ခွဲရေး၊ တွဲရေး သင်ခန်းစာ

0
353

အနောက်ခြမ်းမှာတော့ ကမ္ဘာပျက် နေပေမယ့် ရွာမှာတော့ အေးဆေးပဲ ထင်ပါတယ်။ နေမဝင်အင်ပါယာ ဗြိတိန် နိုင်ငံ ဥရောပသမဂ္ဂ (အီးယူ) ကနေ နုတ်ထွက်မယ့် သတင်းဟာ ဂြိုလ်ကမ္ဘာ တစ်ခုလုံးကို သိမ့်တုန်သွားစေခဲ့ပါတယ်။


နားလည်သလောက်ပြောရရင် ဥရောပသမဂ္ဂဆိုတာ နိုင်ငံစုံ ပေါင်းစည်း စုဖွဲ့ထားတဲ့ အဖွဲ့တစ်ခုပါ။ အနီးစပ် ဆုံးတော့ အာဆီယံလိုပေါ့။ ဒါပေမယ့် အာဆီယံထက် စောစီးစွာဖွဲ့ပြီး တော်တော်ပေါင်းစည်း ခရီးရောက် နေပါပြီ။

အဲဒီသမဂ္ဂထဲမှာ လွတ်လပ်စွာ ကုန်သွယ်ရေးရှိတယ်၊ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် ရှိတယ်။ ကုန် သွယ်ရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တူညီသော မူဝါဒတွေ ချထားတယ်။

နိုင်ငံတွေ ဆိုပေမယ့် ပြည်နယ်တွေ တိုင်းပြည် တစ်ခုတည်းမှာ အတူတကွ နေထိုင်သလို မျိုး ဖော်ဆောင်ထားတာပါ။ အရင်က တော့ စီးပွားရေးအရ ကဏ္ဍတစ်ခုချင်း စီကနေ တဖြည်းဖြည်း ပေါင်းလာတာ နောက်ဆုံး ဘုံသုံးငွေကြေး (Euro)  ပေါ်လာတဲ့ အထိ ပေါင်းစည်းလာပါတယ်။

in_out
အာဆီယံက အခုတော့ ဥရောပ သမဂ္ဂကို နမူနာယူပြီး ဒေသတွင်း ပေါင်း စည်းရေးကို လုပ်နေပါတယ်။

အီးယူလို့ခေါ်တဲ့ ဥရောပသမဂ္ဂကို တည်ထောင်တဲ့ ခေါင်းကိုင် ဖခင်ကြီး တွေကတော့ United States of Europe  ဖြစ်အောင် ရည်ရွယ်ခဲ့တယ် ဆိုတာမျိုးလည်း ပြောကြဆိုကြတာ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ပုံစံပေါ့။

ဥရောပ သမဂ္ဂဟာ တရား ဝင်မဟုတ်ပေမဲ့ ဖက်ဒရယ် ပြည်ထောင်စု လို ဖြစ်နေတဲ့ အင်အားစု တစ်ခုအဖြစ် တင်စားတာလည်း ရှိပါတယ်။ အများ အားဖြင့် ဟိုမရောက် ဒီမရောက်လို့ သုံးသပ်ကြပါတယ်။ ဖက်ဒရယ်လည်း မကျ၊ အသင်းလည်း မကပေါ့။ ဖက်ဒရယ်ပုံစံ အမေရိကန် နဲ့ အသင်းဟန် အာဆီယံ ကြားကပုံစံလို့ ပြောနိုင် မလားမသိ။

အခုတော့ အဲဒီ သမဂ္ဂအင်အားစု ထဲက ဗြိတိန်က ထွက်ဖို့ ဆုံးဖြတ်လိုက် ပါပြီ။

ဆိုတော့ နိုင်ငံပေါင်းစည်းရေး ကြိုးပမ်းနေရဆဲဖြစ်တဲ့ ဗမောင်းတို့ အတွက် ဘာသင်ခန်းစာတွေ ရမလဲ။

