးကြီးလမ်းဆုံမှာ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်တဲ့ အတွက် ဆရာဦးပန်းကျော်၊ ဆရာဦးချမ်း လှ၊ ဦးကြည်ရှိန်အပါဝင် ၅ ဦး သေဆုံး ခဲ့ရပါတယ်။ ဒဏ်ရာရသူကတော့ ၃၇ ဦးရှိတယ်လို့ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူ တွေက ပြောပါတယ်။
ဒါက စစ်တပ်က အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၉ ရက် ဖြစ်စဉ်ပါ။ အဲဒီ ဖြစ်စဉ်ပေါ် မခံနိုင်လို့ ဒီစစ်တပ်ကို လက် နက်ကိုင်ပြီး ပြန်တိုက်မှရမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ အဲဒီနေ့မှာပဲ စတင်တောခို ခဲ့တဲ့ ဆန္ဒပြ ကျောင်းသားလူငယ်တွေ ထောင်နဲ့ချီရှိပါတယ်။ ထားဝယ်တစ်နယ် လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတင်လေး၊ ထားဝယ်တစ်နယ်လုံးဆိုင်ရာ ဒီမိုကရေစီတပ်ဦး အတွင်းရေးမှူးအဖွဲ့ ဝင် ကိုမြင့်သိန်းအပါဝင် တောတောင် တွေထဲ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား လူငယ် ၁၀၀ ကျော် ရှိပါတယ်။ ဒါတွေ ဟာ ၈ လေးလုံးအရေးတော် ပုံရဲ့အဆက် ဖြစ်တာကြောင့် သူတို့လည်း တစ်နေရာ ရာမှာ အသေအချာမှတ်တမ်းတင် ဂုဏ် ပြုထားသင့်တယ်လို့ ထင်ပါတယ်။

 
ဒါက ကျဆုံးသွားသူတွေကို အသိ အမှတ်ပြုရေးအတွက် စဉ်းစားချက်ပါ။ လူတွေ ဒီလောက်အများကြီးကျဆုံးသွားခဲ့ ရတဲ့ ၈၈၈၈ ရဲ့နောက်ခံ သမိုင်းကိုလည်း အကျဉ်းရုံးတင်ပြသင့်တယ် ထင်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၁၉၈၇ စက်တင်ဘာလ တက္ကသိုလ်ကျောင်းသား တွေ စာမေးပွဲတွေဖြေနေစဉ်မှာ ၇၅ ကျပ် တန်၊ ၃၅ ကျပ်တန်၊ ၂၅ ကျပ်တန် ငွေစက္ကူတွေကို ဖျက်သိမ်းကြောင်း အစိုးရက ကြေညာပါတယ်။ ဒါကိုမကျေ နပ်လို့ ကျောင်းသားတွေ စတင် ဆန္ဒပြပါ တယ်။ အဲဒီထဲမှာ တနင်္သာရီတိုင်းက ကျောင်းသားတွေရှိတဲ့ မော်လမြိုင် တက္ကသိုလ်လည်း ပါဝင်ခဲ့ပါတယ်။
နောက်ဆုံးတော့ ကျောင်းတွေ အားလုံးပိတ်ပြီး ကျောင်းသားတွေကို အိမ်ပြန်ပို့လိုက်ပါတယ်။ ၁၉၈၈ ရောက် တော့ ပုံမှန်အတိုင်း ဖေဖော်ဝါရီမှာ တက္ကသိုလ်တွေ ပြန်ဖွင့်ပါတယ်။ မကျေ မလည်ဖြစ်နေတဲ့ကျောင်းသားတွေ ပြန်စု မိပြန်ပါတယ်။ ဒီတစ်ကြိမ်အတွက် မီးပွား စတဲ့နေရာကတော့ ရန်ကုန်စက်မှု တက္ကသိုလ်ပါ။ ကျောင်းသားနဲ့အရပ်သား ပြဿနာဖြစ်တာကို လုံထိန်းတပ်တွေက အင်အားသုံး ပစ်ခတ်တဲ့အတွက် ကိုဖုန်း မော်နဲ့ ကိုစိုးနိုင်တို့ မတ်လ ၁၃ ရက်မှာ ကျဆုံးခဲ့ရပါတယ်။
ဒီမီးပွားဟာ တခြားကျောင်းတွေဆီ ချက်ချင်းပြန့်သွားပြီး တစ်နိုင်ငံလုံးက တက္ကသိုလ်တွေကို ပိတ်လိုက်ပြန်ပါတယ်။ ထုံးစံအတိုင်း ကျောင်းတွေပိတ်ပြီး အိမ် ပြန်ပို့ပြန်ပါတယ်။ တစ်ခါ ဇွန်လမှာ ကျောင်းပြန်ဖွင့်ပါတယ်။

