အလှူခံ နှင့် ဥပသကာ

0
1048

ဆောင်း၊ နွေ၊ မိုးဟုဆိုအပ်သော ဥတု သုံးပါး ဆယ်နှစ်လရာသီ ရှိရာတွင် ဆောင်း ရာသီနှင့် နွေရာသီတို့တွင်လည်း အလှူခံ တွေပေါ်များလာတာ နှစ်အတော်ကြာပြီ ဖြစ်ပါတယ်။ ထိုဆောင်းနှင့် နွေရာသီတို့တွင် ထားဝယ်လေးမြို့နယ်မှ ဒေသခံအလှူခံများ နည်းပါးပြီး ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည် နယ်တို့မှ လာရောက်အလှူခံသူတွေ များပါ တယ်။


ဆောင်းရာသီ၏ နေ့မွန်းတည့်ချိန် သီချင်းသံကြား၍ အိပ်ယာမှ လန့်နိုးကာ ထိုသီချင်းကြားရာနေရာကို ထ၍ ကြည့်မိပါ တယ်။ ထိုအခါအလှူခံကားမှ သီချင်းသံဖြစ် ကြောင်းသိရပါတယ်။ ” ဗုဒ္ဓဘာသာရှင်လူ အများတို့  သွေးအေးနေလို့မသင့်ပြီ သွေး အေးနေရင် သာသနာပျောက်လို့ လူမျိုး ပျောက်ဖို့ကြုံလိမ့်မည်” ဆိုလား ဘာဆိုလား ပဲ။ ထိုသီချင်းကိုဖွင့်ပြီး တစ်ပတ်တစ်ရက် လာအလှူခံလေ့ရှိပါတယ်။ အများအားဖြင့် အလှူခံတွေကို ကြည့်လိုက်သောအခါ ဘုန်း တော်ကြီးကျောင်း ပညာရေးရန်ပုံငွေအတွက် ဘုရားစေတီတည်ထားကိုးကွယ်ရန် အတွက်၊ ဘုန်းကြီးကျောင်းဆောက်အအုံ တည် ဆောက်ရန်နှင့် ပဋ္ဌာန်းပွဲအတွက် အလှူခံတာ တွေဖြစ်ပါတယ်။

 
အလှူခံသည့် ပုဂ္ဂိုလ်များကို ကြည့် လိုက်သောအခါ အိမ်ခြေစေ့ဝင်ရောက် အပြေးအလွှားအလှူခံနေတာတွေ တွေ့ရပါ တယ်။ ဒါကတော့ အိမ်တွေမှာ အလှူခံတာ တွေဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ လည်း လာရောက်အလှူခံတာ တွေလည်း ရှိပါတယ်။ မွန်ပြည်နယ်ဘက်က လာတယ် ဆိုတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း  အတွက်ပြောပြီး လာအလှူခံပါတယ်။ ပညာ ရေးအတွက်ဆိုတော့လည်း လှူဒါန်းလိုက်ရ တာပါပဲ။ သူတို့အလှူခံနည်းကတော့ တစ် နှစ်စာဆို ၆၀၀၀၀ ကျပ်၊ နှစ်ဝက်ဆိုရင် ၃၀၀၀၀ ကျပ်၊ အနည်းဆုံးကတော့ ၁၀၀၀၀ ကျပ်ပေါ့ စာရေးသူကတော့ ၃၀၀၀၀ ကျပ် လှူဒါန်းလေ့ ရှိပါတယ်။

donation_article
ရွာတစ်ရွာမှာ ရှေးတုန်းက ဘုန်းကြီး တစ်ပါးလိုပေါ့၊ ဘုန်းကြီးက ဆွမ်းစားပြီး ထိုင်နေတုန်း သူတောင်းစားတစ်ယောက်    ကျောင်းပေါ်ရောက်လာပြီး ” ဘုန်းဘုန်း            ဘုရား တပည့်တော်အား ဆွမ်းကျန်လေးစွန့် ပါဘုရား”ဆိုတော့ ဘုန်းကြီးက သူတောင်းစား ကို ကျောင်းပေါ်က မြန်မြန်ဆင်းရန် နှင်ချ လိုက်သတဲ့။ သူတောင်းစားက ကျောင်းပေါ် ကမဆင်းခင်မှာ  “ရှေးကကောင်းလို့ အခု ကောင်းပါသည် အခုကောင်း နောင်ကောင်း ပါလိမ့်မည် ” လို့ လျှောက်လိုက်သတဲ့။ အဲဒီ တော့မှ ဘုန်းကြီးက  ” ဟဲ့ ကပ္ပိယ ဇလုံကြီး ထဲက ဆွမ်းနဲ့ ချိုင့်ထဲက ဆွမ်းဟင်းကို ထည့်ပေးလိုက်စမ်း” လို့ ပြောလိုက်သတဲ့။ ဘုန်းကြီးထံအလှူခံလာတော့ ဘုန်းကြီးက မလှူဘဲ မနေနိုင်ပါ။ ဒါပေမယ့် သေချာစိစစ် ပြီးမှ လှူဒါန်းသင့်တယ် မဟုတ်ပါလား။