၁။ အမျိုးသားရေးစိတ်ဓာတ်ခေတ်မကုန်သေး

အချို့နိုင်ငံတွေမှာ လူမျိုးစုတွေ၊ ပြည်နယ်တွေ ပေါင်းစည်းဖို့တောင် တော်တော်ကြိုးစားနေရတဲ့ အချိန်မှာ တိုင်းပြည်တွေ ပေါင်းစည်းတဲ့ပုံစံ အလုပ်ဖြစ်လာတော့ အမျိုးသားရေး စိတ်ဓာတ်ထားတဲ့ ခေတ်ကုန်ပြီ။ အားလုံးဟာ ကမ္ဘာသူ ကမ္ဘာ့သားတွေ ဆိုတာမျိုး ပြောလေ့ရှိတယ်။

တိုင်းရင်းသားလူမျိုးစု အရေးတွေ ဦးတည်ပြောသူတွေဟာ အစွန်းရောက်သူတွေဖြစ်တယ်ဆိုပြီးလည်း ပုံဖျက် တာတွေ ရှိပါတယ်။

လူမျိုးအရေး ပြောသူတွေပဲ သိမ်ဖျင်းတဲ့ အတွေးအခေါ် ရှိသယောင်ယောင် ပုံဖျက်တာတွေ ရှိပါတယ်။

အခု ဗြိတိန်တွေက ဥရောပသမဂ္ဂ ကနေခွဲထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီတော့ သူတို့ဟာ အတွေးအခေါ် သိမ်ဖျင်းသူ တွေလား။

ခွဲထွက်ဖို့ ဆုံးဖြတ်တဲ့ အကြောင်း တွေထဲမှာ ဥရောသမဂ္ဂရဲ့ လွတ်လပ်စွာ ရွေ့ပြောင်းလုပ်ကိုင်ခွင့်အရ အင်္ဂလိပ် လူမျိုးမဟုတ်သူတွေ၊ လူမျိုးခြားတွေ အများအပြား လာရောက် အခြေချနိုင်တာ တစ်ခုလည်း ပါပါတယ်။ ဒီလို လူတွေ ရောကော သောကော ဖြစ်လာတာ အင်္ဂလိပ်တွေ မကြိုက်ပါဘူး။ ကိုယ့်ရဲ့ လွတ်လပ်မှု၊ ယဉ်ကျေးမှု၊ အမှတ်အသား သရုပ်ကို ထိခိုက်တယ်။ နောင် လူအရော များလာရင် အဲဒါတွေ ပျောက်သွားလိမ့် မယ်ဆိုပြီး စိုးရိမ်ကြပါတယ်။

တိုးတက်ပြီး ဒီမိုကရေစီ ထွန်းကား လှပါတယ်ဆိုတဲ့ ဥရောပ ကမ္ဘာမှာတောင် ကိုယ့်အမှတ်အသား သရုပ်၊ ယဉ်ကျေးမှု ထုံးထမ်း၊ အမျိုးချစ်စိတ်ကို ထိန်းသိမ်း လိုကြဆဲပါ။ ကိုယ့်ဘာသာ စကား၊ ယဉ်ကျေးမှုကို ထိန်းသိမ်းလိုကြဆဲပါ။

အဲဒီကနေ ချိတ်ဆက်ပြီး တွေးမိ တာက ဒီမိုကရေစီသာအမိ၊ ဒီမိုကရေစီ သာအဖ၊ ကျန်တာ အစွန်းရောက် အတွေး အခေါ်တွေ ဆိုတာမျိုးကို ပြန်သုံးသပ်ဖို့ပါ။ လူမျိုးစုတိုင်းရင်းသား အရေးနဲ့ ဒီမိုကရေစီ ဘယ်လို မျှတအောင် လုပ်ကြမလဲ တွေး နိုင်ဖို့ပါ။

တစ်ယောက်ကတော့ မှတ်ချက်ပေး ထားတယ်။”နိုင်ငံပေါင်းများစွာကို ကိုလိုနီလုပ် ကျွန်ပြုခဲ့တဲ့ ဗြိတိသျှတွေက သူ့နိုင်ငံနဲ့ သူတို့ လူမျိုးထုံးထမ်းလက္ခဏာတွေကို ထိမှာတော့ စိုးရိမ်သား ” တဲ့။

၂။ လူထု အသိပညာ

တကယ်တော့ အီးယူကနေ ခွဲထွက် ဖို့ မဲပေးခဲ့တယ်ဆိုပေမယ့် မဲကသိပ် အကွာကြီးတော့ မဟုတ်ပါဘူး။ ခွဲရေး ၅၂ ရာခိုင်နှုန်း၊ တွဲရေးက ၄၈ ရာခိုင်နှုန်း လောက်ဖြစ်သွားတာပါ။