 

မကျေမနပ်ဖြစ် နေတဲ့ကျောင်းသားတွေရဲ့ ဆန္ဒပြမှုက ပိုပြင်းထန်လာပါတယ်။ အရပ်သားတွေပါ ဆန္ဒပြပွဲထဲ ပါလာပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်တွေကိုပိတ်ပြီး ကျောင်းသား တွေကို အိမ်ပြန်ပို့လိုက်ပြန်ပါတယ်။ဒါပေမဲ့ ဒီတစ်ခါ အိမ်ပြန်ပို့ခံရတဲ့ ကျောင်းသားတွေဟာ သက်ဆိုင်ရာမြို့ တွေရှိ ကောလိပ်တွေ၊ အထက တွေက  ကျောင်းသား လူငယ်တွေကို ဦးဆောင်ပြီး ဆန္ဒပြပွဲတွေ ဆက်လုပ်ဖို့ စီစဉ်ခဲ့ကြပါ တယ်။ ဒီပွဲအတွက် သတ်မှတ်ရက်က ၈ ရက်၊ ၈ လ၊ ၈၈ (၈၈၈၈) ပါပဲ။ ဘယ်သူ က အဲဒီရက်ကို ရွေးလိုက်မှန်း မသိပါ။ ၈ လေးလုံး မတိုင်ခင်လာတဲ့ ဘီဘီစီ သတင်းတစ်ပုဒ်အရ ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ် မနက် ၈ နာရီ ၈ မိနစ်မှာ တနိုင်ငံ လုံးဆန္ဒပြမယ်ဆိုပြီး ကျောင်းသားခေါင်း ဆောင်တွေက ကြေညာထားတဲ့ သဘော မျိုးပါလာပါတယ်။

