အတောင်ပံ မဖြန့်မိကြပါစေနှင့်

0
526

ဩဂုတ်လထဲရောက်ရင် ၂၀၁၆ခုနှစ်၊ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ တက္ကသိုလ်ဝင်ခွင့် လျှောက် ထားကြရတော့မှာပါ။ တက္က သိုလ်ဝင်ခွင့်ကို အမှတ်နဲ့ ဆုံးဖြတ်တဲ့ စနစ်ကို မပြင်နိုင်သေးတာကြောင့် မိမိ တို့ရဲ့ ရမှတ်အနည်းအများအပေါ်မူတည် ပြီးတော့ သက်ဆိုင်ရာ တက္ကသိုလ်တွေကို ရွေးချယ်လျှောက်ထားကြရမှာပါ။


တက္ကသိုလ်ဝင်ခွင့်ကို အမှတ်နဲ့ ဆုံးဖြတ်တဲ့စနစ်ဟာ ခေတ်နဲ့လျော်ညီမှု မရှိတော့သလို နိုင်ငံတကာစံနှုန်းတွေ နဲ့လည်း ကိုက်ညီမှုရှိမှာ မဟုတ်ပါဘူး။ အမှတ်နဲ့ ဆုံးဖြတ်တဲ့ စနစ်ကြောင့် ရမှတ် လေးတစ်မှတ်လျော့သွားလို့  မိမိဝါသနာ ပါရာ တက္ကသိုလ်ကို တက်ရောက်ခွင့် မရခဲ့ကြတဲ့သူတွေလည်း အများကြီး ရှိမှာပါ။ နောက်တစ်ချက်က အမှတ် သတ်မှတ်တဲ့နေရာမှာလည်း မိန်းကလေး နဲ့ ယောက်ျားလေး အမှတ်ကွာဟမှုက လည်း လူပြောသူပြောများတဲ့ အချက် တစ်ချက်ပါပဲ။ အခုချိန်မှာ မိန်းကလေး နဲ့ယောင်္ကျားလေး တန်းတူအခွင့်အရေး ရသင့်နေပါပြီ။ တချို့ကြပြန်တော့လည်း ရမှတ်ကောင်းလို့ မိမိဝါသနာမပါပေမယ့် ဂုဏ်ရှိတယ်လို့ထင်တဲ့ တက္ကသိုလ်တွေကို တက်ရောက်ကြပါတယ်။ ဒါပေမယ့် ကျောင်းပြီးလို့ရှိရင် အဲဒီဘွဲ့နဲ့ အသက် မွေးချင်မှ မွေးကြတာပါ။

no_fly_tzo

ဒါကြောင့် လည်းပဲ ကျွန်တော်တို့နိုင်ငံမှာ အင်ဂျင် နီယာက ဆေးရောင်းပြီးတော့ ဆရာဝန်က ဆောက်လုပ်ရေး လုပ်သူလုပ်၊ ကျူရှင်သင် သူသင်၊ နိုင်ငံရေး လုပ်သူလုပ်နဲ့ နားမ လည်နိုင်အောင်ပါပဲ။ အဲဒီလိုမျိုးဆိုရင် တော့ တကယ်ဝါသနာပါတဲ့သူတွေအတွက် နစ်နာရပါတယ်။ ဒါပေမယ့်လည်း အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများတဲ့ ကျွန်တော်တို့နိုင်ငံမှာ အမှတ်နဲ့ဆုံးဖြတ် တဲ့စနစ်က ပိုကောင်းလေမလားဆိုပြီး တော့ တစ်ခါတစ်လေ တွေးမိပါတယ်။

 

သို့သော်လည်း နိုင်ငံရေး အပြောင်းအလဲ၊ စနစ် အပြောင်းအလဲမှာ အစိုးရ၊ ပြည်သူ နဲ့ဝန်ထမ်းတွေဟာ အတွေးအခေါ်တွေ ပြောင်းလဲသွားတဲ့ တစ်နေ့မှာ အမှတ်နဲ့ ဆုံးဖြတ်တဲ့စနစ်ကို အမြန်ဆုံး ပယ်ဖျက် ပြီးတော့ ဝင်ခွင့်စနစ်ကို ပြောင်းရမှာပါ။

