မွန်ပြည်နယ်ရှိ ငါးဖမ်းကွက်များ ဇူလိုင်လ ၂၅ ရက်တွင် တင်ဒါရောင်းချမည်

0
626

၂၀၁၆-၂၀၁၇ ခုနှစ် လုပ်ငန်း ရာသီအတွက် မွန်ပြည်နယ်ရှိ သံလွင် မြစ်၊ အတ္ထရံမြစ်နှင့် ဂျိုင်းမြစ်အတွင်းရှိ ငါးဖမ်းကွက်များကို ဇူလိုင်လ ၂၅ ရက်တွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနရုံးတွင် တင်ဒါစတင် ရောင်းချသွား မည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။


မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်မြို့နယ်တွင် ငါးဖမ်း ပိုက် ချက် (ငါးဖမ်းကွက်) ၅၀ ချက်၊ ကျိုက်မရောတွင် အချက် ၂၀၊ မုဒုံတွင် ၃ ချက်နှင့် ချောင်းဆုံတွင် ပိုက်ချက် ၂၄ ချက်နှင့် သထုံခရိုင် ပေါင်မြို့နယ်တွင် ပိုက်ချက် ၅ ချက် စုစုပေါင်း ၁၀၂ ချက်ရှိသည်ဟု မော်လမြိုင်ခရိုင် ငါး လုပ်ငန်းဦးစီးဌာန စာရင်းအရ သိရ သည်။

 
“ရေးတို့ သံဖြူဇရပ်တို့ ကျတော့ ပိုက်တင်ဒါမရှိဘူး သူတို့မှာ ချောင်း တင်ဒါတို့ ရှိတယ်။ နောက်ပြီးတော့ ပင်လယ်ကမ်းဝေးကမ်းနီး အဲဒါတွေပဲ ရှိတယ်။ တင်ဒါပိုက်ချက် မရှိဘူး ” ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးဌာနမှူး ဦးဝင်းမြင့်က ပြော သည်။
အထူးတင်ဒါပိုက်ချက်များ၏ စည်းမျဉ်းစည်းကမ်းအရ တင်ဒါကို ၅ ကြိမ်ထိ ရောင်းချခွင့်ရှိပြီး ဇူလိုင်လ ၂၅ ရက်တွင် ရောင်းချမည့် တင်ဒါသည် ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

 
” ပိုက်ချက်တည်နေရာပေါ့ မှန်မှန် ကန်ကန်မြေပြင်အမှတ်အသားနဲ့ စနစ် တကျ ကွင်းဆင်း သတ်မှတ်ပေး စေချင်တယ်၊ တချို့ဆိုရင် တည်နေရာ ကြောင့် ပြဿနာဖြစ်ပြီးတော့တချို့ ရေလုပ်သား တွေ အရေးယူခံရတာတွေ ရှိတယ်”   ဟုချောင်းဆုံမှ တင်ဒါဆွဲမည့် ရေလုပ် သားတစ်ဦးက ပြောသည်။
၂၀၁၅-၂၀၁၆ ခုနှစ် လုပ်ငန်း ရာသီမှာတော့ မွန်ပြည်နယ် မော်လမြိုင် ခရိုင်အတွင်းရှိ မော်လမြိုင်မြို့နယ်တွင် ပိုက်ချက် ၅၀ ချက်၊ ကျိုက်မရောတွင် ၂၁ချက်၊ မုဒုံတွင် ၃ ချက်နှင့် ချောင်း ဆုံတွင် ပိုက်ချက် ၂၄ ချက် စုစုပေါင်း ပိုက်ချက် ၉၈ ချက် တင်ဒါ ရောင်းချ ခဲ့ပြီး တင်ဒါရောင်းရငွေ စုစုပေါင်းကျပ် သိန်း ၆၀၀၀ နီးပါးရရှိခဲ့သည်ဟု မော်လ မြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရ သည်။