 
အဲဒီကာလက အခုခေတ်လို လက် ကိုင်တယ်လီဖုန်းမရှိ၊ Facebook မရှိ၊ အင်တာနက်မရှိဆိုတော့ တစ်နေရာနဲ့ တစ်နေရာ ဘယ်လိုမှ ဆက်သွယ်ဖို့ မလွယ်ပါ။ ဒီတော့ ည ၈ နာရီ ၁၅ မိနစ် မှာလာတဲ့ ဘီဘီစီကိုပဲ နားထောင်ပြီး ကျွန်တော်တို့ ကျောင်းသားတွေ လမ်း ကြောင်းယူခဲ့ရတယ် ဆိုပါတော့။ ဒီလိုနဲ့ တခြား ပြည်နယ်တိုင်း အသီးသီးက မြို့ကြီးတွေလိုပဲ ထားဝယ်မှာလည်း ၈ ရက် နေ့ မနက်မှာ ဆန္ဒပြပွဲစပါတယ်။ မြို့ အဝင်၊ အထွက် လမ်းတွေကိုပိတ်ထား တာကြောင့် နယ်က ကျောင်းသား တွေမပါဘဲ မြို့ပေါ်က ကျောင်းသားတွေပဲ အဲဒီနေ့က ပြခဲ့ကြပါတယ်။ ၉ ရက်မှာ တော့ ကျွန်တော်တို့ နယ်က ကျောင်းသား တွေပါ ပါလာတဲ့အတွက် ပွဲဟာအတော် ကြီးသွားခဲ့ပါတယ်။
အဲဒီပွဲတွေနဲ့ နောက်ပိုင်းဆက် တိုက်ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေကို အဓိက ဦးဆောင်ခဲ့သူတွေဟာ ရှေ့မှာတင်ပြခဲ့တဲ့ ထားဝယ်တနယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂနဲ့ ထားဝယ်တစ်နယ်လုံးဆိုင်ရာ ဒီမိုကရေစီတပ်ဦးက     ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒ ပြပွဲတွေဟာ ကျေးလက်တောရွာတွေအထိပျံ့နှံ့သွားပြီး ဆန္ဒမပြတဲ့ရွာ မကျန် သလောက် ဖြစ်သွားပါတယ်။ မဆလ သမ္မတတွေဖြစ်တဲ့ ဦးနေဝင်း၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် အားလုံးပြုတ် ကျပြီး အစိုးရယန္တရား ရပ်တန့်သွားပါ တယ်။ ကျောင်းသားသမဂ္ဂနဲ့ တပ်ဦးအဖွဲ့ တွေက မြို့ပြနဲ့ကျေးလက် ဒေသအုပ်ချုပ် ရေးကို တာဝန်ယူလိုက်ရတဲ့အထိ အခြေ အနေတွေ ပြောင်းလဲကုန်ပါတယ်။
ဒီလိုနဲ့ စက်တင်ဘာ ၁၈ မှာ စစ် တပ်က အာဏာသိမ်းပြီး ရှေ့မှာတင်ပြခဲ့ တဲ့အတိုင်း ထားဝယ်မှာ အာဇာနည် ၅ ဦး ကျဆုံးခဲ့ရပါတယ်။ ၂၈ နှစ်ကြာပြီး တဲ့အခါ အခုမြင်နေရတဲ့အတိုင်း အပြောင်း အလဲတချို့ ဖြစ်လာခဲ့ပါတယ်။

၈ လေးလုံးမှာပါခဲ့သူတွေ
အခု ဘာလုပ်နေကြသလဲ
အရေးတော်ပုံအတွင်း ကျဆုံးသွားသူ တွေ၊ အရေးတော်ပုံရဲ့အဆက် အကျဉ်း ထောင်တွေအတွင်း ကျဆုံးသွားသူ၊ တောတောင်တွေ ထဲ ကျဆုံးသွားသူတွေကို စာရင်းဇယားလုပ်ပြီး ဂုဏ်ပြုမှတ်တမ်း တင်ဖို့လိုသလို မသေမပျောက်ဘဲ ကျန်နေတဲ့ရဲဘော်တွေကော အခု ဘယ်ရောက်ပြီး ဘာတွေလုပ်နေကြသလဲ ဆိုတာကိုပါ ဒီလို နှစ်ပတ်လည်နေ့မှာ မေးခွန်းထုတ်သင့်ပါတယ်။
အသစ်တက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေထဲမှာ ၈ လေးလုံးအရေးတော်ပုံအတွင်း ပါဝင်ခဲ့ဖူး သူတချို့ပါနေ တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ အ ရေးတော်ပုံအတွင်း အရေးကြီးတဲ့နေရာက ဦး ဆောင်လှုပ်ရှားခဲ့သူတွေ၊ အထင်ကရ နာမည်ကြီးခဲ့သူတွေ၊ အကျဉ်းထောင်တွေ၊ တောတောင်တွေထဲ မသေမပျောက် ကျန်ခဲ့သူတွေ အစိုးရအဖွဲ့အတွင်း ပါဝင် မှုနှုန်းကတော့ အတော်နည်းနေပါသေး တယ်။

