တနင်္သာရီမြို့နယ်ရှိ ဆီအုန်း ကုမ္ပဏီတစ်ခုအား စိုက်ခင်း ထပ်မတိုး ချဲ့ရန် ညွှန်ကြား

0
424

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မလေးရှားနိုင်ငံသားပိုင် (MSPP) Myanmar Stark Prestige Plantation ဆီအုန်းကုမ္ပဏီကို လုပ်ငန်း များ ရှေ့ဆက် တိုးချဲ့ပြီး စိုက်ခင်းမတိုးချဲ့ ရန် ညွှန်ကြားထား ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


ဇူလိုင်လ ၂ ရက်က မြိတ်မြို့တွင် ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC –S )  အစည်းအဝေးတွင် ကုမ္ပဏီက ဒေသခံ များ၏ ဥယျာဉ်ခြံမြေများပေါ်တွင် ဆီအုန်း ထပ်မံတိုးချဲ့နေသည့်အတွက် ဥယျာဉ်ခြံ မြေများ၊ ကျေးရွာများ ပျက်စီးမှုရှိနေ သည်ဟု KNU ဘက်မှ တင်ပြသည့် အတွက် ယင်းသို့ ခေတ္တရပ်နားထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

 
” ယခင်စိုက်ခင်း အဟောင်းတွေမှာ ဆက်လုပ်လို့ ရတယ်၊ တိုးချဲ့ခွင့်တော့ မပေးထားပါဘူး” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။
ညွှန်ကြားချက်တွင် ခေတ္တရပ်နား ထားရန်သာပါရှိပြီး မည်သည့်အချိန်ထိ ရပ်နားထားရမည်ဟု မပါဟု အထက်ပါ တာဝန်ရှိသူက ပြောပြသည်။

 
အဆိုပါ MSPP   ဆီအုန်းကုမ္ပဏီမှ ၂၀၁၁ ခုနှစ်မှစပြီး တနင်္သာရီမြို့နယ်ရှိ ကရင်တိုင်းရင်းသား အများစု နေထိုင်ကြ သည့် ဘော့စနွေး၊ သိမ်ပြင်၊ ပိန်းချောင်း၊ ပျဉ်ကတိုး၊ ကဝက် စသည့် ကျေးရွာ ၈ ရွာခန့်မှ ဒေသခံတောင်သူများ၏ ဥယျာဉ်ခြံ မြေများအတွင်း ဆီအုန်း လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေကြောင်း ဒေသခံများက ပြောသည်။

 
အဆိုပါ ဧရိယာသည် စစ်ဘေး ရှောင် ကရင်တိုင်းရင်းသားများ အခြေချ နေထိုင်ရာ နေရာဖြစ်သည်ဟု JMC-S ကော်မတီဝင် စဧရာဝင်းက ပြော သည်။ဒေသခံတောင်သူများပိုင် ဥယျာဉ် ခြံမြေများအတွင်း ဝင်ရောက်ကျူးကျော် လုပ်ကိုင်နေသည့်အပေါ်တွင် ကုမ္ပဏီမှ ဖြေရှင်းပေးရန် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျေးရွာသား ၁၀၀ ဦးကျော်နှင့် ကုမ္ပဏီတို့ ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပွားခဲ့ဖူးကြောင်း ယင်း ကျေးရွာသားများမှ သိရသည်။ထိပ်တိုက်တွေ့ဆုံပြီး တောင်းဆို ခဲ့သော်လည်း ကုမ္ပဏီဘက်မှ လိုက် လျောခဲ့ခြင်းမရှိဘဲ လုပ်ငန်းများကို ရှေ့ ဆက်လုပ်ကိုင်နေ ခဲ့ကြောင်း သိမ်ပြင် ရွာနေ ဦးစောမြင့်စိုးက ပြောသည်။
ထို့ပြင် ကုမ္ပဏီမှ ဆီအုန်းလုပ်ငန်း များ ဆက်လက်တိုးချဲ့ လုပ်ကိုင်နေပြီး သစ်တောများကို အပြောင်ရှင်းစနစ်ဖြင့် ခုတ်ထွင် ရှင်းလင်းမှုတို့ကြောင့် ကျေးရွာ များတွင် သောက်သုံးရေ အခက်အခဲ များနှင့် ကြုံတွေ့ခဲ့ရသဖြင့် အစိုးရမှ ဖြေရှင်းမှုမပေးခင် အချိန်ထိ လုပ်ငန်း များ ရပ်ဆိုင်းထားပေးရန်နှင့် ဒေသခံ များ၏ နစ်နာဆုံးရှုံးမှုများအား ဖြေရှင်း ပေးရန် ပြီးခဲ့သည့် မေလအတွင်းက ကုမ္ပဏီသို့ ထပ်မံတင်ပြတောင်းဆို ခဲ့ဖူးကြောင်း ဦးစောမြင့်စိုးက ပြောပြ သည်။
MSPP  ဆီအုန်းကုမ္ပဏီသည် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်မှ ခွင့်ပြုချက်အရ ဧက ၄၂၂၀၀ လုပ်ပိုင်ခွင့် ရရှိထားပြီး ၂၀၁၂ မှစပြီးလုပ်ကိုင်ခဲ့ရာ လက်ရှိအချိန်ထိ စိုက်ပျိုးမြေ ၃၂၀၀ ဧက စိုက်ပျိုး ထားပြီးဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ကုမ္ပဏီဘက်က ညွှန်ကြားချက် အတိုင်း လိုက်နာထားပြီးဖြစ်ကြောင်းကို ဇူလိုင်လ ၄ ရက်က အကြောင်း ပြန်ကြား စာ ရရှိထားပြီး ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။လက်ရှိတွင် ကုမ္ပဏီဘက်မှ လုပ် ငန်းများတိုးချဲ့လုပ်ကိုင်နေခြင်းကို ရပ် နားထားသည်ကို တွေ့နေရကြောင်း ဘောစနွေး ရွာသားတစ်ချို့က ပြောပြ သည်။
MSPP  ဆီအုန်းကုမ္ပဏီသည် မလေးရှားနိုင်ငံသား ၂၂ ဦးကို လုပ်ကိုင် ခွင့်ပြုထားသည့် ကုမ္ပဏီတစ်ခုဖြစ် ကြောင်း သိရသည်။