တိုင်းဖွံ့ ဖြိုးရေးလုပ်ငန်းများ လွှတ်တော်တွင် ကြားနာမည်

0
432

၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းအတွင်း အကောင်အထည်ဖော်မည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများကို တိုင်းလွှတ်တော်သို့ ခေါ်ယူကြားနာပွဲများ လုပ်ဆောင် မည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။


အထူးသဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်မည့်ဌာနများ ဖြစ်သည့် မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ကို ခေါ်ယူ၍ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ကြားနာပွဲများ လုပ်ဆောင်သွားမည်ဟု ဦးခင်မောင်အေးက ပြောသည်။

 
“အဲဒါမှ ဒီဌာနတွေ ဘယ်မှာ ဘာတွေလုပ်မယ်ဆိုတာ ကိုယ်စားလှယ်တွေသိပြီး ပြည်သူတွေကို ပြန်ပြောလို့ရမှာ”  ဟု ၎င်းက ဆိုသည်။
ကြားနာပွဲတွင် သက်ဆိုင်ရာဌာနများက ၎င်းတို့လုပ်ဆောင်မည့် လုပ်ငန်းများကို လွှတ်တော် ကိုယ်စားလှယ်များအား အသေးစိတ် ရှင်းလင်းပြောဆိုရမည် ဖြစ်သည်။

 
ဇူလိုင်လ ၂၂ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် လမ်း ဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ ကြားနာပွဲ ကျင်းပခဲ့သည်။