လှုပ်လာသည့် တိုင်းလွှတ်တော်

0
501

လွှတ်တော်အစည်းဝေးများနှင့် ပတ်သက်၍ အားမရသည့် အကြောင်းများစွာ ရှိသည်။ လွှတ်တော်တွင် မေးမြန်းနိုင်ရန် ကိုယ်စားလှယ်များက မေးခွန်းများကို ကြိုတင် ပေးပို့ထားရသည်။ မေးခွန်းများအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဖြေပေး သည့်အဖြေကို လွှတ်တော်အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးက လာရောက် ဖတ်ပြသည်။

တစ်ခါတရံ မေးခွန်းတခြားအဖြေတခြား တခါ တရံ အဖြေများက လိုရင်းမရောက်။ ဝေ့လည်ကြောင်ပတ်။ လိုချင်သည့် အဖြေမရသော်လည်း မေးခွန်း မေးသည့် လွှတ်တော်ကိုယ်စား လှယ်အများစုက ထပ်ဆင့်မေးခွန်း ထပ်မမေး ကြတော့ချေ။ သက်ဆိုင်ရာဝန်ကြီး၏ အဖြေအပေါ် ကျေနပ်လားဟု မေးကလည်း မကျေနပ်။ယခင် လွှတ်တော်သက်တမ်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားလှယ်တစ်ဦးမှလွဲ၍ ကျန်လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ဝန်ကြီး အားလုံးမှာ ကြံ့ခိုင်ရေးပါတီမှ ဖြစ်သည်။

 
ယခု NLD  ကိုယ်စားလှယ်များသာပါဝင်သည့် လွှတ်တော်တစ်ရပ်နှင့် အစိုးရတစ်ရပ် တက်လာသည်။ သို့သော် ဇူလိုင်လ ၂၁ ရက်တွင်ကျင်းပသည့် ဒုတိယအကြိမ် တိုင်းလွှတ်တော် ဒုတိယ  ပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ် များ၏ မေးခွန်းများမှာ ယခင်လွှတ်တော်ကလို မဟုတ်တော့။

 
သက်ဆိုင်ရာဝန်ကြီးများ၏ အဖြေကို မရှင်းလင်းပါက လွှတ်တော်ကိုယ်စား လှယ်များ ထပ်ဆင့်မေးခွန်းများမေးမြန်းကြသည်။ အချို့မှာ ထပ်ဆင့်မေးခွန်း နှစ်ကြိမ် ဆက် ထပ်မေးသည်။ အချို့ဝန်ကြီးများမှာ မဖြေနိုင်တော့၍ နောက်ဆုံးတွင် စာပို့ပြီး ဖြေကြားမည်ဟု ကတိကဝတ်ပြုသည်အထိ ဖြစ်လာသည်။
သို့သော် အချို့ကိုယ်စားလှယ်များက မေးခွန်းမေးရန် အားနာနေသည့်                ပုံပေါက်နေသည်။ သို့မဟုတ် မေးရကောင်းမှန်း မသိသည်လည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ ပြည်သူကို မျက်နှာမူရေးကို မမေ့စေချင်။ ယခင်ကထက် ပိုမိုလှုပ်ခတ်လာသည့် သဘောဖြစ်သည့်အတွက် ကြိုဆိုရမည် ဖြစ်သည်။နောက်တစ်ခုမှာ လွှတ်တော်ကို စကားပြောသောလွှတ်တော်အဖြစ် တွေ့မြင်လို သည့်ဆန္ဒဖြစ်သည်။ လက်ရှိတွင်မူ စာဖတ်နေသည့် လွှတ်တော် ဖြစ်နေသည်။ မေးခွန်းနှင့် အဖြေများကို ၏၊ သည်မလွဲ လာရောက် ဖတ်ပြနေသကဲ့သို့ ဖြစ်နေသည်။ ကျူရှင်တွင် စာလာအံနေသည့် ကျောင်းသားများသဖွယ်ဖြစ်နေသည်။

 
ပြောင်းလဲရန်ကြိုးစားနေသည့် ကိုယ်စားလှယ်များ၊ ဝန်ကြီးများအနေနှင့်   စာဖတ်သောလွှတ်တော်မှ စကားပြောသော လွှတ်တော်သို့ ပြောင်းလဲနိုင်မည်ဟု ယုံကြည်သည်။