သူရဲကောင်းတစ်ဦး၏ ရင်တွင်းဖြစ် အက္ခရာများ

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“ကြည်ရေ.. ပဲပြုတ်နဲ့ နံပြားရရင် စားချင်ပါတယ်..”  ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ စာလေးဟာ မြန်မာနိုင်ငံသားတိုင်းရဲ့ အသည်းထဲ.. ရင်ထဲစွဲတဲ့ စကားဖြစ် ပါ တယ်။ ဗိုလ်ချုပ်ရာပြည့်တုန်းက ပဲပြုတ် နံပြားကျွေးခဲ့လို့.. စားခဲ့ရတာလည်း အမှတ်တရရှိဆဲပါ။ ဗိုလ်ချုပ်ရဲ့ လက်ရုံး တစ်ပါးလည်းဖြစ် ဗိုလ်ချုပ်လိုပဲ အကြွေ စောခဲ့တဲ့ ထားဝယ်သား သူရဲကောင်းကြီး လည်း အခု ဇူလိုင်လ ၁၂ ရက်နေ့တွင် ရာပြည့်ပါပြီ။


သူဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံ ရေးသမား မဟုတ်ခဲ့ဘူး။ ထင်ရှားလှတဲ့ ရဲဘော်သုံးကျိပ်ဝင်လည်း မဟုတ်ခဲ့ဘူး။ ဗမာ့တပ်မတော် ထားဝယ်မြေကို နင်းတဲ့ အချိန်ကျမှ တိုင်းပြည်လွှတ်လပ်ရေး အတွက် တပ်မတော်နဲ့ လိုက်ပါသွားခဲ့ပြီး ထားဝယ် မြေကို ပြန်မလာနိုင်တဲ့ စစ်သူ ရဲကောင်းတစ်ဦး ဖြစ်တယ်။ စွန့်ခွာခဲ့ရတဲ့ ဇာတိမြေ၊ ချန်ရစ်ခဲ့တဲ့ မိသားစုအတွက် ဝေးမြေရပ်ကနေ ကြုံသလို ရေးသားပေး ခဲ့တဲ့ စာ(၈)စောင်ကို တွေ့ရပါတယ်။

စာအမှတ်(၁)

ခင်ဗျား
ကျွန်တော်တို့အုပ်ချုပ်ရသော စစ် တပ်သည် ရန်ကုန်မြို့ကြီးသို့ အောင်မြင် စွာရောက်ရှိပါကြောင်း၊ ကျွန်တော်တို့ လမ်းဖက်ခရီးတွင် ရန်သူများနှင့်ဆိုင်ပြိုင် တိုက်ခိုက်ခဲ့စဉ် ရန်သူတို့ဖက်မှ ထွက်ပြေး သည့် တိုက်ပွဲများသာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ပဲခူးနယ်                     ” ကပင်”  ခေါ် ရွာတုန်းက ရန်သူတို့၏တင့်ကားတွေက လိုက်လံပစ်ခတ်သည့်အတွက် တစ်ကြိမ် ကျွန်တော်တို့တပ်က ဆုတ်ခွာခဲ့ရပါသည်။ လူလူချင်းတိုက်ပွဲများတွင် တစ်ခါမျှ အရှုံး မရှိပါ။ ကျွန်တော်တို့တပ်မှာ ဗမာ့တပ် အားလုံးတွင် ရှေ့ဆုံးကထွက်ရသော ကင်းတပ် ဖြစ်ပါသည်။
ရန်ကုန်မြို့ဝင်သော ဗမာ့တပ်များ တွင်လည်း အဦးဆုံးတပ် ဖြစ်ပါသည်။ ရှေ့ဆုံးမှ ထွက်ရသည့်အတွက် ကျွန်တော် များစွာ ကျေနပ်ကြောင်း၊ ယခု စာရေး သည့်အချိန်တွင် ရန်ကုန်မှ မန္တလေးသို့ ထွက်ရန် စီစဉ်နေတုန်း ဖြစ်ပါသည်။ ကျွန်တော်တို့တပ် ယခု အင်းစိန်နယ် ကျိုက္ကဆံတွင် စခန်းချနေပါသည်။ ရန်ကုန်မြို့ မြန်မာရပ်ကွက်များနှင့် ဈေးကြီးများမှာ အင်္ဂလိပ်လက်ချက် ကြောင့် မီးလောင်ခြင်းခံရပါသည်။ ရန်ကုန် ကို အင်္ဂလိပ်လေယာဉ်များ ဗုံးတစ်ခါ တစ်ခါ ချသွားပါသည်။ နောက်ထပ် မလာတော့ပါ။ ဂျပန်ရေတပ်ကြီးလည်း ရန်ကုန်သို့ မြောက်မြားစွာ ရောက် နေပါပြီ။ ယခုစာ ရေးသည့် အချိန်တွင် ဂျပန်စစ်တပ်များ အထက်မြန်မာပြည်သို့ အောင်မြင်စွာ ဗမာ့လွတ်လပ်ရေးတပ် အချို့နှင့်အတူ တက်သွားပါပြီ။ ကျွန်တော် တို့တပ်များမှာ ရန်ကုန်တွင်အနားယူ နေတာ ၁၅ရက် လောက်ရှိသွားပါပြီ။ မကြာမီ ထွက်ရတော့မည်။
ကျွန်တော်ယခုချိန်တွင် တပ်ခွဲမှူး ရာထူးဖြင့် ချီးမြှင့်ခြင်းခံရပါသည်။ နောက်ကို အောင်မြင်စွာ ထားဝယ်မြို့ကြီး သို့ ပြန်ရောက်လိမ့်မည်ဟု ယုံကြည် ပါကြောင်း။ မအုန်းတင်တို့ သားအမိတစ် တွေကိုလည်း ကျွန်တော် ကျန်းမာစွာရှိ ကြောင်း ပြောပြပါခင်ဗျား။

