ရဲတပ်သားကို သေနတ်ဖြင့် ပစ်သတ်သည့် ညီငယ်ကို တတိယအကြိမ်မြောက် ရုံးထုတ်မည်

0
447

ရဲတပ်သားကို သေနတ်ဖြင့် ပစ် သတ်ခဲ့သည့် ညီငယ်ကို လာမည့် ဇူလိုင်လ ၆ ရက်နေ့တွင် တတိယကြိမ် မြောက်ရုံးထုတ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။


မူးယစ်မှု၊ လက်နက်မှုတို့ဖြင့် ရဲတပ်ဖွဲ့မှ အလိုရှိသည့်နေသည့် တရားခံပြေး သီဟနိုင်(ခ) ညီငယ်ကို ပြီးခဲ့သည့် မေလ ၁၄ ရက်က လိုက်လံ ဖမ်းဆီးစဉ် ၎င်းက သေနတ်ဖြင့် လှည့်ပြန်ပစ်ခဲ့သည့် အတွက် ရဲတပ်ဖွဲ့တစ်ဦး သေဆုံးခဲ့သည်။လက်ရှိတွင် လူသတ်မှု(ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၀၂) တစ်မှုတည်းကိုသာ စစ်ဆေးနေပြီး လာမည့် ရုံးချိန်းတွင် ရှေ့နေ ကိုယ်စားလှယ် စာတင်ရန်အတွက် ချိန်းဆိုထားကြောင်း ခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 
တရားခံပြေး သီဟနိုင်(ခ)ညီငယ် ကို ရဲတပ်သားအား သေနတ်ဖြင့် ပစ် သတ်ခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(လူသတ်မှု)အပြင် မူးယစ်ဆေးဝါးအမှု ၃ ခုဖြင့် တရား စွဲဆိုထားကြောင်း ထားဝယ်ခရိုင်တရား ရုံးထံမှ သိရသည်။
၎င်းအပြင် မောင်းမကန်နယ်မြေရဲ စခန်းနှင့် ထားဝယ်မြို့မရဲစခန်းတို့မှ စွဲ မည့် မူးယစ်ဆေးဝါးအမှု ၂ မှု ကျန် ရှိနေသေးကြောင်း ယင်းတရားရုံးထံမှ သိရသည်။

 
ထိုကြောင့် ညီငယ်သည် လူသတ်မှု ၁ မှုနှင့် မူးယစ်ဆေးဝါးအမှု ၆ မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။
” စစ်တဲ့နေ့ဆိုရင်လည်း ဘယ်သူ မဆို လာကြည့်လို့ရတယ်” ဟု အဆိုပါ တရားရုံးမှတာဝန်ရှိသူက ပြောသည်။
ယင်းအမှုအား ပထမရုံးချိန်းအဖြစ် ဇွန်လ ၁၀ ရက်နှင့် ဒုတိယရုံးချိန်းကို ဇွန်လ ၂၁ ရက်တွင် ခေါ်ခဲ့ပြီး  တတိယ အကြိမ် ရုံးချိန်းအား လာမည့် ဇူလိုင်လ ၆ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း ၎င်းက ဆိုသည်။
ညီငယ်အားစွဲဆိုထားသည့် ပုဒ်မ ၃၀၂ (လူသတ်မှု) နှင့် မူးယစ်ပုဒ်မ ၂၀(က)တို့သည် အမြင့်ဆုံးပြစ်ဒဏ် အဖြစ် သေဒဏ်အထိ ကျခံရနိုင်သည့် ပြစ်မှုများဖြစ်ကြောင်း ထားဝယ်ခရိုင်တ ရားရုံးထံမှ သိရသည်။