ထားဝယ် ရော်ဘာလုပ်ငန်းရှင်များ စုပေါင်းကုမ္ပဏီ ထောင်မည်

0
821

ထားဝယ်ခရိုင်အတွင်းရှိ ရော်ဘာ လုပ်ငန်းရှင်များစုပေါင်း၍ ထားဝယ် ရော်ဘာကုမ္ပဏီလီမိတက် အမည်ဖြင့် ကုမ္ပဏီထောင်ရန် စီစဉ်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက် ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရ သည်။


ယင်းကုမ္ပဏီကို တိုင်းဒေသကြီးနှင့် ခရိုင်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့က ပူးပေါင်း၍ ဖွဲ့စည်းပေး ခြင်းဖြစ်ပြီး ထားဝယ် ခရိုင်အတွင်းရှိ ရော်ဘာ လုပ်ငန်းလုပ်ကိုင်သူ ၂၀ ဦးက ဦးဆောင်စီစဉ်နေခြင်းဖြစ်ကြောင်း တိုင်းအသင်းဥက္ကဋ္ဌ ဒေါက်တာယုစိန်က ပြောသည်။”အခုရက်ပိုင်းအတွင်းမှာ ကုမ္ပဏီ မှတ်ပုံတင်မယ်”  ဟု ဒေါက်တာယုစိန်က ပြောသည်။
လက်ရှိ အနေအထားတွင်နိုင်ငံတကာရော်ဘာဈေးကျဆင်းခြင်းနှင့် ရော်ဘာကိုဒေသခံဥယျာဉ် ခြံပိုင်ရှင်များ က နိုင်ငံတကာ အဆင့်မီအောင် မထုတ် လုပ်နိုင်ခြင်းတို့ကြောင့် ဒေသခံရော်ဘာ လုပ်ငန်းလုပ်ကိုင်သူများ၏ စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရ ကြောင်း ၎င်းက ပြောသည်။
၎င်းအပြင် ရော်ဘာခြံများ ရပ်ဆိုင်း လိုက်ရခြင်း၊ ရော်ဘာခြံ အလုပ်သမား များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်း၊ စိုက်ဧကများ စွန့်လွှတ် လိုက်ရခြင်း စသဖြင့် ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ထားဝယ် ခရိုင်မှ ရော်ဘာခြံပိုင်ရှင် တစ်ဦးလည်း ဖြစ်သည့် ဒေါက်တာယုစိန်က ပြော သည်။
ထားဝယ် ရော်ဘာကုမ္ပဏီက နိုင် ငံတကာ အဆင့်မီ ရော်ဘာထုပ်လုပ်နိုင် ရန် စက်ရုံတည်ဆောက်ခြင်း၊    ဒေသခံ တောင်သူများ၏ ရော်ဘာများကို ပြည် တွင်း^ပြည်ပရှိ ရော်ဘာသုံးစွဲသူများနှင့် ချိတ်ဆက်ရောင်းနိုင်ရန် အဝယ်ဒိုင်များ ဖွင့်လှစ်၍ ဝယ်ယူခြင်းတို့ကို လုပ်ဆောင် မည်ဖြစ်ကြောင်း ကုမ္ပဏီထောင်ရန်စီစဉ် နေသူများထံမှ သိရသည်။
“ကောင်းပါတယ်၊ ရော်ဘာကို အရည် ဝယ်နိုင်ရင် အရည်အသွေးကောင်းကောင်း ထုတ်နိုင်တာပေါ့။ အဆင့်မီမီနဲ့ အမှာ ရတဲ့အတိုင်း ထုတ်နိုင်ရင် ကျန်တဲ့ ရော်ဘာပြားဈေးကွက်ပါ ကောင်းလာ နိုင်တယ်” ဟု ထားဝယ်မြို့မှ ရော်ဘာ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
ဈေးကွက် ပျောက်နေသည့် ရော် ဘာလုပ်ငန်း ဖွံ့ဖြိုးလာစေရန် အစိုးရ အနေဖြင့် နိုင်ငံတော်ပိုင်ခြံများငှားရမ်းပေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ က နည်းပညာပံ့ပိုးပေးခြင်းနှင့် နိုင်ငံ တကာ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း စသဖြင့် အကူအညီပေးစေလိုကြောင်း ၎င်းက ဆိုသည်။သက်ဆိုင်ရာဌာန၏ စာရင်းများ အရ ထားဝယ်ခရိုင်တွင် ရော်ဘာစိုက်ဧက တစ်သိန်းသုံးသောကျော် (၁၃၄၈၉၉ ဧက) ရှိကြောင်း သိရသည်။