အသက် ၉၀ ဘိုးဘွား ထောက်ပံ့ကြေး တစ်လ ကျပ် ၁၅၀၀ ရမည်

0
327

အသက် ၉၀ နှစ်နှင့်အထက် အသက်ကြီး ရွယ်အိုများကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် ထောက်ပံ့ကြေးတစ်လ လျှင် ၁၅၀၀ ကျပ်နှုန်း ရရှိမည် ဖြစ်သည်။အာဆီယံနိုင်ငံများ၏ လူမှု ကာကွယ် စောင့်ရှောက်ရေးအစီအစဉ်၊ သက်ကြီး ရွယ်အိုများ စောင့်ရှောက်ရေးခေါင်း စဉ်အရ တစ်နှစ်စာ ထောက်ပံ့ငွေခန့်မှန်း ခြေ ၁၈၀၀၀ ကျပ်ကို နိုင်ငံတော် ဘတ် ဂျက်ဖြင့် ပေးအပ်မည်ဖြစ်ကြောင်း တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။


ယခုနှစ် မတ်လအထိပြုစုထား သည့်စာရင်းများအရ တနင်္သာရီတိုင်း ဒေသကြီးတွင် အသက် ၉၀ နှစ်နှင့် အထက် သက်ကြီးရွယ်အို ၉၅၃ ဦး ရှိသည်။ စာရင်းမပေးရသေးသော ဘိုးဘိုး ဘွားဘွားများအနေနှင့် လူမှုဝန်ထမ်း ဦးစီးဌာနရုံးများတွင် လျှောက်ထားနိုင် ကြောင်း အထက်ပါ ရုံးညွှန်ကြားရေးမှူး ကပြောသည်။
“မနှစ်က အသက် ၉၀ နဲ့ ၁၀၀ ကြား မှာရှိတဲ့ အဘိုးအဘွား ၆၃၃ ဦးကို နိုင်ငံတော် ဘတ်ဂျက်နဲ့ ထောက်ပံ့ငွေ ၁၈၀၀၀ ကျပ်စီ ပေးအပ်ခဲ့တယ်။ ဒီနှစ် ဘယ်ချိန်ပေးမယ်ဆိုတာကိုတော့ အတိ အကျမသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ယမန်နှစ်က တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ အသက်၁၀၀နှင့် အထက် အဘိုးအဘွား ၇၆ ဦးအား ပြည်ထောင်စုဝန်ကြီးများ၏ လစာများ စုပေါင်း၍ ထောက်ပံငွေနှစ်သိန်းကျပ် စီ ပေးအပ်ခဲ့ပြီး ယခုနှစ်တွင်မူ ပေး၊ မပေး အတိအကျ မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။
” တစ်လစာ ၁၅၀၀ ဆိုတော့ (ပါ ဆယ်) လက်ဖက်ရည် သုံးခွက်ဖိုးတော့ ရမယ်။ နို့ဆီဝယ်မယ်ဆိုနှစ်လုံးပေါ့။အဲလိုပေးမှန်းမသိဘူး။ စာရင်းလည်း လာမကောက်ဘူး။ ပေးတယ်ဆိုရင်တော့ ယူမှာပေါ့” ဟု အိုးလုပ် အရှေ့ရပ်ကွက် တွင် နေထိုင်သူအသက် ၉၃ နှစ်အရွယ် အဖွားအိုတစ်ဦးက ပြောသည်။
အသက် ၉၀ နှစ်နှင့်အထက်သက် ကြီး ရွယ်အိုများအနေနှင့် ကိုယ်ရေး အချက် အလက်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ ရပ်ကွက်သို့မဟုတ် ကျေးရွာ ထောက်ခံချက်၊ အိမ်ထောင်စု စာရင်းမိတ္တူနှင့်နောက်ခံအပြာရောင်စုံဓါတ်ပုံသုံးပုံဖြင့် လှုမှုဝန်ထမ်းဦးစီးဌာန ရုံးများတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။