လက်ရှိထက် ပိုအားထည့်မလုပ်က ယ.က.က များ အသစ်ပြန်ဖွဲ့မည်

0
440

ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ် များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ(ယ.က.က)မှ လက်ရှိလုပ်ဆောင်နေသည့် အလုပ်ထက် ပိုမိုအားထည့်လုပ်ဆောင်ရန် လိုအပ်ပြီး မလုပ်ပါက အသစ်ပြန်လည် ဖွဲ့စည်း သွားရန် စီစဉ်နေသည်။


ထားဝယ်မြို့နယ် (ယ.က.က) အဖွဲ့မှာ အခြားဒေသများနှင့် နှိုင်းယှဉ် ပါက လုပ်ငန်းဆောင်ရွက်မှု အားနည်း နေပြီး အလုပ်ပိုလုပ်ရန် ဖိအားပေး ပြောဆို စည်းရုံးသွားမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ် ညှိနှိုင်း မှုဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်စိုး က ပြောသည်။

 
” အလုပ်လုံးဝမလုပ်တာတော့ မဟုတ်ဘူး၊ နည်းနည်းလေး အားနည်းနေ တာပေါ့ ” ဟု တိုင်းဦးစီးမှူး ဦးတင်စိုးက ပြောသည်။
မြို့နယ် (ယ.က.က) အဖွဲ့၏ သက်တမ်းမှာသုံးနှစ်ဖြစ်ပြီး ထားဝယ်မြို့ နယ် (ယ.က.က)အဖွဲ့ သက်တမ်းမှာ ၂၀၁၇ခုနှစ် မတ်လတွင်ကုန်ဆုံးမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

 
ထားဝယ်မှ ထီးခီးသို့ ပြေးဆွဲနေ သည့် ယာဉ်များကို ထားဝယ်မြို့နယ် (ယ.က.က) မှ စစ်ဆေးကြပ်မတ်ခြင်း မရှိဟု ထားဝယ်-ထီးခီး ပြေးဆွဲနေသည့် ယာဉ်လိုင်း တစ်လိုင်းမှ ယာဉ်လိုင်း တာဝန်ခံက ဆိုသည်။” ထီးခီးလိုင်းနဲ့ပတ်သက်ပြီး ဘာ အလုပ်မှ မလုပ်ဘူး၊ ဒီလိုင်းမှာ နံပါတ် အမည်းနဲ့တောင် မဟုတ်ဘူး၊ လိုင်စင်မဲ့ ကားတွေတောင် ပြေးဆွဲနေတာတွေ ရှိ တယ်” ဟု အဆိုပါ ယာဉ်လိုင်းတာဝန်ခံက ပြောသည်။

 
(ယ.က.က)အဖွဲ့တွင် ဥက္ကဋ္ဌ အပါ အဝင် အဖွဲ့ဝင်များမှာ စေတနာ့ဝန်ထမ်း များဖြစ်ကြပြီး ကိုယ်ပိုင်အလုပ် ကိုယ်စီရှိ ကြသည့် အတွက် အချိန်ပြည့် မလုပ်နိုင် ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် (ယ.က.က) အတွင်းရေးမှူးက ဆိုသည်။
” အချိန်နဲ့တစ်ပြေးညီ လုပ်ရတဲ့ အလုပ်တွေအတွက် အခက်အခဲရှိတယ်”  ဟု ထားဝယ်မြို့နယ် (ယ.က.က) အတွင်းရေးမှူးက ပြောသည်။
ပြေးဆွဲနေသည့် ယာဉ်လိုင်းအား လုံးကို (ယ.က.က) အပါအဝင် သက် ဆိုင်ရာ ဌာနများ ပါဝင်သည့် အဖွဲ့ဖြင့် စစ်ဆေးကြပ် မတ်သင့်ကြောင်း ၎င်းက ဆိုသည်။