  ဗိုလ်ဗထူး
(စာတွင်ရက်စွဲမပါပါ။ ဒေါ်စိန် ချယ်၏ မတ်ဖြစ်သူ ရိုးကုမ္ပဏီမန်နေဂျာ ဦးငွေဘော်ထံ လိပ်တပ်ထားသည်။)

 

 

စာအမှတ် (၂)

မအုန်းတင်
ယခု ငါ ရန်ကုန်မှာ ရှိသည်။ နင်တို့ သားအမိတွေကို ယခုအခါ ခေါ်၍ မဖြစ်နိုင်တော့ပါ။ ရန်ကုန်တွင် ဗုံးခဏ ခဏ ချသည်။ ငါတို့လည်း ဗုံးတွေကြား မှာ အသက်စွန့်ပြီး အလုပ်လုပ်ကြပါသည်။ ဗမာ့ဂုဏ်မညှိုးအောင် အသက်ဆံဖျား စွန့်စားပြီး အလုပ်လုပ်နေကြသည်။
ထားဝယ်တွင် နေပါ။ လိုက်လာလို့ မဖြစ်သေး။ နောင်အေးချမ်းလျှင် ငါလာ ခေါ်မည်။

 ဗထူး

စာအမှတ်(၃)

၁၂-၆-၄၃ ။ ပျဉ်းမနား
မိခင်
ယခုစာနှင့်အတူ ငွေ ၃၀ဝိ( သုံးရာ တိတိ) အောင်ကျော်စိုးလက်တွင် ပေး လိုက်ပါသည်။ နေထိုင်ရတာ ချောင် ချောင်ချိချိရှိပြီး အလုပ်အကိုင် ကောင်း ကောင်းမွန်မွန် ရှိလိမ့်မည်ဟု မျှော်လင့် ပါသည်။ အခွင့်ရလျှင် ပြန်လာပါမည်။ ယခုအခါတွင် အပြောင်းအလဲ များနေ သည့်အတွက် အခွင့်မရနိုင်ပါ။ အကြောင်း အခက်အခဲရှိလျှင် အကြောင်း ကြားပါ။

   ဗထူး

စာအမှတ် (၄)
ဗမာ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၅)၊ တပ်ခွဲ(၁)၊ ပျဉ်းမနား။ ၁၂-၉-၄၃။

မိခင်
အားလုံးသောအိမ်သားတစ်စု ကျန်း မာ၍ ချမ်းသာစေရန် နေ့စဉ်ဆုတောင်း လျက်ရှိပါသည်။ ကျွန်တော်လည်း အခွင့် ရသည့်အခါ ပြန်လာပါမည်။ ယခုအခါ တွင် အပြောင်းအလဲကိစ္စတွေ များနေ သည့်အတွက် မအားပါ။ နေ့စဉ်ပင် အိမ်သားတစ်စုအား အောက်မေ့ပါသည်။