 
၈၈ တုန်းက လျှမ်းလျှမ်းတောက် ထင်ရှားခဲ့ပြီး နှစ်ရှည်ဖမ်းဆီးခံခဲ့ရတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးအပါဝင် ထင်ရှား သူအား လုံးနီးပါး အစိုးရအဖွဲ့ရဲ့ အပြင် စည်းမှာ ဒီတိုင်းကျန်နေဆဲပါ။ တခြား ပြည်နယ်-တိုင်း အသီးသီးရှိ ၈၈ နယ် ခေါင်းဆောင်တွေဟာလဲ ၈၈ (ငြိမ်းပွင့်) အဖြစ်ဆက်လက်ရပ်တည်နေပြီး အစိုးရ အဝန်းအဝိုင်းရဲ့ အပြင်မှာပဲ ရှိနေဆဲဖြစ်ပါ တယ်။ ဒါက ပြည်တွင်း အခြေအနေ။
နယ်စပ်ဒေသနဲ့ ပြည်ပဘက်ကို ကြည့်မယ်ဆိုရင်တော့ ၈၈ တုန်းက လျှမ်းလျှမ်းတောက် ထင်ရှားခဲ့ပြီး နောက် ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်၊ ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်ဆိုရင် ပြည်ဝင်ခွင့် ဗီဇာတောင်မရလို့ အမေရိ ကားမှာ သောင်တင်နေဆဲပါ။ စာရေးသူ အပါဝင် ၈၈ မှာ အောက်ခြေနေကနေ ပါခဲ့သူတွေကလည်း ထောင်နဲ့ချီရှိပါ သေးတယ်။ ဒီလူတွေလည်း အခုချိန်အထိ အိမ်ပြန်ခွင့် (ဗီဇာနဲ့ ပြန်လည်ခွင့်ရ တာကို မဆိုလို) မရကြသေးပါ။

 
ဒါဟာ မြန်မာ့ဒီမိုကရေစီအသွင် ပြောင်းရေးလုပ်ငန်းစဉ်မှာ တစ်ခုခုလွဲချော် နေတာလား။ အဆင့်ကျော်နေတာလား။ ဒီလိုနှစ်ပတ် လည်နေ့မှာ အသေအချာ ပြန်သုံးသပ်သင့်ပါတယ်။ ဘာကြောင့် လဲဆို တခြားနိုင်ငံတွေရဲ့ အသွင်ပြောင်း လုပ် ငန်းစဉ်ကို ကြည့်မယ်ဆိုရင် စစ်ပွဲ တွေရပ်မယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမယ်၊ သူပုန်တွေ၊ နိုင်ငံခြားရောက် (နထငူန) တက်ကြွလှုပ်ရှားသူတွေ ပြန်လာကြ မယ်။ ရွေးကောက်ပွဲလုပ်မယ်၊ အစိုးရ သစ်ဖွဲ့မယ်၊ ဒီလူတွေအားလုံး ပါဝင်လက် တွဲဆောင်ရွက်ကြမယ် စသဖြင့် ဒီလို မျိုးသွား လေ့ရှိပါတယ်။

 
အဝေးကြီးကို သွားကြည့်စရာ မလို ပါ။ အာဆီယံ အဖွဲ့ဝင်သစ် ဖြစ်လာတဲ့ အရှေ့တီမောကိုပဲကြည့်ပါ။ ၂၀၀၂ ခုနှစ် မှာ အပြောင်းအလဲတွေ စဖြစ်တော့ ပထမဆုံး သမ္မတဖြစ်လာသူ Xanana Gusmão   ဟာ သူပုန်ခေါင်း ဆောင်ပါ။ ဝန်ကြီးချုပ်ဖြစ်လာသူ José Ramos-Horta   ဟာ ပြည်ပကနေ ပြန်လာသူပါ။ မာနယ်ပလောအပါဝင် မြန်မာသူပုန် စခန်းတွေ၊ ဘန်ကောက်က နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဒီခေါင်း ဆောင်တွေနဲ့ မြန်မာသူပုန်တွေအတူ လက်တွဲဆောင် ရွက်ခဲ့တဲ့ကာလက ဆယ်စုနှစ်တခုကျော် ပါတယ်။ ဒါပေမဲ့ မြန်မာ့အပြောင်းအလဲ က အရှေ့တီမောအပြောင်းအလဲလို ပွင့် လင်းမြင်သာမှု မရှိပါ။ အရင်အာဏာ ရှင်ဟောင်းတွေရဲ့ ဩဇာကို မလွန်ဆန် နိုင်ဘဲ၊ အရင်ခေတ်ကရေးဆွဲထားခဲ့တဲ့ ခြေချုပ်ဥဒေတွေထဲ ပိတ်မိနေသလို ဖြစ် နေပါတယ်။