အထူးသဖြင့် လန်ဒန်၊ မန်ချက် စတာလို မြို့ကြီးပြကြီးတွေမှာ တွဲရေး ဘက်က အနိုင်ရခဲ့ပြီး ကျေးလက်လူထု ကတော့ ခွဲရေးကို မဲပေးခဲ့ကြပါတယ်။ ခွဲရေးသမားတွေ အဓိက မဲပေးခဲ့ကြတာက စောစောကပြောခဲ့တဲ့ အရပ်တပါးက လူတွေ များလာတာရယ်၊ ဗြိတိန်နိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းအချို့ အသက်မဝင်နိုင်တော့ဘဲ ဥရောပသမဂ္ဂ တစ်ခုလုံးနဲ့ ဆိုင်တဲ့ ဥပဒေစည်းမျဉ်း တွေက နိုင်ငံအတွင်းမှာ လွှမ်းမိုးလာ တာရယ်၊ ဒါကြောင့် ကိုယ့်နိုင်ငံကို ကိုယ်အုပ်ချုပ်နေတယ်၊ ကိုယ်ပိုင်နေ တယ်လို့ မခံစားရတော့တာလို့ ဆိုပါ တယ်။

တွဲရေးသမားတွေကတော့ လွတ်လပ် စွာကုန်သွယ်၊ အသက်မွေး၊ သွားလာ၊ အလုပ်လုပ်ကိုင်မှုတွေကနေ စီးပွားရေး အကျိုးခံစားရတာကြောင့် တွဲရေးမဲပေး ခဲ့ကြပါတယ်။နောက်ပိုင်းသုံးသပ်တာက ခွဲရေး သမားတွေက မျိုးချစ်စိတ်နဲ့ နှလုံးသားကို အခြေခံမဲပေးခဲ့ပြီး တွဲရေးသမားတွေ ကတော့ ဦးနှောက်သမားတွေတဲ့။

ခွဲရေးသမားတွေက မဲပေးပြီးတော့မှ “ဘာလဲဟဲ့ အီးယူ”၊ “ခွဲထွက်ရင် ဘာဖြစ် မလဲ”ဆိုပြီး အင်တာနက်မှာ ရှာလာကြ တာမျိုးတွေ့တယ်ဆိုပြီး သတင်းတွေမှာ ရေးပါတယ်။ ဆိုချင်တာက ဘာမှန်း ရေရေရာရာ မသိဘဲ မဲပေးခဲ့တယ်ဆို တာမျိုး။

အဲဒီမှာ အံ့ဩစရာက ဗြိတိန်လိုမျိုး ကမ္ဘာ့ပညာတတ်ဆရာကြီး နိုင်ငံက အဲလောက်ဆိုးနေပြီလား။

အဲဒါကို ရေရေ ရာရာပြောဖို့ ခက်ပေမယ့် အခုမဲပေးဖို့ စဉ်းစားတဲ့ပုံစံမှာ အလွှာနှစ်ရပ်က ကွဲနေဆဲဆိုတာ တွေ့ရ ပါတယ်။

ခွဲရေးကို မဲဆွယ်တဲ့ နိုင်ငံရေးသမား တွေကလည်း ခွဲရေးကောင်းကျိုးတွေ ဖိပြော၊ တွဲရေးသမားတွေကလည်း ဒီအတိုင်း။

မီဒီယာတွေကလည်း မျှမျှ တတ မတင်ပြခဲ့ဘူးလား စဉ်းစားဖို့ ကောင်းတယ်။ မဲဆန္ဒရှင်တွေကို ကုံလုံ ပြည့်စုံတဲ့၊ တစ်ခြမ်းကပ် မဟုတ်တဲ့၊ မျှတတဲ့ သတင်းအချက်အလက်တွေ ပေးခဲ့ရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်ပါ တယ်။

ဒီတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ သာမက ချမ်းသာပြီး ဒီမိုကရေစီ ရင့်ပါ တယ်ဆိုတဲ့ နိုင်ငံတွေမှာလည်း လူထု အသိပညာပေးဖို့လိုတဲ့ ဟာကွက်တွေ ရှိဆဲပါ။ ကိုယ်တွေချည်းပဲ မဟုတ် ဘူးပေါ့။

