အကြိုအဖိတ်နေ့ အလှူမခံရ၊ ပဋ္ဌာန်းပွဲ အလှူမခံရ၊ ကန်ထရိုက်အလှူ မခံရ၊ အသံချဲ့စက် ကျယ်ကျယ်မဖွင့်ရ

0
456

ရှင်ကိုးရှင်နှင့် ထင်ရှားသော ဘုရား များမှလွဲ၍ အလှူခံခွင့်မပြုခြင်း၊ ဝါတွင်း ကာလအတွင်း ဒေသအခေါ် တော အဖိတ်နေ့ဟု ခေါ်သောအကြို အဖိတ်နေ့ တွင်ထားဝယ်မြို့နယ်အတွင်း အလှူခံ ခွင့် မပြုခြင်းတို့အပါအဝင် ဥပသကာ အဖွဲ့များ အတွက်စည်းမျဉ်းများ အထူး တင်းကြပ် လိုက်သည်။


မြို့နယ် သံဃနာယကအဖွဲ့က ထိုသို့ချမှတ် လိုက်ခြင်းဖြစ်ပြီး ထို သတ်မှတ်ချက်အရ မည်သည့်ရက်တွင် ဖြစ်စေ နယ်မှ လာရောက်သော အလှူ ခံများ မြို့နယ် သံဃနာယကအဖွဲ့ လက် မှတ်ဖြင့်သာ အလှူခံရန်၊ အသံချဲ့စက် ကျယ်လောင်စွာ မဖွင့်ရန်၊ ပဋ္ဌာန်းပွဲ အတွက် အလှူမခံရန်၊ နေ့စား (သိုမ ဟုတ်) ရာပြတ်၊ ကန်ထရိုက်ပေး၍ အလှူမခံရန် စသည် တို့ပါဝင်သည်။

 
ထားဝယ်မြို့နယ်တွင် ဘုရား များခြင်း၊ ရပ်ကွက်များခြင်း တို့ကြောင့် တိုင်ကြားမှုများ ရှိနေသဖြင့် မြို့နယ် သံဃနာယက အဖွဲ့က ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း တိုင်းသာသနာရေး ဦးစီး ဌာနဦးစီးမှူး ဦးရဲနိုင်ဝင်းက ပြောကြား သည်။
“ကျန်တဲ့မြို့နယ်မှာက အလှူခံတာ အဲဒီလောက် သိပ်မရှိဘူး”ဟု ၎င်းက ပြောသည်။ယင်းမှာ ဝါတွင်း တစ်ပတ်လျှင် အဖိတ်နေ့နှင့် အဖိတ်နေ့ အကြိုနှစ်ရက် အလှူခံ ထွက်လေ့ရှိသော ပထမဆုံး အကြိမ် ချမှတ်ခဲ့သော စည်းမျဉ်းဖြစ်ပြီး ထားဝယ်မြို့နယ်အတွင်းသာ အကျုံး ဝင်သည်။

 
သံဃာအဖွဲ့အစည်းများ၊ ဂိုဏ်း ပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(သာ/ထိန်း)တို့ အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများ ဇွန်လ ၁၈ ရက် အစည်းအဝေးတွင် ချမှတ်ခဲ့သော အချက် ၁၅ ချက်အနက် ဥပသကာ အလှူခံအဖွဲ့များ လိုက်နာရ မည့် အရေးကြီးသော အချက်တစ်ခု ဖြစ်သည်။သို့သော် ခြွင်းချက်များလည်း ရှိ သည်။

 
ရပ်ကွက် ဥပသကာအဖွဲ့များကို သက်ဆိုင်ရာ ရပ်ကွက် အတွင်းသာ အလှူခံခြင်း၊ ဘုန်းတော်ကြီး သင်ပညာ ရေး သင်ကျောင်း (ဘက) များ အတွက် အလှူခံခြင်းကို ရပ်/ကျေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ သက်ဆိုင်ရာသံဃာ့အဖွဲ့များ၏ ထောက် ခံချက်များဖြင့် ပြုလုပ်နိုင်ကြောင်း ထား ဝယ်မြို့နယ် သံဃနာယကအဖွဲ့ (ကူး တို့) ဥက္ကဋ္ဌ ဆရာတော်ဦးနန္ဒဝံသက မိန့် ကြားသည်။
” ဥပဒေစည်းမျဉ်းကတော့ သတ် မှတ်ရမယ်၊ ခြွင်းချက်တွေလည်း ထားရ မယ်လေ” ဟု ဆရာတော်က မိန့်သည်။

 
ဥပသကာ အဖွဲ့များအား သက်ဆိုင် ရာ ရပ် /ကျေးအုပ် ချုပ်ရေးမှူး ထောက် ခံချက်၊ မြို့နယ်သာ/ထိန်းအဖွဲ့ ထောက်ခံ ချက် အစရှိသည့် ထောက်ခံချက်များ ပါရှိပါက ခွင့်ပြုချက် ထုတ်ပေးမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ် ရေးမှူးက ဆိုသည်။
” ဆရာတော်တွေရဲ့ ထောက်ခံချက် လက်မှတ်ပါရင်တော့ ထုတ်ပေးမယ်၊ မပါရင်တော့မထုတ်ပေးဘူး” ဟု အုပ်ချုပ် ရေးမှူး ဦးလင်းသန့်က ပြောသည်။

 

 

သတ်မှတ်ချက်များ
– နေ့စား (သိုမဟုတ်) ရာပြတ်၊ ကန်ထရိုက်ပေး၍ အလှူခံထွက်ခြင်းခွင့် မပြုရန်၊
– နယ်မှကားဖြင့် အလှူခံထွက်ခြင်း ခွင့်မပြုရန်၊
– ဘုန်းတော်ကြီး ကျောင်းအတွက် ဥပသကာ အလှူခံထွက်ခြင်း ခွင့်မပြုရန်၊
– နယ်ကူးအလှူခံများကို မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် လက်မှတ်ဖြင့် ခွင့်ပြုရန်၊
– ခွင့်ပြုပြီး ဥပသကာ အဖွဲ့များကို အသံချဲ့ စက်ကျယ်လောင်စွာ မဖွင့်ရန် နှင့် နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ အလှူခံခွင့် ပြုရန်၊
– အဖိတ်နေ့ တစ်ရက်သာ အလှူခံ ခွင့်ပြုရန်၊
–  ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်းရှိဘုရား၊စေတီပုထိုးများ အတွက် အလှူခံထွက်ခြင်း ခွင့်မပြုရန်၊
–  ရှင်ကိုးရှင်နှင့် ထင်ရှားသော ဘုရားမှလွဲ၍ အလှူခံခွင့်မပြုရန်၊
– ပဋ္ဌာန်းပွဲအတွက် အလှူခံ ထွက်ခြင်း မပြုရန်၊
-ဗုဒ္ဓဘာသာတို့ ကြည်ညိုဖွယ်ရာ ဖြစ်စေသည့်ယဉ်ကျေးသိမ်မွေ့စွာ အလှူခံထွက်စေရန်