 
အပြင်ရောက်သွားသူတွေ လွတ် လပ်စွာပြန်လာပြီး နိုင်ငံရေးထဲပါဝင်ခွင့် ပိတ်ပင်ထားတဲ့အပြင် နယ်စပ်ကနေ ပြန် လာသူတွေကိုတောင် မြန်မာနိုင်ငံအတွင်း ၁၀ နှစ်ဆက်တိုက် နေထိုင်ထားခြင်းမရှိ ဘူးဆိုရင် ရွေးကောက်ပွဲ ဝင်ခွင့် မပေး ဘူးဆိုပြီး ပိတ်ပင်ထားပြန်ပါတယ်။ ဒါတွေဟာဒီလို ၈ လေးလုံးနှစ်ပတ်လည် နေ့တွေမှာ ပြန်လည်သုံးသပ်သင့်တဲ့ကိစ္စ ပါပဲ။ ပြည်တွင်း-ပြည်ပ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားအင်အား စုတွေအချင်းချင်းကြား ပူးပေါင်းဆောင် ရွက်မှု၊ အပြန်အလှန်နားလည်ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ လိုနေပါတယ်။ ဒီလိုလုပ် နိုင်မှသာ မြန်မာ့အပြောင်းအလဲ ဟာလဲ နိုင်ငံတကာအပြောင်းအလဲတွေလို အားလုံးပါဝင်ခွင့်ရတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်ဖြစ်လာနိုင်မှာပါ။

