“တောင်းမှပေး၊ တိုက်မှရ “သည့် မူအစား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး ထားဝယ်လူငယ် ကိုယ်စားလှယ်အဖွဲ့ တောင်းဆ

0
747

“တောင်းမှပေး၊ တိုက်မှရ ” သည့် မူအစား တိုင်းရင်းသားများ ရသင့် ရထိုက်သည့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးတို့ကို စံနှုန်း တစ်ရပ်အရ တန်းတူရရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရေး မြန်မာနိုင်ငံလုံး ဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံသို့ တက်ရောက်နေသည့် ထားဝယ်လူငယ် ကိုယ်စားလှယ်များက တောင်းဆိုလိုက် သည်။


ယင်းတောင်းဆိုချက်ကို ညီလာခံ သို့ တင်သွင်းသည့် ထားဝယ်လူငယ် ကိုယ်စားလှယ်အဖွဲ့၏ စာတမ်းတွင် ထည့်သွင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ဟာ ထိုက်သင့်တဲ့ နယ်မြေ၊ လူဦးရေရှိတဲ့ လူမျိုးတစ်မျိုးဖြစ် လို့ တောင်းစရာလည်း မလိုဘူး၊ အကြမ်းဖက်တဲ့နည်းနဲ့ လက်နက်ကိုင် တိုက်ယူရတဲ့ အစဉ်အလာကြီးကိုလည်း ဆက်မရှိစေချင်တော့ဘူး၊ ယဉ်ကျေးတဲ့ နိုင်ငံရေးစနစ်အရ တန်းတူညီမျှမှုရှိစွာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံတော်မူဝါဒကို ချမှတ်ကြဖို့ ဆိုလိုတာပါ” ဟု ထားဝယ် လူငယ်ကိုယ်စားလှယ်အဖွဲ့မှ ကိုကျော်မင်းထိုက်က ပြောသည်။

dawei_youth_pinlon
ထားဝယ်လူမျိုးအပါအဝင် အဖိ နှိပ်ခံ လူမျိုးများ တန်းတူညီမျှသည့် နိုင်ငံ ရေး အဆင့်အတန်းရကြမှသာ စစ်မှန် သည့် ငြိမ်းချမ်းရေးကို ရမည်ဖြစ်သည် ကို ဆော်ဩချင်သည့်အတွက် ယင်းသို့ တောင်းဆိုခြင်းလည်း ဖြစ်ကြောင်း ကိုကျော်မင်းထိုက်က ပြော သည်။

 
အဆိုပါစာတမ်းတွင် တိုင်းရင်းသား လူမျိုးအရေး၊ မြေယာပြဿနာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စသည်တို့ အပါအဝင် ထားဝယ်လူမျိုးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုလည်း ဖော်ပြထားသည်။

 
” ကျွန်တော်တို့နဲ့ ခံစားချက်တူတဲ့ ယော၊ ကဒူး၊ ကနန်း၊ တောင်သား လူမျိုးတွေနဲ့လည်း ဆွေးနွေးဖြစ်တယ်” ဟု ကိုကျော်မင်းထိုက်က ပြောသည်။ ယော၊ကဒူး၊ကနန်းနှင့် တောင်သား တို့တွင် ကနန်းမှအပ ကျန်လူမျိုးများ သည် မှတ်ပုံတင်တွင်ဗမာဟု ရေးသွင်း ထားရကြောင်း ၎င်းက ပြောသည်။တိုင်းရင်းသား လူမျိုး ၂၇ မျိုး တက်ရောက်သည့် နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံကို ရှမ်းပြည်နယ် ပင်လုံမြို့တွင် ဇူလိုင်လ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ လူဦးရေ ၆၀၀ ကျော် တက်ရောက်ခဲ့သည်။၁၉၅၁ သန်းခေါင်စာရင်း အရ ထားဝယ်လူမျိုး ၁ သိန်းခွဲကျော်ရှိသည်။.

 
နောက်ဆုံးကောက်ယူသည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ထားဝယ် ခရိုင်တွင် လူဦးရေ ၅ သိန်းနီးပါးရှိပြီး လူမျိုးစာရင်းမထုတ်ပြန်သေးသည့် အတွက်မည်မျှရှိသည်ကို မသိရသေးပေ။ထားဝယ်ဒေသတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် လူမျိုးရေးအရ လှုပ်ရှားမှုများ အရှိန်မြင့်လာပြီး ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက် ချိန်ကလည်း လူမျိုးနေရာတွင် ထား ဝယ်လူမျိုးဟု ဖြည့်သွင်းရေး လှုပ်ရှား မှုများ ရှိခဲ့သည်။
လက်ရှိတွင် ထားဝယ် လူမျိုးများ သည် မှတ်ပုံတင်တွင် ဗမာ လူမျိုးဟု ဖြည့်သွင်းနေရသည်။