 

တစ်ခါတော့ စာရေးသူစိစစ်ဖူးပါတယ်။ သူတို့မှာ ဘာအထောက်အထားပါသလဲ။ အစစ်အမှန်ကော ဖြစ်ရဲ့လား၊ သူတို့ရဲ့ ထောက်ခံချက်တွေမှာ စစ်တပ်က တပ်ရင်း မှူးတွေ ထောက်ခံပေးထားတာကို တွေ့ရပါ တယ်။ ယခုနှစ် ၆ လပိုင်းလကုန်ခါနီးတုန်းက တစ်ခါလာအလှူခံပါသေးတယ်။ စစ်ဆေး ကြည့်လိုက်တော့လည်း စစ်တပ်က တပ်ရင်းမှူးရဲ့ ထောက်ခံချက်ပါလာတာကို တွေ့ရပါတယ်။ အစစ်လား၊ အတုလား မခွဲခြားတတ်ပါ။ လှူဒါန်းပြီးရင် လက်မှတ် ထိုးရပါတယ်။ ဘုန်းကြီးကျောင်း ၆ ကျောင်းလောက်က ဘုန်းကြီးတွေလက်မှတ် ထိုး လှူဒါန်းလိုက် တာလည်းတွေ့ရပါတယ်။ ဒီတစ်ခါတော့ စာရေးသူက အလှူခံလာတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကို ထမင်းတော့ကျွေး လိုက်ပါတယ်။ ဝတ္ထုငွေတော့ ကန်တော့ ဆွမ်းလုပ်လိုက်ပါတယ်။ စာရေးသူတို့တော့ နယ်မှာတောင် အလှူခံတွေ ပေါများ ဖောင်းပွနေတယ်ဆိုရင် ထားဝယ်မြို့ပေါ် ဆိုရင်တော့ ပိုများလိမ့်မယ်လို့ ထင်ပါတယ်။

 
သတင်းတွေထဲမှာ ဖတ်လိုက်ရပါ တယ်။ ကျိုက်ထီးရိုး ဘုရားပေါ်က ကန်ထရိုက်စနစ်နဲ့ အလှူခံနေတာတွေကို  ဖျက်သိမ်းဖို့နဲ့ခွင့်ပြုချက်မဲ့ ဟိုတယ်အခန်း ပိုနေတာ တွေကိုပိတ်မယ်ဆိုလား။ အရေး ယူမယ်ဆိုလားပဲ။ ဒီသတင်းကို ကြားရဖတ် ရတော့ ဘာသာသာသနာအတွက် အား တက်စရာပဲလို့ မြင်မိပါတယ်။