၈ လေးလုံးကာလ မျှော်မှန်းချက်ကို အစိုးရသစ်က ဖြည့်ဆည်းပေးနိုင်မလား
အစိုးရက ဘာတွေဖြည့်ဆည်းပေး နိုင်မလဲဆိုတာကို မပြောခင် ၈ လေးလုံး တုန်းက ဘာတွေမျှော်မှန်းခဲ့တာလဲ ဆိုတာကို အရင်မေးဖို့လိုမယ်ထင်ပါ တယ်။ မှတ်မိသလောက် ကြွေးကြော် သံတွေကတော့ ” လမ်းစဉ်ပါတီ တော် ပါပြီ” ၊” တစ်ပါတီစနစ် ဖျက်သိမ်းပစ်” ၊ ” ဒီမိုကရေစီပညာရေး ချက်ချင်းပေး” ၊ “ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့ရေး ဒို့အရေး” စသဖြင့် ပါဝင်ပါတယ်။ အချုပ်ပြော မယ်ဆိုရင်တော့ တစ်ပါတီ စစ်အာဏာရှင် စနစ်ကိုဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီ စနစ်ရရှိရေးကို တောင်းဆိုတာပါပဲ။
အခု ၂၈ နှစ်ကြာပြီးတဲ့ အခါမှာ တော့ ပါတီစုံစနစ်အရ ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီကိုအားပေးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရဖြစ်နေပါပြီ။ ဒါဟာ ၈၈ တုန်းကမျှော်မှန်းတဲ့အတိုင်း ဖြစ်လာပြီလို့ ပြောနိုင်ပါသလား။ ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၅၀ ရာခိုင်နှုန်းကျော်တော့ ဖြစ်လာပြီလို့ ပြောနိုင် မယ်ထင်ပါတယ်။ ဒါဖြင့် ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကျော်က ဘာတွေလဲ။
ရှေ့မှာပြောခဲ့တဲ့အတိုင်း စစ် အာဏာ ရှင်စနစ်ဖြုတ်ချပြီး ပါတီစုံဒီမို ကရေစီနစ် ထွန်းကားရေးလုပ်ငန်းစဉ်မှာ ပါတီစုံ ဒီမိုကရေစီ ထွန်းကားလာပေမဲ့ စစ် အာဏာရှင် စနစ်ပြုတ်ကျသွားပြီလို့ ပြော ဖို့ခက်နေပါသေးတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခုကို စစ်တပ်က ဆက်လက်ချုပ်ကိုင် ထားသလို လွှတ်တော် အသီးသီးမှာလည်း စစ်တပ်အမတ်က ၂၅ ရာခိုင်နှုန်း ပါဝင် နေဆဲဖြစ်ပါတယ်။ တခါ နေ့စဉ်အုပ်ချုပ် ရေးကို ကိုင်ထားတဲ့ ထွေအုပ်ဌာနတွေ ကိုလည်း စစ်တပ်နဲ့ အရင်အစိုးရ လူဟောင်း တွေက ကိုင်ထားဆဲ ဖြစ်ပါတယ်။
စစ်တပ်က နှစ် ၅၀ ကျော်အုပ်ချုပ် လာတဲ့နိုင်ငံတစ်ခုရဲ့ အပြောင်းအလဲဟာ ဒီလိုပဲ အဆင့်ဆင့်သွားရမှာပေါ့လို့ လက်ရှိ အစိုးရ တာဝန်ရှိသူတွေက ဆင် ခြေပေးနိုင်ပါတယ်။ သူတို့ကို မဲပေး ထားသူတွေထဲမှာလည်း ဒီလိုပဲ လက်ခံ ထားသူ များပါလိမ့်မယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲဟာ တစ်ဆင့်ပြီး တစ်ဆင့် စနစ်တကျနဲ့ ၁၀၀ ရာခိုင်နှုန်း အရပ် သားအုပ်ချုပ်ခွင့်ရတဲ့အထိ ဆက်သွား ဖို့တော့ လိုပါတယ်။
ဒါက စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းကိစ္စ ကို ပြောတာပါ။ ၈၈ တုန်းက ကျောင်း သားတွေရဲ့ ကြွေးကြော်သံထဲမှာ မပါ ပေမဲ့ နောက်ထပ်အရေးတကြီးဖြေ ရှင်းဖို့လိုနေတဲ့ ပြသာနာတစ်ခုက ပြည် ထောင်စုအရေး၊ တိုင်းရင်းသား အရေး ဖြစ်ပါတယ်။ ဝေဖန်ဆန်းစစ်သူတွေရဲ့ အဆိုအရ စစ်အာဏာရှင်စနစ်ပြုတ် ကျသွားရင် မြန်မာ့ နိုင်ငံရေးပြေလည် သွား လိမ့်မယ်လို့အစောပိုင်းက ထင်ခဲ့ ကြပေမဲ့ အခုတော့ ဒီမိုကရေစီအရေး အပြင် တိုင်းရင်းသားအရေးက အရေး ကြီးတဲ့နေရာဆီ ရောက်လာနေပြီလို့ ဆိုကြပါတယ်။

 
၈၈ ကျောင်းသားတွေ ဦးဆောင်ဖွဲ့ စည်းခဲ့တဲ့ ABSDF အဖွဲ့ရဲ့ စကားလုံး ကို ငှားသုံးရမယ်ဆိုရင်တော့ ” ဒီမို ကရေစီအရေးနဲ့ တိုင်းရင်းသား အရေးဟာ ခေါင်းနဲ့ပန်းလိုတွဲနေတဲ့ အတွက် ၂ ခု စလုံးကို တစ်ပြိုင်တည်း ဖြေရှင်းဖို့လိုနေ”  တဲ့ သဘောပါ။ ဒီနှစ်ခုကို ဖြေရှင်းနိုင် မယ်ဆိုရင်တော့ လက်ရှိအစိုးရက ၈၈ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီလို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့ လက်တလောမြင်နေရတဲ့ နိုင်ငံရေးအခင်းအကျင်းတွေအရတော့ သိပ်မလွယ်သေးပါ။ စစ်အာဏာရှင် လက်ကျန် အတွေးအခေါ် ရှိနေသူတွေ ကို ဒီမိုကရေစီ အတွေးအခေါ်ဝင်လာ အောင် စည်းရုံးရမယ့်အစား အာဏာရ ဒီမိုကရေစီ ခေါင်းဆောင်ပိုင်း တချို့မှာ အာဏာရှင်အတွေးအခေါ် ကူးစက်လာ တာမျိုးတောင် မြင်နေရပါတယ်။ institutional အဖွဲ့အစည်း သဘော အပြောင်းအလဲမဟုတ်ဘဲ လူပုဂ္ဂိုလ်ပေါ် အခြေခံတဲ့ အပြောင်းအလဲမျိုးကိုသာ တွေ့လာနေရပါတယ်။