၃။ ခွဲချင်ခွဲမယ်၊ တွဲချင်တွဲမယ်

ခေတ်သစ်ကမ္ဘာမှာ ခွဲရေး၊ တွဲရေး ကို လက်နက်ပြ ဆုံးဖြတ်လို့ ရတာမျိုး၊ စာချုပ်ချုပ်ပြီး အသေချည်ထားလို့ရ တာမျိုး မဟုတ်တော့ပါဘူး။
တွဲရင် ဘယ်လောက် အကျိုးရှိမလဲ၊ ခွဲရင် ဘယ်လောက်အကျိုးရှိမလဲ ဆိုတဲ့ အမြင်မျိုးနဲ့ ချဉ်းကပ်လာတာ ကြာ လှပါပြီ။

တွဲစေချင်တဲ့သူတွေ တွဲလာအောင် ဆွဲဆောင်စည်းရုံးဖို့ သူ့အလုပ်၊ တွဲလာ အောင် မက်လုံးပေးဖို့ သူ့အလုပ်ပါ။ မြန်မာနိုင်ငံကို ထူထောင်စဉ် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုရာမှာ ၁၀ နှစ်ကြာရင် ခွဲထွက်ခွင့်ဆိုတာကို ဗိုလ်ချုပ်အောင် ဆန်းက ဒါကြောင့် ထည့်သွင်းခဲ့တာပါ။ ၁၀ နှစ်အတွင်း သူမစည်းရုံးနိုင်ရင် သူညံ့ လို့ ဆိုတာမျိုး ပြောပြီး အာမခံခဲ့တာပါ။

ခွဲချင်တဲ့သူက ခွဲရမယ့် အကြောင်း ရင်းပြော ဆုံးဖြတ်တာ သူ့အလုပ်ပါ။ အဲဒါကို အပြစ်ကြီးသဖွယ်ပြောနေတဲ့ ခေတ်မဟုတ်တော့ပါ။
အခုကတော့ မြန်မာပြည်က မခွဲ ထွက်ဘူးဆိုတဲ့ ဘုံပိုင်းခြေတူမှ စကား ပြောမယ်။ ခွဲမယ်ဆိုရင်တော့ ချပစ် လိုက်မယ်၊ တိုက်ပစ်လိုက်မယ် ဆိုတာ မျိုးကို ပြန်သွားနေတာ တွေ့ရ ပါတယ်။ ဟိုဘက်က ဘာရမလဲဆိုတဲ့ မက်လုံးကို လည်း ထည့်ပြောဖို့ လိုပါ တယ်။ ဒါမှ ခွဲမယ်ဆိုသူကလည်း တွဲမှာပေါ့။

ခွဲရေးလှုပ်ရှားသူ ဗြိတိန် လွတ် မြောက်ရေး ပါတီခေါင်းဆောင်က သူတို့ ခွဲရေးမဲနိုင်ပြီးတာတောင် ဥရောပလွှတ် တော်မှာ သွားပြော လိုက် သေးတယ်။ “အီးယူက ခွဲထွက်ဖို့ ဗြိတိန်က နောက်ဆုံး နိုင်ငံမဟုတ်ဘူး”တဲ့။ ဆိုလို တာက နောက်ထပ်ထွက်မယ့် နိုင်ငံ တွေ လာဦးမယ်ဆိုတဲ့သဘော။

၎။ ပေါင်းစည်းရေးနဲ့ ခွဲရေး အိုင်ဒီယာ

၁၉၄၅ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ခေတ်စားလာတဲ့ အိုင်ဒီယာအရ အချင်း ချင်းချနေလို့ မရတော့ဘူး။ ငြိမ်းချမ်း ရေးနဲ့ အတူတကွ ၀ပြောစည်ပင်ရေး၊ ကိုယ့်အင်အားကို ထိန်းထားနိုင်ရေး အတွက် ပေါင်းစည်း အလုပ်လုပ်ရမယ် ဆိုပြီး အီးယူကိုစဖွဲ့တာပါ။

အဲဒီမတိုင်မီကလည်း ပြည်နယ် တွေ၊  မြို့ပြနိုင်ငံတွေ အတူတကွ ပေါင်း စည်းပြီး တိုင်းပြည်ကြီးထောင်ကြမယ်၊ အတူလက်တွဲချီတက်ကြတယ်ဆိုတဲ့ အိုင်ဒီယာမျိုး ရှိခဲ့ပါတယ်။ ဒီလိုပုံနဲ့ အမေရိကန်ပြည်ထောင်စုဆိုတာ ပေါ်လာ တာလို့လည်း အကြမ်းဖြင်း ဆိုနိုင်ပါ တယ်။