ဗထူး

စာအမှတ်(၅)
ကျွတ်-ဆုတ် ၆ရက်၊ ပျဉ်းမနား။

မိခင်
မိခင်ကိုယ်တိုင် အုပ်ချုပ်ပြီး ဗိုလ် သက်ဖေတို့နှင့်အတူ မအုန်းတင်တို့ သား အမိပါ လိုက်ပါလာစေလိုပါသည် ခင် ဗျား။ လိုက်လာ လိမ့်မည်လို့လည်း မျှော်လင့်ပါသည်။ အရင်တစ်လ လောက်က ငွေ ၃၀ဝိတိတိ မြိတ်မြို့ဗိုလ်မဲ ဆီတွင် ပေးလိုက်ပါသည်။ ရရှိလိမ့် မည်ဟု မျှော်လင့်ပါကြောင်း။
  ဗထူး

စာအမှတ်(၆)
ဖေဖေ
ယခု ကျွန်တော် ဗမာ့ကာကွယ်ရေး တပ်မတော်၌ ဗိုလ်ကြီးအဖြစ် အမှုထမ်း ရွက်နေပါသည်။ အားလုံးသော အိမ်သား တွေကို များစွာ တွေ့မြင်လိုသော်လည်း ထားဝယ်သို့ ပြန်ရန် ယခုအချိန်တွင် အခွင့်ရဖို့ ခဲယဉ်းပါသည်။ ယခုအခါမှာ ကျွန်တော်တို့ တပ်၏ တပ်တွေဟာ စစ် ပညာ ကောင်းစွာ မတတ်သေးသည့် အ တွက် အချိန်အားမရှိဘဲ ပညာသင်ကြား နေရပါသည်။ နောင်ပညာတတ် မြောက်ပြီး တစ်ချိန်တွင် အခွင့်ရ နိုင်ပါလိမ့်မည်။ အဲဒီအချိန်ကျမှပဲ ကျွန်တော်လည်း လာရောက်နိုင်ပါမည်။ (စာ၏ နောက်ပိုင်း မလို၍ ချန်ခဲ့ပါ သည်။)

 ဗထူး

စာအမှတ် (၇)

မောင်စိန်လင်း
ညီမောင်၊ ယခု အစ်ကိုကြီးတော့ ပျဉ်းမနားမှာ တပ်ခွဲမှူးအဖြစ် အမှုထမ်း လျက်ရှိပါသည်။ လခက ၃၀ဝိရပါ သည်။ ဦးဘာလဲ ငါအုပ်ချုပ်တဲ့ တပ် ထဲမှာပဲ ဗိုလ်ကလေးအဖြစ်ဖြင့် ထမ်း ရွက်လျက်ရှိပါသည်။ ညီမောင်ရယ် ၊ မြို့တိုင်း ရွာတိုင်းမှာ ငါတွေ့သမျှ လူ တွေဟာ အများအားဖြင့် အရင်က သူဌေးတွေတောင် ဝင်ငွေလမ်းမရှိတဲ့ အတွက် ကြပ်တည်း ဆင်းရဲနေကြတာ တွေ့ရတော့ ညီမောင်တို့ အိမ်သား တစ်စုလည်း ဘယ်လိုများ နေထိုင်ကြ ပါသလဲဆိုတာ ငါအမြဲတမ်းတွေးပြီး ပူနေမိတာပဲ။ အလုပ်အကိုင်တွေက လည်း ငါ့အတွေးနဲ့တော့ သိပ်ဟန် မကျဖူးလို့ ငါထင်မိတာဘဲ။ အဲဒါတွေ တွေးမိတော့ အိမ်သားတစ်စုံလုံးအတွက် ငါ အမြဲတမ်းလို စိတ်ထဲက မသက်သာ လှဘူးကွယ့်။
အထူးသဖြင့် မိခင်ကြီးအတွက် ငါ စိတ်မချမ်းသာလှဘူး။ အုန်းတင်တို့ အတွက်၊ ညီမောင်တို့အတွက် အားလုံး ဟာ မိခင်ကြီး ခေါင်းပေါ်ချည်းဖြစ် နေတော့ အရင်ကလို ငွေဝင်လမ်းဖြောင့် နေကြရင် တော်သေးရဲ့။ အရင်ကလို မဟုတ်ဘူးဆိုရင် မိခင်ကြီး များစွာ စိတ်ဆင်းရဲမှာပဲဆိုတာ ငါတွေးပြီး စိတ် မကောင်း။
ငါစစ်ထဲဝင်တုန်းကလည်း မိခင် ကြီး စိတ်မကောင်း ဖြစ်တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါရဲ့မျိုးချစ်စိတ်က ဒီ အချိန် ဒီအခါမျိုးမှာ မစွန့်စားရရင် မနေနိုင်ဘူး။ အုန်းတင် ငါ့ဆီလာပြီး ငိုတာလည်း စိတ်ထဲမှာ အနည်းငယ်မျှ မထိခိုက်ခဲ့၊ မိခင်ကြီး စိတ်မကောင်း ဖြစ်နေတာ တစ်ခုပဲ စိတ်ကို တုန်လှုပ် စေခဲ့တယ်။ ပြီးတော့ ငါ့ရဲ့တာဝန် ဖြစ် တဲ့ ကလေးတွေနဲ့ အုန်းတင်တို့ကိုလည်း သူ့ခေါင်းပေါ်ပုံပြီး ထားခဲ့ရတယ်။ ဒီ ကျေးဇူးတွေကို ငါ မမေ့ပါဘူး။ ညီ မောင်။
အဲဒီတော့ ငါတွေးသလို အလုပ် အကိုင် စီးပွားလမ်းမဖြောင့်ပဲများရှိနေကြရင် ငါ့ဆီကို ညီမောင်တို့ လင်မယား နဲ့ မိခင်ကြီးတို့ပါ အမြဲတမ်းမနေနိုင် သော်လည်း ၃-၄လ ဆိုသလို အလည် အပတ်သဘောနဲ့ လာနေကြမယ် ဆိုရင် အလွန်ကောင်းမွန် ဝမ်းမြောက်စရာ ဖြစ်လိမ့်မယ်လို့ ငါယူဆတာပဲ။ မင်း ဖခင်ကြီးတော့ သံယောဇဉ်များလို့ ဘယ်နည်းနဲ့မှ ရွှေ့ပြောင်းနိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ သူ့ဆီ အခွင့် ပန်ပြီး မင်းနဲ့မိခင်တို့ အလည်သဘောနဲ့ လာခဲ့ပါလား ညီမောင်။
ငါမျှော်လင့်သလို ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ဗထူး