 
လွန်ခဲ့သော ၁၆ နှစ်ခန့် (၂၀၀၀ ခုနစ်) လောက်ကဖြစ်မယ်ထင်ပါတယ်။ စာရေးသူ စာသင်သားဘ၀တုန်းက ကျိုက် ထီးရိုးကို ပထမဆုံးသွားရောက်ဖူးမြှော်ဖြစ် တာပါ။ အလှူခံတွေပေါသလို အလှူခံ ပုဂ္ဂိုလ်တွေကလည်း အပြောကောင်း၊ အဟောကောင်းတော့ မလှူဘဲကို မနေနိုင် ဖြစ်ရပါတယ်။ အထူးခြားဆုံးကတော့ ကျီးကန်းပါးစပ်စေတီမှာ ခေါင်းလောင်းလှူ ဒါန်းရတာ ပျော်စရာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ခေါင်းလောင်းက တင်လိုက်ချ လိုက်လုပ်နေတာလေးကိုတော့ သဘော မကျခဲ့ဘူး။ အမှန်တကယ်ဆို ခေါင်းလောင်း တစ်ခါလှူထားပြီးရင် အဲဒီခေါင်းလောင်း  ပျက်စီးသွားမှ နောက်တစ်ခါအစားထိုး အလှူခံသင့်တယ်မဟုတ်လား။ ကျိုက်ထီးရိုး ဘုရားကို သုံးကြိမ်ဖူးရန်အဓိဋ္ဌာန်ခဲ့တဲ့ အတွက်ဒုတိယတစ်ခေါက်သွားရောက် ဖူး မျှော်ပါတယ်။ ကျီးကန်းပါးစပ်စေတီမှာ ခေါင်းလောင်းမလှူတော့ပါဘူး။ နောက်လို အပ်မယ်ထင်တဲ့ နေရာမှာ လှူဒါန်းခဲ့ပါသေး တယ်။ တတိယ အခေါက်မှာတော့ ကျိုက်ထီးရိုး ဘုရားမှာပဲ ရွှေဆိုင်း၊ ရွှေပြား၊ ရွှေသင်္ကန်း လှူဒါန်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များ အထူးလိုက်နာ  ကျင့်သုံးသင့်သည့် သပ္ပုရိသ ဒါနသုတ္တန်လာ သော သူတော်ကောင်းများပြုသော ဒါန  ၅ မျိုးဖြစ်အောင် လှူဒါန်းပြုလုပ်သင့်ပါ တယ်။

 
သူတော်ကောင်းဒါန ၅ မျိုး
၁။ သဒ္ဓါယ ဒါနံ ဒေတိ = ယုံယုံကြည် ကြည်လှူရမည်။
၂။ သက္ကစ္စံ ဒါနံ ဒေတိ = ရိုရိုသေသေ လှူရမည်။
၃။ ကာလေန ဒါနံ ဒေတိ = အချိန် အခါအားလျှော်စွာလှူရမည်။
၎။ အနုဂ္ဂဟိတ စိတ္တော ဒါနံ ဒေတိ = ပြတ်ပြတ်သားသား လှူရမည်။
၅။ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ = မိမိသူတစ်ပါးနှစ်ဦးသား မထိခိုက် ဘဲ လှူရမည်။

 
ဗုဒ္စသာသာဝင်တို့ရဲ့ အားနည်းချက် ကတော့ အချိန်အခါအားလျော်စွာမလှူတတ် တာပါပဲ။ အရေးကြီးတာ အရေးမကြီးတာ၊ လိုအပ်တာ မလိုအပ်တာ၊ ဦးစားပေးသင့်တာ မပေးသင့်တာ။ အခြေအနေအချိန်အခါတွေ ကို မခွဲခြားနိုင်တော့ဘဲ နာမည်ကြီးသည့် နေရာ စုပုံလှူတတ်တာ ဗုဒ္ဓဘာသာတို့ရဲ့  အားနည်းချက်တစ်ခုပါ။ သဒ္ဓါလွန်ကဲ အကြည်ညိုလွန်ကဲပြီး နေပူကျဲကျဲ ရဟန်း၊ သာမဏေများကို ငွေမြောက်မြားစွာ ကုန်ကျ ခံတာ ပန်းခင်းလမ်းကို လျှောက်လှမ်းစေပြီး ဒါမှ ” ငါတို့ ဗုဒ္ဓဘာသာက” ဟု ကြွေးကြော် ဂုဏ်ယူတတ်တာဟာလည်း ဗုဒ္ဓဘာသာ တွေပါပဲ။ ” သဒ္ဓါလွန်ကဲ ပညာနည်း အလွဲ ဖြစ်တတ်သည်။ သဒ္ဓါနည်းပါး ပညာများ အမှားဖြစ်တတ်သည်” အစွန်းနှစ်ဖက်ကို ရှောင်ပြီး မဇ္ဓျိမ ပဋိပဒါ မဂ္ဂင်လမ်းစဉ် ကိုလျှောက်လှမ်းမှသာ ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ကို ဧကန်အမှန် ရောက်နိုင်မည် မဟုတ်ပါလား။