ဒီစိတ်ကူးနဲ့ပဲ တိုင်းပြည်တွေကို ထပ်ပေါင်းပြီး အီးယူပေါင်းစည်းရေးကို ၁၉၅၇ မှာ စတင်ခဲ့တယ်လို့ ဆိုနိုင် ပါတယ်။

ဒီလို အိုင်ဒီယာကြောင့်မို့လို့လဲ ၁၉၆၅ မှာ မလေးရှားနိုင်ငံက စင်ကာပူကို အတင်းခွဲထွက်စေပြီး ကန်ထုတ်လိုက်တဲ့ အချိန်မှာ အဲဒီအချိန်က ဗြိတိသျှ ပညာတတ် စင်ကာပူ ပြည်နယ်ဝန်ကြီးချုပ် လီကွမ်ယုက သူတိုင်းပြည်ရဲ့ လွတ်လပ် ရေးကို မျက်ရည်စက်လက်နဲ့ ကြေညာခဲ့ ရတာ မဟုတ်လား။ ပေါင်းနေမှ ကောင်း မယ်လို့ လီကွမ်ယု စဉ်းစားခဲ့တာကိုး။ မလေးရှား ပြည်ထောင်စုအစိုးရက အဲဒီတုန်းကသာ ကန်မထုတ်လိုက်ရင် အခု စင်ကာပူတောင် ဖြစ်လာဖို့ ခပ်ခက် ခက်ရယ်။

ဒီလိုအိုင်ဒီယာနဲ့ပဲ အာဆီယံကို  ၁၉၆၇ မှာ စဖွဲ့ပါခဲ့ပါတယ်။ မြန်မာက ၁၉၉၀ ကျော်မှ ပါလာတာပါ။

ဟော အခုတော့ ဗြိတိန်ပြည်သူ အများစုက ပေါင်းခြင်းဟာ မကောင်းဘူး၊ ကိုယ်တွေနာတယ်ဆိုတော့ ခွဲကြမယ်ဖြစ် လာပြန်ပြီ။
တကယ်တော့ ဗြိတိန်ကိုယ်၌ ကိုယ်က အင်္ဂလန်၊ ဝေလ၊ မြောက်အိုင်ယာ လန်၊ စကော့တလန်ဆိုတဲ့ နယ်လေးနယ်နဲ့ ဖွဲ့ထားပါတယ်။

၂၀၁၄ တုန်းက စကော့ တလန် အမျိုးသားရေးလှုပ်ရှားမှု အား ကောင်းလာတော့ ဗြိတိန်နဲ့ ခွဲရေး၊ တွဲရေး မဲခွဲတယ်။

တွဲရေးက နိုင်သွားပါတယ်။ ဒါကြောင့် စကော့တလန်ဟာ သီးခြား နိုင်ငံမခွဲဘဲ ဗြိတိန်နဲ့ ဆက်ပေါင်းနေပါ တယ်။
အခု ဗြိတိန်က အီးယူနဲ့ ခွဲရေး၊ တွဲရေး မဲခွဲတော့ စကော့တလန်နဲ့ မြောက် အိုင်ယာလန်က အီးယူနဲ့တွဲရေးကို မဲပေး ခဲ့တယ်။ ဒါပေမယ့် နယ်လေးနယ် စလုံး စုပေါင်းသတ္တုချလိုက်တော့ ခွဲရေးသမား တွေ နိုင်သွားတော့ နောက်ဆုံးရလဒ်က ခွဲရေး ဖြစ်သွားတာပါ။

