ကလိန်အောင်တွင် ဆရာနှင့် ကျောင်းသား ၁၀ ကျော် မူးမေ့လဲ၊ အမှောင့် ပယောဂကြောင့်ဟုဆို

0
544

ကလိန်အောင် အ.ထ.ကတွင် ဇူလိုင်လ ၁ ရက်က ဖြစ်ပွားခဲ့သည့် ဆရာနှင့် ကျောင်းသား ၁၀ကျော် မူးမေ့လဲကျမှုသည် အမှောင့် ပယောဂ ကြောင့်ဟု ကာယကံရှင် အချို့နှင့် ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်နိုင်က ပြောသည်။


ယင်းနေ့ နံနက် ၈ နာရီခွဲက နိုင်ငံတော် သီချင်းသီဆိုရန် ပြင်ဆင် နေစဉ် အထက်တန်းပြ ဆရာမ ၂ ဦး၊ ဒဿမတန်းကျောင်းသူ ၂ ဦး၊ န၀မတန်း ကျောင်းသူ ၇ ဦးနှင့် ကျောင်းသား ၁ ဦးတို့ တစ်ဦးပြီး တစ်ဦး မူးမေ့လဲ ကျခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။ယင်းဖြစ်စဉ် မဖြစ်ပွားမီ ဇွန်လ ၃၀ရက် နေ့လည် ၃နာရီအချိန်တွင် အ.ထ.က ကလိန်အောင် န၀မတန်း စာ သင်ခန်းတွင်ကျောင်းသား မောင်စိုးသီဟ နှင့် မောင်အောင်ကိုမြတ်တို့ နှစ်ဦးအား အမှောင့်ပယောဂ ဝင်ရောက်ပူးကပ်ကာ ကျောင်းအတွင်း ဆရာတော်ကြီးများအား ပင့်ဖိတ်၍ အမျှဝေပေးရန် ပြောဆိုခဲ့ ကြောင်း အုပ်ချူပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။
“အရင်က ခုလိုတစ်ခါမှ မဖြစ်ဖူး ဘူး။ ဖြစ်တဲ့နေ့က ကျောင်းတောင် နေ့တစ်ဝက် ပိတ်လိုက်ရတယ်” ဟု ဦးအောင်နိုင်က ပြောသည်။
နံနက် ၈ နာရီခွဲကတည်းက တစ် ယောက်ပြီးတစ်ယောက် ဝင်ပူးခဲ့ခြင်းဖြစ် ပြီး ၁၁ နာရီဝန်းကျင်တွင် ဆရာတော် ၄ ပါးအား ပင့်ဖိတ်ပြီး ပရိတ်ရွတ်ပေးမှ ပြန်ထွက်သွားသည်ဟု သိရသည်။
“ကျောင်းနေရာကအရင်က                သင်္ချိုင်းဟောင်းမြေနေရာ”ဟု ဦးအောင် နိုင်က ပြောသည်။အဆိုပါ ဝင်ရောက်ပူးကပ်ခံရသူ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာမများမှာ ငိုယိုခြင်း၊ မူးနောက်ခြင်း များရှိခဲ့သည်။ဝင်ရောက်ပူးကပ်သူများက ၎င်း တို့သည် ကျောင်း အနောက်မြောက်ဘက် ရတနာခန်းမအနီးရှိ    ညောင်ပင်တွင် နေထိုင်ကြပြီး  ကျောင်းသူ၊ ကျောင်းသား များမှ ၎င်းတို့နေရာတွင် အပေါ့အပါးစွန့် သည့် ကိစ္စအား ကျေနပ်မှု မရှိကြောင်းနှင့် ကောင်းမှု ကုသိုလ်ပြုလုပ်၍ ကမ္မာဝါရွတ် ဖတ်မည်ဆိုပါက ၎င်းတို့တွင် နေထိုင်စရာရှိတော့မည် မဟုတ်တော့သဖြင့် နေထိုင်စရာ တစ်ခုပေးရန် ဆရာမ တစ် ဦးအား ဝင်ရောက် ပူးကပ်ပြောဆိုခဲ့ ကြောင်း ဦးအောင်နိုင်က ပြောသည်။”မူးဝေပြီး ကယောင်ကတန်းတွေပြောနေတဲ့ကျောင်းသားကလေးကို ပြုစုပေးနေရင်း အဲဒီကျောင်းသားလေး ကနေ ဆရာမကို ဝင်ပူးတာ။ ကိုယ့် ကိုယ်ကို ဘာဖြစ်သွားမှန်း မသိဘူး။ သတိရလာတော့ တစ်ခြား ဆရာ၊ ဆရာမတွေ ကိုယ့်ကို ပြုစုပေးနေတာ တွေ့ရတယ်။ တစ်ခါမှ ခုလိုမဖြစ်ဖူးတော့ ကြောက်လည်း ကြောက်တယ်။ ခုထိ ခန္ဓာကိုယ်တွေလေးလံပြီး စိတ်တွေ နွမ်း နယ်နေတုန်း” ဟု ပယောဂဝင်ပူးခံရသူ အလယ်တန်းပြ ဆရာမတစ်ဦးက ပြော သည်။
ကျောင်းတွင်ညဘက်စာသွား ကျက်ရသည့် အချိန်များရှိပြီး ယခင်က ယင်းကိစ္စမျိုး တစ်ခါမှမဖြစ်ဖူးဟု အမှတ် ၃ ရပ်ကွက်နေ ဒဿမတန်းကျောင်းသူ မနန္ဒာငြိမ်းက ပြောသည်။”နိုင်ငံတော် သီချင်းဆိုဖို့ လုပ်နေ တုန်း ကျောင်းသူတစ်ယောက် မူးဝေလဲ ကျသွားပြီး ကယောင်ကတမ်းတွေ အော် နေတာ။ အဲဒီကျောင်းသူ တစ်ယောက် ဖြစ်နေတုန်းကျန်တဲ့ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဆက် တိုက်ဖြစ်သွားကြတာ။ တော်တော်လန့် ပြီး ကြောက်သွားတယ်”  ဟု မနန္ဒငြိမ်းက ဆိုသည်။
ဝင်အပူးခံရသူများသည် လက်ရှိ တွင် ပုံမှန်အခြေအနေပြန်ဖြစ်နေပြီဟု သိရသည်။
ဝင်ပူးသူများအား သင်္ချိုင်းသစ်သို့ ပြောင်းရွှေ့ပြီးဖြစ်ကာ ကျောင်းအနောက် မြောက်ဘက်ရှိ ညောင်ပင်ကိုလည်း               ခုတ်ပစ်တော့မည်ဟု အုပ်ချုပ်ရေးမှူး               ဦးအောင်နိုင်က ပြောသည်။