ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအမှတ် ထားဝယ်အဖွဲ့ အားလုံးစုပေါင်း စီစဉ်

0
497
၂၀၁၄ ခုနှစ် ဗထူးအောက်မေ့ဖွယ် အခမ်းအနား

ဗိုလ်မှူးကြီးဗထူး၏ နှစ်တစ်ရာအပြည့် အထိမ်းအမှတ်အဖြစ် ရာပြည့်မော်ကွန်းမဂ္ဂဇင်းထုတ်ဝေခြင်းနှင့် ရုပ်တု ထုခြင်း အပါအ၀င် လုပ်ငန်းများကို ထားဝယ်ဒေသရှိ အဖွဲ့အစည်းများ အားလုံး စုပေါင်း ကျင်းပမည်ဖြစ်ကြောင်း ရာပြည့်အမှုဆောင်အဖွဲ့ထံမှ သိရသည်။

ရာပြည့်အထိမ်းအမှတ်ပွဲများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများ စုပေါင်းကျင်းပရန် ဇွန်လ ၃၀ ရက်၊ ဘုရားကြီးဓမ္မာရုံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် သဘောတူခဲ့ပြီး ရာပြည့် အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

၂၀၁၄ ခုနှစ် ဗထူးအောက်မေ့ဖွယ် အခမ်းအနား
၂၀၁၄ ခုနှစ် ဗထူးအောက်မေ့ဖွယ် အခမ်းအနား

ကနဦးက ထားဝယ်တိုင်းရင်းသားများပါတီနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ထား ခဲ့သော်လည်း နောက်ပိုင်းတွင် တိုင်းအစိုးရအဖွဲ့၊ တိုင်းလွှတ်တော်၊ နိုင်ငံရေးပါတီများအားလုံး၊ မြို့မိမြို့ဖများနှင့် ပူးပေါင်း ပြုလုပ်ရန် စီစဉ် လိုက်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွှတ်နဲ့ လုပ်တာ တွေ့ရတော့ ၀မ်းသာပါတယ်။ အကုန်လုံး စုစည်းသွားတာပေါ့”ဟု ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်

ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအမှတ်အဖြစ် မွေးနေ့ဖြစ်သည့် ဇူလိုင်လ ၁၂ ရက်တွင် သံဃာတော် အပါး ၁၀၀ အား ဆွမ်းကျွေးခြင်း၊ မိုးရာသီအကုန်တွင် ရာပြည့်အထိမ်းအမှတ်ပွဲတော်ကျင်းပခြင်း၊ ဗိုလ်မှူးကြီးဗထူး ဖောင်ဒေးရှင်းတည်ထောင်ခြင်း၊ ရာပြည့်မော်ကွန်းမဂ္ဂဇင်းထုတ်ဝေခြင်းနှင့် ရုပ်တုထုခြင်း စသည့် လုပ်ငန်းစဉ်ငါးခု လုပ်ဆောင်မည်ဖြစ်ကြောင်း ရာပြည့် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

ဗိုလ်မှူးကြီးဗထူးရာပြည့်ကော်မတီတွင် နာယကအဖွဲ့ဝင်များအဖြင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများပါဝင်ပြီး အမှုဆောင်အဖွဲ့တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအပါအ၀င် အဖွဲ့ဝင် ၄၁ ဦး ပါဝင်သည်။