အခုတော့ စကော့တွေကတော့ ပြောလာပြီ။ သူတို့နယ်က လိုချင်တာက အီးယူနဲ့ တွဲရေး၊ ဒါပေမယ့် အင်္ဂလိပ်တွေနဲ့ ပေါင်းပြီး အတူ မဲခွဲတော့ သူတို့လိုချင်တဲ့ တွဲရေးက နောက်ကောက်ကျသွားပြီ။ ဒါကြောင့် ရှင်းရှင်းပြောရရင် ဗြိတိန်က ခွဲထွက်ဖို့ (၂၀၁၄ တုန်းကလိုမျိုး) နောက်ထပ် ပြည်သူ့ဆန္ဒခံယူပွဲ လုပ် ကောင်း လုပ်လာနိုင်တယ်ဆိုပြီး စပြော လာပါပြီ။ မြောက်အိုင်ယာလန်ကလည်း ဒီနည်းနှယ် နှယ်ပြော လာပါပြီ။ (မြောက် အိုင်ယာလန်ကိစ္စ နည်းနည်းရှုပ်လို့ အရှည်မပြောတော့ပါ) ဗြိတိန်ခွဲရေးဖြစ်လာတော့ နယ်သာ လန်နိုင်ငံက မျိုးချစ်ဝါဒီတို့ကလည်း အီးယူက ခွဲရေး၊ တွဲရေး မဲခွဲပေးဖို့ ပြော လာပါပြီ။

ဒါ့အပြင်လား။ စပိန်နိုင်ငံထဲမှာကိုမှ ဘာစီလိုနာဘောလုံး အသင်းအခြေစိုက်တဲ့ ကတ်တလန်နယ်သားတွေကလည်း သီးခြားခွဲထွက်ရေး တောင်းလာ နိုင်တဲ့ အကြောင်း၊ နှစ်ပြည်နယ်တည်းနဲ့ ဖွဲ့ထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံကလည်း ပြည်နယ်များသည်လည်း ခွဲထွက်ရေး မဲခွဲဖို့ တောင်းလာနိုင်တဲ့ အကြောင်း နိုင်ငံတကာ သတင်းတွေမှာ ရေးကြပြုကြ ပါတယ်။

ဆိုလိုရင်းကို ချုပ်ပြောရရင် အခု ခေတ် စဉ်းစားပုံက ပုံစံခွက်ထဲမှာ မနေ တော့ပါ။ ခွဲနေရင် မကောင်းဘူး၊ တွဲနေမှ ကောင်းမယ် ဆိုတာမျိုး အသေမရှိတော့ သလို။ ခွဲနေမှ လွတ်လပ်မယ်၊ လုပ်ချင် တာလုပ်လို့ရမယ် ဆိုတာမျိုးလည်း အသေမဟုတ်တော့ပါ။ (၂၀၀၂ မှာ အင်ဒိုနီးရှားကနေ ခွဲထွက်ခဲ့တဲ့ အရှေ့တီ မောဟာ အခုထိ ရုန်းကန်နေရတုန်းပါ)

ကိုယ့်နယ်နဲ့ ကိုယ့်လူမျိုးအတွက် ဘာအကျိုးရှိမလဲ၊ ကိုယ့်နယ်သား ကိုယ့်လူမျိုး ဘာအကျိုးခံစားခွင့်ရမယ် ဒီလိုပေါ် အခြေခံပြီး ခွဲရေး၊ တွဲရေး စဉ်းစားတဲ့ ခေတ်ပါ။ ခွဲရေး တွဲရေးမှာ တောင်မှ ဘယ်လောက်ခွဲမယ်၊ ဘယ် လောက် တွဲမယ် စဉ်းစားတဲ့ခေတ်ပါ။

အခု ခေတ်စားနဲ့ စကားနဲ့ဆိုရင်တော့ Power Sharing, Resource Sharing  (အာဏာခွဲဝေခြင်း၊ အရင်း အမြစ် ခွဲပေးခြင်း) ပေါ့။ အာဏာဆိုတာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်ကို ဆိုလိုပြီး အရင်းအမြစ်ဆိုတာက သဘာဝဓာတ်ငွေ့ ဘယ်လောက်ရရမယ်၊ သတ္တုဘယ် လောက်ရရမယ်ဆိုတာမျိုးပါ။

နှစ်ပေါင်းများစွာ အဓမ္မနားသွင်း ခံရတဲ့ ဗမောင်းတို့အတွက် အချို့ဟာ တွေက နားခါးစရာ၊ အဝင်ဆိုးစရာတွေ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အမှန်တရား ပါပဲ။

အရာရာကို ဘောင်ခတ် အသေ မစဉ်းစားမိဖို့ ရည်ရွယ်ကြောင်းပါ။

စိတ်ကို ဖွင့်ထားနိုင်သူများ ဖြစ်ကြ ပါစေ။