 
စာရေးသူတို့ငယ်စဉ်ကျောင်းသား ဘ၀တုန်းက ဥပသကာအဖွဲ့လေးအကြောင်း ပြောပြချင်ပါတယ်။ ဥပသကာအဖွဲ့ အလှူခံ ထွက်တော့မယ်ဆိုရင် အနည်းဆုံး လူ ၁၅ ယောက် ခန့်လိုအပ်ပါတယ်။ ထားဝယ် အခေါ် အော်လံကို တစ်ယောက်ထမ်းရပါ တယ်။ အသံချဲ့စက်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် နှစ်ယောက်ထမ်းရပါ တယ်။ ဘက်ထရီအိုးကိုလည်း နှစ်ယောက် ထမ်း ရပါတယ်။ ဆန်ထည့်မည့်တောင်း ကိုလည်း နှစ်ယောက်ထမ်းရပါတယ်။ အားလုံးဖိနပ် မစီးရဘဲ ရွာစဉ်လျှောက်ပြီး သွားရပါတယ်။ စာရေးသူတို့ကတော့             ” မိုက်” ကိုင်ပြီး ဆုပေးရတဲ့ သူဖြစ်ပါတယ်။ ထားဝယ်ရိုးရာ အစဉ်အလာ ဥပသကာ အဖွဲ့၏ ထူးခြားချက်က  တစ်အိမ်ဝင် တစ် အိမ်ထွက် အလှူမခံပါဘူး။ လမ်းမကြီးတိုင်း တန်းစီးပြီး ကြည်ညိုဖွယ်ရာ သွားနေတယ်။ စေတနာရှိသူ ထွက်၍ လှူတဲ့စနစ်ကောင်း တစ်ခုပါ။ ဒါဟာ ထားဝယ်သူ ထားဝယ် သားတို့၏ စေတနာသဒ္ဓါတရားဖြူစင် ထက်သန်မှုနှင့် အလှူခံပုဂ္ဂိုလ်များ၏ သန့်ရှင်းမှုကို ဖော်ပြနေတဲ့ သဘောပါ။

 
ဝါတွင်းအဖိတ်နေ့တွင်ပဲ အလှူခံ ထွက်ရတဲ့ အတွက် မနက်ဖြန်ဥပုသ်နေ့ဆိုတာ ကို ဥပုသ်သီတင်းဆောက်တည်လိုသူ ဘုန်း ကြီးကျောင်းသွားပြီး ကုသိုလ်ယူလိုသူတို့ အတွက် သတိရစေပါတယ်။ ဗုဒ္ဓဘာသာဝင် လူငယ်မောင်မယ်များကို ဘာသာရေးတွင် စိတ်ပါဝင်စားလာစေပါတယ်။ ဥပသကာ အဖွဲ့ အလှူခံထွက်မယ်ဆိုရင် အနည်းဆုံးလူ ၁၅ ယောက်လိုအပ်သည့်အတွက် အဖွဲ့ အစည်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ အလေ့အကျင့်ကောင်းတွေကို ရရှိစေပါ တယ်။ ရှေးတုန်းကဆိုရင် ဝတ္ထုငွေမလှူဒါန်း ကြပါဘူး။ ဆွမ်း၊ ဆန်ကိုသာ အဓိကထား လှူဒါန်းကြပြီး မိမိကြိုက်နှစ်သက်ရာ လှူ ဒါန်းနိုင်သည့်အတွက် လွတ်လပ်ပြီး ရိုးသား သောသဘောဆန္ဒတွေကို ပေါ်လွင်စေပါ တယ်။ စာရေးသူတို့ ငယ်စဉ်တုန်းကလို အစဉ်အလာ ဥပသကာပုံစံမျိုးအတိုင်း အလှူခံကြမယ်ဆိုရင်

 

(၁) ထားဝယ်သူ၊ ထားဝယ်သားတို့၏ ဖြူစင်ထက်သန်သော စေတနာ စရိုက်လက္ခဏာတို့ကို ပေါ်လွင်စေ ခြင်း။
(၂) ဥပုသ်သီတင်းသီလ ဆောက် တည်လိုသူတို့ အတွက် တစ်ပတ်တစ်ရက် ဘုန်းကြီးကျောင်းကိုသွား၍ ကုသိုလ် ယူနိုင်ရန် သတိရစေခြင်း။
(၃) ထားဝယ်သူ ထားဝယ်သားတိုင်း ၏ အစဉ်အလာကို ထိန်းသိမ်းရာရောက်ခြင်း။
(၄) ဗုဒ္ဓဘာသာဝင် လူငယ်လေးများ ဘာသာရေးတွင် စိတ်အားထက်သန်စွာ ဝေယျာဝစ္စလုပ်ငန်းများ ဆောင်ရွက်တတ် လာစေခြင်းနှင့်
(၅) အများနှင့်ပူးပေါင်း၍ ညီညီညွတ် ညွတ်ဘာသာသာသနာကို အကျိုးဆောင် လုပ်ငန်းများ ဆောင်ရွက်တတ်လာစေခြင်း စသော အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နှလုံးသွင်းမှန်သူ နှလုံးသွင်းတတ်သူတို့သည်သာ ကုသိုလ်ရရှိ စေမှာဖြစ်ပြီး နှလုံးသွင်းမှားသူတို့က အကု သိုလ်ဖြစ်နေမည်မှာ အမှန်မလွဲပါ။

