သူ့ဂုဏ်နှင့်သူ

0
599

ကိုယ့်အလုပ်ကိုယ်တန်ဖိုးမထား၊ ဂုဏ်ယူစရာဟု မမြင်ဘဲသိမ်ငယ်စိတ်၊ မကျေနပ်စိတ် ဖြစ်နေသူများစွာကို တွေ့ဖူးသည်။
ထိုသူတို့၏ သမိုင်းတွင် အလုပ်ဟူသမျှ ဂုဏ်ရှိစွဟူသည့်စကားမရှိ။


ဝတ္ထုဇာတ်လမ်း၊ ပြဇာတ်၊ ရုပ်ရှင်တို့တွင်လည်း အလုပ်ဟူသမျှဂုဏ်ရှိသည်ဟု လှစ်ပြသည်ကို တော်ရုံ တွေ့ရလေ့မရှိ။
တောင်ယာအလုပ်များကို ဂုဏ်မရှိသကဲ့သို့ပြကြပြောကြသည်။ ကုန်ထမ်း သူများသည် ဂုဏ်မဲ့သကဲ့သို့ဖြစ်ရသည်။ အမှိုက်သိမ်းအလုပ်သည် ဂုဏ်ငယ် စရာအဖြစ်ပြကြသည်။အမှန်မှာ အလုပ်တိုင်းသည်သူ့အကျိုးပြုမှုနှင့်သူ သူ့ဂုဏ်နှင့်သူ ဖြစ်သည်။
တောင်ယာအလုပ်သည် လူသားများ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းက ထောက်ပံ့သည့်အလုပ် ဖြစ်သည်။
ကုန်ထမ်းသည့် အလုပ်သည်လည်း ကုန်စည်ပို့ဆောင်မှုချောမွေ့စေရေး အတွက် ထောက်ပံ့သည့်အလုပ် ဖြစ်သည်။
အမှိုက်သိမ်းသည့်အလုပ်သည် မြို့ရွာ သန့်ရှင်း စည်ပင်ရေးအတွက် အရေးပါအရာရောက်သည့်အလုပ် ဖြစ်ပေသည်။
သို့သော်ထိုသို့သော အလုပ်များနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ဂုဏ် ယူတတ်သူများကို ရှားရှားပါးပါးသာတွေ့ရလေ့ရှိပြီး ကိုယ့်အလုပ်ကို ဂုဏ် ငယ်စရာအဖြစ် မြင်နေသူများကိုသာ အများစုတွေ့ရသည်။
ဘ၀တစ်လျှောက်လုံး သတင်းစာ၊ ဂျာနယ်ပို့လာသည့်သူတစ်ဦးပြော သည့် စကားကို ငယ်ငယ်ကမှတ်သားဖူးသည်။ သူပြောသည်မှာ “ကျွန်တော်အသိ ပညာပြန့်ပွားရေး လုပ်နေတယ်”ဟူ၏။ သူသည်သူ့အလုပ်သူ ဂုဏ်ယူပြီး စိုက် လိုက်မတ်တပ် လေးလေးစားစားလုပ်သူ ဖြစ်သည်။ သားသမီးများကိုလည်း ထိုအလုပ်ဖြင့် ကောင်းမွန်စွာပြုစုပျိုးထောင်နိုင်သည်။ အင်မတန်ကောင်းမွန်သည့် ခံယူချက်ဖြစ်သည်။ ထို့ကြောင့်လည်း ထိုအလုပ်ကိုသူပျော်ပျော်ကြီး တစ်ဘ၀လုံး လုပ်နိုင်သည်။
အတော် ဂုဏ်ယူစရာကောင်းသည်။
ကိုယ်လုပ်သည့်အလုပ်ကို ဂုဏ်ငယ်စရာအဖြစ် တွေးနေသည့်သူများကို တွေ့တိုင်းဗီဒီယို၊ ရုပ်ရှင်များကို အပြစ်တင်ချင်သည်။
တပြိုင်နက်တည်းတွင်ပင် “ကျွန်တော်အသိပညာပြန့်ပွားရေး လုပ်နေတယ်”ဟု ခိုင်ကြည်သည့်ခံယူချက်ဖြင့် ပြောသည့်စာစောင်ပို့သည့် အဖိုးအိုအကြောင်း ဖောက်သည်ချချင်သည်။