 
ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်ခွင့်ကို အမှတ်နဲ့ပဲ ဆုံးဖြတ်ဦးမှာဖြစ်လို့ မိမိရတဲ့ အမှတ်နဲ့ မိမိဝါသနာပါတဲ့ မိမိတက် ရောက်လိုတဲ့ တက္ကသိုလ်တွေကို ရွေးချယ် လျှောက်ထားရဦးမှာပါ။ တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ အမှတ်သိပ်မ ကောင်းတဲ့သူတွေအတွက်ကတော့ ဝါသနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မိမိ အမှတ်နဲ့ကိုက်ညီတဲ့ ဘာသာရပ်တွေ တက္ကသိုလ်တွေကို ရွေးချယ်တက်ရောက်ရ တော့မှာပါ။ သူတို့အတွက် ရွေးချယ်စရာ သိပ်အများကြီး မရှိပါဘူး။ အမှတ်၄၀၀နဲ့ ၅၀၀ အကြားရတဲ့ သူတွေကတော့ ဟို မရောက် ဒီမရောက်နဲ့ စဉ်းစားရွေး ချယ်ရတာ အတော်ကို ဦးနှောက်စား စရာပါ။ အမှတ် ၅၀၀ ကျော်တဲ့သူတွေကတော့  မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ခွင့်ရကြမှာပါ။

 
လူငယ်အများစုက မိမိဘာကို ဝါသနာပါတယ်၊ မိမိရဲ့ရည်မှန်းချက်က ဘာလဲဆိုတာ တိတိကျကျ မသိရှိကြပါ ဘူး။ ၁၀ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၂၀ ရာခိုင်နှုန်းသော လူငယ်တွေ လောက် သာ မိမိရဲ့ဝါသနာက ဘာဖြစ်တယ်၊ မိမိ ရဲ့ရည်မှန်းချက်က ဘာဆိုတာကို တိတိ ကျကျသိပါတယ်။ အဲဒီလိုမျိုး မိမိရဲ့ ရည်မှန်းချက် မိမိရဲ့ဝါသနာကို တိတိ ကျကျ သိတဲ့သူတွေဟာ ဘ၀မှာ အောင် မြင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ရည်မှန်းချက်ရှိပြီးသား ကျောင်းသားတွေ အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်တဲ့ နေရာမှာ အခက်အခဲ မရှိနိုင်ပေမယ့် ဝါသနာနဲ့ ရည်မှန်းချက် မရှိတဲ့သူတွေ အတွက်ကတော့ မိသားစုဝင်တွေရဲ့ အကူ အညီ၊ နီးစပ်ရာ ဆရာဆရာမတွေ့ရဲ့ အကူအညီတွေ လိုအပ်နေမှာပါ။ သူတို့နဲ့ သင့်လျော်မယ့် ဘာသာရပ်တွေ တက္ကသိုလ် တွေကို ဝိုင်းဝန်းစဉ်းစားပေးကြရမှာပါ။ ဒါပေမယ့် စေတနာအမှားတွေမဖြစ် အောင်တော့ သတိထားကြရမှာပါ။

 
ဂုဏ်ထူးတွေနဲ့ အောင်ပြီးတော့ အမှတ် ကောင်းကောင်းရကြတဲ့ သူတွေ မှာတော့ တစ်ခါတစ်ရံမှာ မိဘတွေရဲ့ အတ္တကြောင့် မလိုလားအပ်တဲ့ ပြဿနာ တွေနဲ့ ကြုံရတတ်ပါသေးတယ်။ မိဘတွေ ဟာ မိမိတို့ရဲ့အတ္တကိုစေတနာလို့ အရောင်ပြောင်းပြီးတော့ သားသမီးတွေကို စက်ရုပ်သာသာ သဘောထားပြီးတော့ ပြုစုပျိုးထောင် ပုံသွင်းတတ်ကြပါတယ်။ သူငယ်တန်းအရွယ်ကတည်းက ကျူရှင် တွေ၊ ဂိုက်တွေ၊ ဝိုင်းတွေ ထားကြပြီးတော့ အရွယ်နဲ့ မလိုက်အောင် မောင်းနှင်ခြင်းကို သားသမီးတွေဟာ ခံကြရပါတယ်။

 