 
ထားဝယ်မြို့ပေါ်တွင် အလှူခံအဖွဲ့ တွေကို ထိန်းကျောင်းရန်စည်းမျဉ်းစည်း ကမ်းတွေသတ်မှတ်ထားတယ်လို့ သိရပါ တယ်။ အဲဒီစည်းကမ်းချက်ထဲမှာ ကျောင်း အဆောက်အအုံအတွက် အလှူမခံရ ဘုရား စေတီအတွက်သာ အလှူခံပါဆိုတဲ့ စည်းကမ်းချက်လည်း ပါတယ်လို့သိရပါ တယ်။ ကျိုက်ထိုကဆရာတော် တစ်ပါးပြော သလိုဖြစ်နေပါဦးမယ်။ ဆရာတော် ပြော သွားတာက ကျောက်ဆင်းတုတစ်ဆူ လမ်းဘေးချပြီး တစ်နှစ်ပတ်လုံး အလှူခံ လိုက်တာ စာရင်းချုပ်လိုက်တော့ ” ဘုရားထံ အကြွေးရရန် သုံးသောင်းကျပ်ကျန် ”  လို့ ဂေါပကလူကြီးက ပြောသတဲ့။ နေရင်းထိုင် ရင်း ဘုရားက အကြွေးတင်သွားတယ်လို့ ဆရာတော်က ဟာသနှောက ပညာပေးသွား သလို ဖြစ်သွားမှာလည်း စိုးရိမ်ရပါတယ်။

 
ဖောင်းပွနေသော အလှူခံတွေကို ထိန်းချုပ်ချင်တယ်ဆိုရင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာ အမှတ် (၄၁) တွင် ဖော်ပြပါရှိပြီး ဖြစ်ပါ တယ်။ ၎င်းအမှတ် (၄၁) တွင် စေတီသစ် တည်ခြင်း၊ အဟောင်းပြုပြင်ခြင်း၊ ကျောင်း သစ်တည်ဆောက်ခြင်း၊ တရားဟောခြင်း၊ အလှူခံခြင်းတို့ကို ဆိုင်ရာမြို့နယ်၊ ရပ်ကွက် သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ရပ်ကွက်၊ မြို့နယ်သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ပါ မှသာ မြို့နယ်အုပ်ချုပ်ရေးနှင့် မြို့နယ်သာသ နာရေး (လ.၀.က) တို့က ထပ်ဆင့် ခွင့်ပြု ချက်ရမှာ ဖြစ်ပါတယ်။

 
သာသနာတော်သန့်ရှင်း တည်တံ့၊ ပြန့်ပွားရေးကို သွားချင်တယ်ဆိုရင် ညွှန်ကြားလွှာများအတိုင်း လိုက်နာဆောင် ရွက်တတ်သော အလေ့အထ အလေ့အကျင့် ကောင်းများ ဖန်တီးပေးရမှာဖြစ်ပါတယ်။ သာသနာတော်သန့်ရှင်း တည်တံ့ ပြန့်ပွား ရေးလုပ်ငန်းစဉ်များသည် အမှန်တကယ် လိုအပ်နေသော အမှန်တကယ်အကောင် အထည်ဖော်သင့်သော လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ထိုလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်ကြမယ်ဆိုရင် လက်ရှိနိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ သာသနာရေးဝန် ကြီးဌာန၊ လက်ရှိအစိုးရ အဖွဲ့နှင့် ပြည်သူတို့ စေတနာရှိရှိ တာဝန်သိသိဖြင့် ပူးပေါင်းပါဝင် ညှိနှိုင်း၍ ညီညွတ်စွာဆောင်ရွက်နိုင်မှသာ အကောင်းထဲသို့ ပြောင်းလဲနိုင်မည် ဖြစ်ပါ ကြောင်း အကြံပြုလိုက်ရပါတယ်။