 
တိုင်းရင်းသားအရေး၊ ဖက်ဒရယ် အရေးကိုဖြေရှင်းတဲ့အခါမှာလည်း အစိုး ရဟောင်းက ချမှတ်ထားတဲ့လမ်း အတိုင်း၊ တစ်နည်းအားဖြင့် စစ်တပ်က သဘော တူတဲ့ ဘောင်ထဲကသာသွားမယ့် လမ်း ဟောင်းကိုသာ ဆက်ရွေးထားတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရစေ ချင်တဲ့ စေတနာပိုင်းမှာတော့ အစိုးရ သစ်က အစိုးရဟောင်းထက်အများ ကြီးသာတာတွေ့ရတယ်လို့ တိုင်းရင်း သား လက်နက်ကိုင်တွေက ပြောထား တာကြောင့် မျှော်လင့်ချက်ကတော့ အရင် အစိုးရထက် ပိုကောင်းနေဆဲပါ။

 
တစ်နည်း အားဖြင့်ပြောမယ် ဆိုရင် တော့ ၈ လေးလုံးရဲ့အသီးအပွင့် တစ်ခု အဖြစ် ဒီမိုကရေစီအစိုးရ အာဏာပလ္လင် ပေါ် ရောက်နေပါပြီ။ ဒါပေမဲ့ ၈ လေး လုံးကာလ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့ကတော့ ရှေ့မှာ တင်ပြခဲ့တဲ့ ဒီမို ကရေစီအရေးနဲ့ ဖက်ဒရယ် အရေးကို လက်ရှိအစိုးရက ဘယ်လောက်အထိ ဟန်ချက်ညီ ဖော်ဆောင်နိုင်မလဲဆိုတဲ့ အချက်ပေါ်မူ တည်နေပါတယ်။ဒီလိုလုပ်နိုင်ဖို့အတွက် အာဏာရှင် လက်ကျန်အတွေးအခေါ်ရှိနေသူတွေကို ဒီမိုကရေစီအတွေး အခေါ်ဝင်လာအောင် စီမံကိန်းချ ဆောင်ရွက်ဖို့လိုပါတယ်။ ဒီမိုကရေစီခေါင်းဆောင်တွေ ကြားမှာ လည်း ပုဂ္ဂိုလ်ရေးဦးစားပေးတဲ့ တည် ဆောက်မှုအစား institutional အဖွဲ့ အစည်းသဘော အပြောင်းအလဲဖြစ် လာအောင် တည်ဆောက်ဖို့လိုပါတယ်။

 
တစ်ချိန်တည်းမှာပဲ ပါတီအပေါ် သစ္စာ ရှိသူတင်မက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးအပေါ် သစ္စာရှိသူတွေ ကိုလည်း အစိုးရအဝန်းအဝိုင်းထဲ၊ အနည်းဆုံးတော့ အကြံဥာဏ်ပေးပိုင် ခွင့်ရှိတဲ့ အဝန်းဝိုင်းထဲ ခေါ်သွင်းဖို့လို ပါတယ်။ ဒီအတွက် ပြည်တွင်း-ပြည်ပ ၈၈ မျိုးဆက်တွေ၊ လက်နက်ကိုင်-လက်နက်မကိုင် တိုင်းရင်းသားခေါင်း ဆောင်တွေနဲ လက်ရှိအစိုးရက အခု ထက်မက ပူးပေါင်း ဆောင်ရွက်ဖို့လို နေပါကြောင်း တင်ပြလိုက်ရပါတယ်။