ကိန်းဂဏန်းများကို ဘာသာပြန်ကြည့်သောအခါ

0
518

နိဒါန်း
စာစုကို ကိန်းဂဏန်းများအား ဘာသာ ပြန်မှုဟု အမည်တပ်ပါမည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအား ကျေးဇူးတင်ကြောင်း ဆိုပါ၏။ အချက် အလက်များအား ကျေးဇူးပြုသောကြောင့် ဖြစ်သည်။


တနင်္သာရီတိုင်းဒေသကြီး အစိုးရသည် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင် ၉ရက် နေ့အထိ ပြည်သူများထံမှ လက်ခံ ရရှိသော တိုင်ကြားစာများအပေါ် မည်သို့ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အများပြည်သူ များသို့ ဇူလိုင်လ ၂၂ရက်တွင် အစီရင်ခံ ပါသည်။ ရက် ၁၀၀ ပြည့်ပြီး ၁၃ ရက် မြောက်တွင် ရက်တစ်ရာ တိုင်စာမှတ်တမ်း ပြုစုထုတ်ပြန်ခြင်းဟု ဆိုရပါမည်။တိုင်ကြားစာ စုစုပေါင်း ၂၆၆ စောင် လက်ခံရှိပါသည်ဟု ဆိုပါသည်။

 
လက်ရှိအခြေအနေအထိ တိုင်းအစိုး ရသည် တစ်နေ့ ပျမ်းမျှ အနည်းဆုံး တိုင်စာ ၂ စောင် လက်ခံရရှိနေသည်ဟု နားလည်ရပါ သည်။
တစ်ရက် နှစ်စောင် မည်သည့်ဌာန များ လက်ခံရရှိနေသနည်း။တိုင်စာ အများဆုံး လက်ခံရှိသော ဝန်ကြီးဌာနအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တိုင်စာပေါင်း ၁၅၈ စောင်ဖြင့် အပြတ်အသတ် ဗိုလ်စွဲပါ သည်။ ဒုတိယလိုက်သောဌာနမှာ ၂၈ စောင်ရရှိသော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဖြစ် ၏။ တတိယမှာ လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာန ဖြစ်သည်။ ရက် တစ်ရာတွင် ၂၃ စောင် ဖြစ်သည်။ပထမနှင့် ဒုတိယ ကွာခြားချက်မှာ အစောင်ရေ ၁၃၀ ဖြစ်၏။

 
တိုင်းအစိုးရမှ ထုတ်ပြန်သော သတင်း များတွင် ထိုဝန်ကြီးသုံးဦးမှာ ဓာတ်ပုံထဲတွင် တပူးပူး တတွဲတွဲ တွေ့ရတတ်သဖြင့် တိုင်စာ ရ မှုတွင်လည်း ပ – ဒု – တ ဖြစ်သွားသလား ဟု တွေးမိတွေးရာ တွေးဖြစ်ပါသည်။
ဆက်လက်၍ ဘာသာပြန်ပါမည်။

request_letter
စိုက် /မွေး / ဆည် ဝန်ကြီးဌာနမှ လက်ခံရရှိသော တိုင်စာမှာ ၁၅၈ စောင် ဖြစ်သဖြင့် အစိုးရတစ်ဖွဲ့လုံးထံ ရောက် ရှိသော တိုင်စာ စုစုပေါင်း၏ ထက်ဝက်ကျော် ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ဆိုရလျှင် ၅၉ .၃ ရာခိုင်နှုန်း ဖြစ်ပါသည်။

 

ဝန်ကြီးဌာန တစ်ခုတည်း အတွက်ဆိုလျှင် ရက်တစ်ရာ အတွင်း အတော်များသော ပမာဏဖြစ်သည်။ တစ်နေ့ အနည်းဆုံး တစ်စောင် ရောက်ရှိ နေခြင်း ဖြစ်သည်။