သူတို့ ရဲ့ ပစ်မှတ်က အမှတ်ကောင်းကောင်းရဖို့၊ အဆင့်တစ်ရဖို့နဲ့ တက္ကသိုလ်ဝင်တန်း ရောက်ရင်လည်း ဘာသာစုံဂုဏ်ထူး ထွက်ဖို့ ပစ်မှတ် ထားကြပါတယ်။ တချို့ မိဘတွေဆိုဘယ်လောက်ထိ ဆိုးသလဲ ဆိုရင် ဘာသာစုံ ဂုဏ်ထူးထွက်တာ တောင်  Top Ten (အဆင့် ၁ ကနေ ၁၀ ကြား) ဝင်လို့ဆိုပြီးတော့ သားသမီးတွေ ကို ဆူပူကြိမ်းမောင်းတဲ့ မိဘမျိုးလည်း ရှိပါတယ်။ တချို့မိဘတွေရဲ့ ပစ်မှတ်က ဆရာဝန်ပါ။ ဒါပေမယ့် သားသမီးလုပ် တဲ့သူက ခေတ်စနစ်အရ ဝါသနာမပါ တော့တဲ့အခါ မိဘနဲ့သား သမီးအကြားမှာ ထိပ်တိုက် တွေ့ကြပါတော့တယ်။ မိဘရဲ့ စကားကို မပယ်ရှားနိုင်တဲ့ သားသမီး တွေမှာ မိဘတွေက အတင်းတက်ခိုင်းလို့ ဆေးတက္ကသိုလ်ကို သွားတက်ပြီးကာမှ ဆေးစွဲပြီးတော့ ဆေးကျောင်းသားအစစ် ဖြစ်သွားသူတွေလည်း ရှိကြပါတယ်။ တစ်ချို့ကလည်း အရက်သမားတွေ ဖြစ် သွားတာလည်း ရှိပါတယ်။

 

တချို့က လည်း ကျောင်းလည်း မှန်အောင်မတက် စာ လည်း မကျက်တော့ ကျောင်းခေါ်ချိန် ၇၅ရာခိုင်နှုန်းမပြည့်လို့ စာမေးပွဲမဖြေကြ ရသလို စာမေးပွဲကျတဲ့ သူတွေလည်း ရှိလာပါတယ်။ မိဘတွေရဲ့ စေတနာဆိုး အတ္တဆိုးတွေကြောင့် ကြိုးစားခဲ့ကြရသမျှ သဲထဲရေသွန် ဖြစ်ကြရပါတယ်။

 
ဆရာကြီး ဒေါက်တာသန်းထွန်း ကတော့ Hobby is profession.  လို့ ပြောခဲ့ဖူးပါတယ်။ ဝါသနာနဲ့အလုပ် ထပ်တူကျမှ ဘ၀မှာအောင်မြင် ပျော်ရွှင်ရ မှာပါ။ ဝါသနာ မပါတဲ့အလုပ် တစ်ခုကို ဝင်ငွေတစ်ခု တည်းကိုကြည့်ပြီး လုပ်နေ ရမယ်ဆိုရင် မိမိဘ၀ရဲ့ တန်ဖိုးရှိ လှတဲ့ အချိန်တွေကို ရောင်းစားရာကျသလို တစ် နေ့နေ့တစ်ချိန်ချိန်ကျရင် အဲဒီအလုပ်ကို ငြီးငွေ့လာပြီးတော့ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလို ခံစားလာရမှာပါ။ ဆရာ ဦးကျော်ကျော်လှိုင်ကတော့ အောင်မြင်တဲ့ သူတွေဟာ အလုပ်မလုပ်တဲ့သူတွေလို့ ပြောပါတယ်။ ဆိုလိုတာကတော့ မိမိ ဝါသနာပါရာ အလုပ်ကို လုပ်ပြီးတော့ အောင်မြင်နေသူတစ်ယောက်ဟာ စိတ်ထဲ မှာ အလုပ် လုပ်နေရတယ်လို့ကို မထင် တတ်ကြလို့ပါ။ ဒါကြောင့် ဆရာက အောင်မြင်တဲ့သူတွေဟာ အလုပ်မလုပ်တဲ့ သူတွေလို့ တင်စားပြောဆိုခြင်း ဖြစ်ပါ တယ်။ တချို့သောသူတွေဟာ မိမိ ဝါသနာပါရာအလုပ်ကို သေတဲ့အထိ လုပ်သွားကြတာကို တွေ့ကြရမှာပါ။

 
မိဘတွေအနေနဲ့ သားသမီးတွေကို ပျိုးထောင်တဲ့နေရာမှာ မာလာလာရဲ့ အဖေကို နမူနာယူသင့်ပါတယ်။ မာ လာလာကို ပါကစ္စတန်နိုင်ငံမြောက်ပိုင်း အာဖဂန်နစ္စတန်နယ်စပ် ဆွက်ဒေသမှာ ၁၉၉၇ခုနှစ် ဇူလိုင်လ ၁၂ ရက်မှာ မွေးဖွား ခဲ့ပါတယ်။ အသက် ၁၂ နှစ်လောက် ကတည်းက အဖေနဲ့အတူတွဲပြီးတော့ လူ့အခွင့်အရေး၊ ပညာ သင်ကြားခွင့်ရရေး တို့အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ တာလီ ဘန်တွေရဲ့ ခြိမ်းခြောက်မှုကိုလုံးဝ      ဂရုမစိုက်ဘဲ ရုပ်သံအင်တာဗျူးတွေဖြေ၊ ဟောပြောပွဲတွေကို လုပ်ခဲ့ပါတယ်။