စာအမှတ်(၈)

မိခင်ခင်ဗျား
ကျွန်တော် ယခု ရန်ကုန်မြို့ကြီး တွင် ကျန်းမာစွာရှိနေပါသည်။ ယခု ဆက်လက်၍ မန္တလေးထွက်ရပါမည်။ ကျွန်တော်နေ့စဉ်ပင် သတိရပြီး အမြဲ မိခင်ဂုဏ်ကို ရိုသေလေးစားလျက်ရှိ ကြောင်း၊ ကျွန်တော် မိခင်၏ ကျေးဇူးကို ဆပ်ရန် ကြိုးစားခဲ့သော်လည်း ဆုံးရှုံး ခြင်းနှင့်သာ တွေ့ရသည့်အတွက် စိတ် မကောင်းခြင်း ယနေ့ထိ ဖြစ်လျက်ရှိ ပါ သည်။ နောင်ကို အောင်မြင်စွာဖြင့် မိခင်ကြီးအား ပြန်လည်ဖူးမြင်နိုင်သည့် အပြင် မိခင်၏ ဝတ်ကြီးဝတ်ငယ်ကို ပြုစုနိုင်ပါစေဟု ဆုတောင်းလျက်ရှိပါ ၏။
ဗထူး

ဒီစာ(၈)စောင်ကို ဖတ်ပြီးတဲ့ စာဖတ်သူကသာ ဒီထားဝယ်သားကြီးကို တန်ဖိုးဖြတ်ပါတော့ဗျာ..သူရဲကောင်း တစ်ဦးရဲ့ ဘဝနဲ့ရင်းပြီး နှလုံးသားနဲ့ ရေးတဲ့ စာတွေအတွက် ကျွန်တော်မှာ စကားလုံးမရှိပါ။
(ဝန်ခံချက်။ ဆရာကြီးဗိုလ်မှူး ဘရှင်၏ စစ်ရေး၊ နိုင်ငံရေးနှင့် လူမှု ရေးဆိုင်ရာ သမိုင်းစာတန်းများ(ဒု-ကြိမ်)မှ အထက်ဖော်ပြပါ စာ(၈)စောင်ကို ကူးယူဖော်ပြပါသည်။)