 
၁၅၈ စောင်အနက် တိုင်စာတူ ၂၁ စောင်ကို ဖယ်ထုတ်လိုက်သောအခါ ၁၃၇ စောင် ကျန်ပါသည်။ ၁၃၇ စောင်စိစစ်ဆဲဟု ဆိုသဖြင့် တူရာတူရာရွေးသည့် အဆင့်ထက် ပိုပါစေကြောင်း မဲဆန္ဒရှင် တောင်သူလယ် သမားကြီးများ တောင်းဆုပြုနေကြရပါသည်။
မြေယာနှင့် ပတ်သက်သော တိုင်စာ အများစုဖြစ်မည်ဟု ခန့်မှန်းရသဖြင့် မြေယာ အရေးဆောင်ရွက်သူများနှင့် မြေသိမ်း ယာသိမ်းဒဏ်ခံ ပြည်သူများအတွက် ဝမ်းသာဖွယ်ရာ သတင်းကောင်း မဟုတ် ပါကြောင်း အားနာလှစွာဖြင့် ဘာသာ ပြန်ပါရစေ။ မြေယာပြဿနာများကို လောလောဆယ် မကိုင်တွယ်သေးဟု ကြားနေရသောကြောင့်လည်း ဖြစ်သည်။
ရက်တစ်ရာတွင် ၁၅၈ စောင်ခွဲတမ်းရ သဖြင့် တစ်နေ့တစ်စောင်ထက်ပိုသော တိုင်စာများ ဝင်လာမစဲ တသဲသဲဖြစ်လျက် ရှိကြောင်း ကိန်းဂဏန်းများက ညွှန်ပြနေ သည်။ မလွယ်လှ။ ဝန်ကြီးအား ကိုယ်ချင်း စာမိပါ၏။ မြန်မြန်ဖြေရှင်းပေးစေလိုကြောင်း နောက်တစ်စောင် ထပ်တိုင်လျှင်ကောင်း မည်လား မသိ။ ထိုတစ်စောင်ပေါင်းလျှင် ၁၅၉ စောင်ဖြစ်သွားမည် ဖြစ်သည်။

 
တိုင်စာများစွာရရှိသော ကဏ္ဍမှာ ဦးစားပေးဖြေရှင်းရမည့် ပြဿနာများ ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ် သည်။ သေချာစွာစေ့ငု သုံးသပ်ပြီးခပ် သွက်သွက် ဆောင်ရွက်ရန် လိုသည့် သဘောလည်း ဖြစ်သည်။ ရက်တစ်ရာဆိုသည်မှာ ၅နှစ် ကာလနှင့် ယှဉ်လျှင် သွေးပူလေ့ကျင့်ခန်း ဆင်းချိန်သာ ဖြစ်၏။ ပွဲစလျှင် စချင်း ခြေပေါ်ရန် လိုသလို ပွဲစဉ်တစ်လျှောက် သက်လုံကောင်းရန်လည်း အရေးကြီးသည်။ သို့မှ ပရိသတ်လက်ခုပ်သံ ကြားရမည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင် မြေယာကိစ္စများကို စတင်ကိုင်တွယ်နေပြီ ဖြစ်သည်။ဥပမာ  မကွေးတိုင်းဒေသကြီးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော် မတီအား ဇူလိုင်လ ၁၅ရက်က ဖွဲ့စည်းပြီး ဖြစ်သည်။

 
ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးများ ဌာနဆိုင်ရာများ သာမက တောင်သူလယ်သမားရေးရာ လူမှု အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ ကြည်ညို လေးစားသည့် ကိုယ်စားလှယ်များ စသည် ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လုပ်ငန်း တာဝန်ဝတ္တရားများ တိတိကျကျ ဖော်ပြ ထားသည်။ တနင်္သာရီတွင် မကြားမိသေး။ မြေယာကိစ္စ တိုင်းအစိုးရခြေသိပ် မပေါ်သေး။
မြေယာကိစ္စအပြင် အခြားကဏ္ဍများရှိ တိုင်စာများ မည်သို့ဆောင်ရွက်ထားသ နည်း။

 
သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနတွင် ၂၈ စောင်ရ သည့်အနက် ၁၃ စောင်စိစစ်ဆဲဟု ဆို ထားသည်။ ထက်ဝက်နီးပါးကျန်ရှိသေး သည်ဟု ဆိုရမည်။တိုင်ကြားသူအား ရှင်းလင်းပြီးသည် မှာ ၁၁ စောင်ဖြစ်သဖြင့် ထက်ဝက်နီးပါး ခန့်အား တိုင်ကြားသူများနှင့် မျက်နှာ ချင်းဆိုင် (သို့တည်းမဟုတ်) အခြား နည်းလမ်းသုံး၍ ပြန်ကြားပြီးဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ သတ္တုမိုင်းပြဿနာ အများစုတွင် မြေယာကိစ္စကို အခြေပြု ပါသည်။ ဝန်ကြီးဌာနချင်း ပူးပေါင်းညှိုနှိုင်းမှု အားကောင်းရန် လိုပါသည်။ လက်ရှိ အချိန်အထိ စည်းကမ်းမလိုက်နာသော မိုင်းနှစ်မိုင်း ရပ်ဆိုင်းထားပြီး ဖြစ်သည်။ အတော်အတန် ခြေပေါ်သည်။ သက်လုံ ကောင်းရန်သာ လိုတော့သည်။