 

ထို့အတွက်ကြောင့်ပဲ မာလာလာကျောင်း က အပြန် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ တာလီဘန်လူသတ်သမား တွေက ကျောင်းကားပေါ်ကို တက်ပြီး တော့ ဦးခေါင်းကို အနီးကပ် ပစ်သတ် လိုက်ကြပါတယ်။ ကျည်ဆန်က မာလာ လာရဲ့ ဦးခေါင်းကိုဖြတ်ပြီး ပခုံးညှပ်ရိုး အထိ ရောက်သွားပါတယ်။ ဒါပေမယ့် ကံကောင်း ထောက်မစွာနဲ့ သေဘေးက နေ လွတ်မြောက်ခဲ့ပါတယ်။ သူမရဲ့ ရဲစွမ်း သတ္တိအတွက် သေရွာပြန်သူမကို ကမ္ဘာ အရပ်ရပ်က ဩဇာတိက္ကမကြီးတဲ့သူ တွေက တွေ့ဆုံခွင့်ပေးခဲ့သလို ဂုဏ်ပြုမှု တွေလည်း လုပ်ခဲ့ကြပါတယ်။

 

 

ကမ္ဘာ အရပ်ရပ်မှ ချီးမြှင့်တဲ့ ဆုပေါင်း၊ ငွေ ပေါင်းများစွာကိုလည်း ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၀ရက် ၁၇ နှစ် အရွယ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်အဖြစ် ရွေး ချယ်ခြင်းခံခဲ့ရပါတယ်။ သတင်းထောက် တစ်ယောက်က မာလာလာရဲ့ဖခင်ကို မာလာလာကို အခုလိုမျိုး ငယ်ငယ်ရွယ် ရွယ်နဲ့ အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လာအောင် ဘယ်လိုပြုစု ပျိုး ထောင် ပေးခဲ့သလဲဆိုတာ မေးပါတယ်။

 

သူ့ရဲ့အဖြေက ” ကျွန်တော်သူ့ကို ဘာမှခက်ခက်ခဲခဲ လုပ်ပေးခဲ့ရတာ မရှိ ပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့ ကိုတော့ တောင်ပံတွေ ဖြတ်မထားခဲ့ပါဘူး” တဲ့။ သူ့ရဲ့အဖြေကို ကြည့်ခြင်းအားဖြင့် လူငယ်တွေဟာ ထိန်းချုပ်မှုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာ တွေ့ရမှာပါ။ မိဘတွေအနေနဲ့သားသမီးတွေကို လုပ်သင့် လုပ်ထိုက်တာကို လုပ်ခွင့်မပေးပဲ အားလုံးကို ထိန်းချုပ် ထားမယ်ဆိုရင် သူတို့ကိုအတောင်တွေ ဖြတ်ထားသလို ဖြစ်သွားနိုင်ပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေ ဘာကိုဝါသနာပါလဲ၊ သူတို့ရဲ့ ရည်မှန်းချက်က ဘာဖြစ်မလဲဆိုတာကို သိအောင်လုပ်ပြီး သူတို့ရဲ့ အိပ်မက်တွေကို အကောင် အထည်ဖော်ခွင့်ပေးဖို့ အရေးကြီးပါတယ်။ သားသမီးတွေ သွားချင်တဲ့လမ်းနဲ့ မိမိသွားစေချင်တဲ့လမ်းကြောင်း မတူ ညီတဲ့အခါ ကိုယ်သွားစေချင်တဲ့လမ်း ကြောင်းကို အတင်းအကြပ်မသွားခိုင်း ကြပါနဲ့။ သူတို့သွားချင်တဲ့လမ်းကို သွားခွင့်ပြုလိုက်ပါ။

 

ဒါပေမယ့် လမ်းမ ချော်အောင်တော့ မိမိရဲ့အတွေ့အကြုံနဲ့ ထိန်းကျောင်းပေးရပါမယ်။  အဲဒီလိုမဟုတ်ပဲ မိမိရဲ့အတ္တကို ရှေ့တန်းတင်ပြီးတော့ သားသမီးတွေ သွားချင်တဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားမယ်ဆိုရင်တော့ မိမိရဲ့သားသမီး တွေကို အတောင်ဖြတ်မိသလိုမျိုး ဖြစ်သွား နိုင်ပါတယ်။

 

                      Ref တင်မောင်မြင့်၊ ကျွန်မ မာလာလာ