အိမ်အိုကြီးနှင့် ရက် ၁၀၀

0
857

ရက် ၁၀၀ ဆိုသည်မှာ အစိုးရသစ်တစ်ရပ် တက်လာပါက တိုင်းတာနိုင်ရန် သတ်မှတ်ထားသော ပျားရည်ဆမ်းခရီးကာလ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအသစ်အတွက် ပျားရည်ဆမ်းကာလမှာ ကုန်ဆုံးသွားပြီဖြစ်သည်။

ရက် ၁၀၀ အစီအစဉ်များ ဆွဲကြရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောဆိုခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ တင်ပြပြောဆိုခဲ့သော ရက် ၁၀၀ စီမံကိန်းဆိုသည်များမှာ ချည့်နဲ့ လှသည်။ ရက် ၁၀၀ တွင် ရှေ့ဆက်သွားမည့် မူဝါဒများ ထွက်လာ ရေး စီမံရမည့်အစား အများစုမှာ ယခင်ချမှတ်ခဲ့သော မူဝါဒများကို အကောင် အထည် ဖော်သည့်စီမံကိန်းများသာ ဖြစ်နေသည်ကို တွေ့ရသည်။

 
ရှင်းရှင်းဆိုရသော် ယာဉ်အဟောင်းကြီးတွင် ဒရိုင်ဘာ အဟောင်းဖြင့် ယခင်ချခဲ့သော သွားလက်စပန်းတိုင်ကို ဆက်သွားသည့် သဘောသာသာ ဖြစ်သည်။ ပြောင်းသွားသည်မှာ (ဒရိုင်ဘာကို အမိန့်ပေးနိုင်သည့်) ယာဉ်ပိုင် ရှင်သာ ဖြစ်သည်။ ယာဉ်ပိုင်ရှင်မှာ မည်သည့်နေရာကို ပန်းတိုင်ချသွားရမည် ကို ဝေဝါးနေစဉ် ဒရိုင်ဘာ၏ သဘောအတိုင်း လိုက်နေရလေသည်။
တိုင်းအစိုးရကို အမှတ်ပေးစရာ အချက်တစ်ခုမှာ အထည်ကြီးပျက်ဖြစ် နေသော ကော့သောင်းဒေသ ဖွံ့ဖြိုးရေး အဖြေရှာရန် စတင်ကြိုးပမ်းခြင်းဖြစ်သည်။နောက်ထပ်တစ်ခုရွေးရမည်ဆိုပါက သယံဇာတ တူးဖော်ရေးလုပ်ငန်းများ                တရားဥပဒေ အမိုးအောက်ရောက်လာရေး ကြိုးပမ်းချက်ဖြစ်သည်။

 
တိုင်းဒေသကြီး လွှတ်တော်ဆိုလျှင် မှိုပင်တက်နေလောက်ပြီ။
ခြုံငုံ၍ပြောရသော် ရက် ၁၀၀ သား တနင်္သာရီတိုင်းဒေသကြီးအစိုးရနှင့် ရက် ၁၆၀ သား တိုင်းလွှတ်တော်မှာ ယခုအထိ ]ဘာလုပ်ရမလဲ} ဆိုသည်ကို သိသေးပုံ ပေါ်မနေပါ။ ကုံလုံပြည့်စုံသော ဘုံပန်းတိုင်တစ်ခု ရှိနေပုံပင်မပေါ်ပါ။ဒီမိုကရေစီ အခြေကျပြီးသား နိုင်ငံများတွင် ရက် ၁၀၀ ဖြင့် အစိုးရသစ် တစ်ရပ်ကို အကဲဖြတ်ခြင်းသည် လက်တွေ့ကျကောင်းကျနိုင်သည်။ သို့သော် နှစ်ပေါင်း ၅၀ ကျော် မုဒိန်းကျင့်ခံခဲ့ရသော နိုင်ငံတစ်ခုကို ပြန်လည်ထူထောင် ရမည့် အစိုးရသစ်၏အရည်အချင်းကို ရက် ၁၀၀ မျှဖြင့် အကဲဖြတ်ခြင်းသည် များစွာ မသင့်တော်လှပါ။

 
ထိုကြောင့် ရက် ၁၀၀အတွင်း ” ဟင်ခနဲ၊ ဟာခနဲ ဖြစ်သွားရေး လုပ်ပြရန်”  ဆန္ဒစောခြင်းထက် ကိုယ်သွားလိုသည့် ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသိရေး၊ အစိုးရနှင့် လူထုသဘောမျှသော ပန်းတိုင်ချမှတ်နိုင်ရေးကို ဦးစွာရှေ့တန်း တင် သင့် ပါသည်။
ဖောင်ဒေးရှင်းမှအစ၊ အမိုးအဆုံးပြင်ရမည့် အိမ်အိုကြီးကိုရက် ၁၀၀ အတွင်း အမြင်လှရေး ဟိုနားပြင်၊ သည်နားဖာ၊ ဆေးသုတ်ခြင်းသည် လမ်းမှန်မဟုတ်လှပါ။လူတန်းစေ့သော အိမ်အဖြစ် ငါးနှစ်အတွင်း ပြန်ပြင်မည့်အစီအစဉ်များကိုရှင်း ရှင်းလင်းလင်းသိရေး ဦးစွာအဖြေရှာရေးသာ ချဉ်းကပ်နည်းအမှန်ဖြစ်သည်။