 

တတိယစွဲသော စည်ပင်နှင့် လူမှုရေး ဝန်ကြီးဌာနကမူ ၂၃ စောင်အနက် ၁၆ စောင်တိတိအား တိုင်ကြားသူအား ရှင်းလင်း ပြီးဖြစ်သဖြင့် စိစစ်နေသည်မှာ ၇ စောင်သာ ကျန်ရှိပါသည်။ အခြား ဝန်ကြီး ဌာနများမှ အရေးယူဆောင်ရွက်ပုံများတွင် ဥပဒေ ကြောင်းအရ ဖြေရှင်းရန်ဟုပါပြီး စည်ပင် တွင် မပါသဖြင့် စည်ပင်နှင့် သက်ဆိုင်သော ကိစ္စများတွင်အများစုမှာ ပြေပြေလည် လည်ရှိသည်ဟု ဆိုရမည်လား မသိ။သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနတွင် ဥပဒေအရ အရေးယူဆောင်ရွက်ရန်ဟု ဖော်ပြ ထားသည့် တိုင်ကြားစာ ၂ စောင်ရှိသည်။ ၂ မှု ရှိသည်။

 

မည်သည့်အမှုများ ဖြစ်သည်။ မည် သည့်နေရာဌာနမှ ဖြစ်သည်ဟု သက်ဆိုင် ရာဌာနမှ တိတိကျကျထုတ်ပြန် ပေးပါက ပြည်သူများအတွက် ပိုအကျိုး ရှိမည် ဖြစ်သည်။ တိုင်ကြားစာ အနည်းဆုံးရှိသော ဝန်ကြီးဌာနမှာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဖြစ်သည်။ ရက်ပေါင်း ၁၁၃ ရက်တွင် စုစုပေါင်းတိုင်စာ ၅ စောင်ရသဖြင့် တွက်ကြည့်ရလျှင် ၂၂ ရက်တွင်မှ တိုင်စာ ၁ စောင်သာ ရသည့် နှုန်းဖြစ်သည်။ ယုံရ ခက်ခက်ဖြစ်သည်။ဗန်းမှောက်သဖြင့် ကျပျောက်ကုန် သော ဇီးသီးများကို ဘယ်သူမှ မရှာသေး ဟူသည့်သဘော ဖြစ်သည်။သို့မဟုတ်ဟု မရှာလိုသေးဟု အနက် ကောက်လျှင် မှားမည်မထင်။
လက်ရှိအချိန်တွင် ကိုယ့်လက်ထဲက ဇီးသီးဗန်းကို ခိုင်ခိုင်ဆုပ်ထားရုံဖြင့် လုံပြီ လော။ ပျောက်သွားသော ဇီးသီးများကို ရသလောက် ပြန်ကောက်ထည့်စေချင် လှသည်။

 
စီမံကိန်းနှင့် သက်ဆိုင်သော အရည် အသွေးဆိုင်ရာ ပြဿနာများနှင့် အကျင့် ပျက်ခြစားမှုများ အကြောင်း ဟိုနား ဒီနား တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ကြားရ လေ့ရှိသော်လည်း ထိုအမှုများ ဝန်ကြီးစားပွဲ သို့ မရောက်သေး။
များများမြန်မြန်တိုင်ကြရန် ဆော်ဩ လိုက်ပါသည်။

 

ပွဲစရန် မျှော်သူများ ခုထိ စိတ်ရှည် ရှည်ဖြင့် စောင့်နေဆဲဖြစ်သည်။
ဇာတ်ထုပ်ဟောင်းများအား ရိုးအီနေ ကြပြီ။သေချာသည်က ကန့်လန့်ကာဖွင့် သည်နှင့်ပင် လက်ခုပ်တီးကြမည် ဖြစ်၏။

 

သတိ
မင်းသမီး မင်းသားများ အရင်ထွက် ရန် လိုသည်။
လူရွှင်တော်များ မလိုသေး။
ပွဲကောင်းလျှင် မိုးအလင်းထိုင်အား ပေး ကြမည်။
ကိန်းဂဏန်းများအား ဘာသာပြန် ခြင်း အမှုဤတွင် ပြီးပါသည်။
နောင်တွင်လည်း ကြိုးစားပါဦးမည်။
သတင်းထုတ်ဦးသော ဝန်ကြီးဌာန များကို ဦးစားပေးမည် ဖြစ်သည်။