အများပိုင် ကုမ္ပဏီနှစ်ခုကို အစိုးရ တရားစွဲ

0
499

မောင်းမကန်ကမ်းခြေတွင် ခွင့်ပြုချက်မရှိဘဲ သဲစုပ် သည် ဟုဆိုကာ ထားဝယ်အများပိုင်နှင့် တနင်္သာရီအများပိုင် ကုမ္ပဏီနှစ်ခုကို  လောင်းလုံးမြို့နယ် ဒုအုပ်ချုပ်ရေးမှူးက တရားစွဲ လိုက်ကြောင်း လောင်းလုံးမြို့နယ်အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။


ထားဝယ်အများပိုင် (DDPC) နှင့် တနင်္သာရီအများပိုင် (TDDPC) ကုမ္ပဏီသည် လိုင်စင်မရှိဘဲ သဲစုပ်နေသည်ကို တရားဝင် သတိပေးစာ တစ်ကြိမ်ပေးပို့ထားသော်လည်း မလိုက်နာသောကြောင့် လောင်းလုံးမြို့နယ်တရားရုံးကို ဇွန်လ ၂၄ ရက်က ဦးတိုက် လျှောက်ထားလိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။” ပုဒ်မကတော့ သူတို့(တရားရုံး)က တပ်သွားလိမ့်မယ်၊ ကျွန်တော်တို့က လိုင်စင်မရှိဘဲ သဲစုပ်တဲ့အမှုနဲ့ စွဲတာပါ”  ဟု လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ကုမ္ပဏီနှစ်ခုစလုံးက သဲစုပ်ခွင့် လိုင်စင်လျှောက်ထားဆဲဖြစ်သော်လည်း လိုင်စင်မကျခင် သဲစုပ်ခြင်းကြောင့် ယင်းသို့ တရားစွဲဆိုခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။DDPC ကုမ္ပဏီနှင့် TDDPC ကုမ္ပဏီတို့က ချောင်းများအတွင်း သဲစုပ်နေသည်ဟု ဆိုကာ ဒေသခံများက ဝန်ကြီးချုပ်ကို စာပို့တိုင်ကြားပြီး ၉ ရက်အကြာတွင် မြို့နယ်အုပ်ချုပ်ရေးက ယင်းသို့ တရားစွဲလိုက်ခြင်းဖြစသည်။
DDPC ကုမ္ပဏီက မောင်းမကန် ချောင်းအတွင်း သဲစုပ်ခြင်း၊ သဲတူးခြင်း နှင့် TDDPC ကုမ္ပဏီက ကျောက်ဆင် ချောင်းအတွင်း သဲစုပ်ခြင်း စသည့် သည့် လုပ်ငန်းများ လုပ်ဆောင်နေသည် ကို အရေးယူပေးရန် တိုင်ကြားစာကို မောင်းမကန်ဒေသခံများက တိုင်းဝန်ကြီး ချုပ်ထံလိပ်မူ၍ ဇွန်လ ၁၅ ရက်က ပေးပို့ခဲ့သည်။
ဟိုတယ်ခြံဝင်းအစွန်းရှိ ရေလှောင် ကတုတ်ကျင်း ရေတိုက်စားကာ ပြိုကျ မည်စိုးသောကြောင့် သဲဖြင့် ဖြည့်ရန် စုပ်ခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံက တားမြစ် စာပို့လာသည့်အတွက် ယင်းနေ့တွင်ပင် ရပ်နားကာ သဲစုပ် ခွင့်လိုင်စင် တင် ထားကြောင်း  TDDPC တနင်္သာရီ ဟိုတယ်မှ မန်နေဂျာက ဆိုသည်။
” တရားစွဲမယ်ဆိုလည်း တရားရုံး မှာ ဖြေရှင်းရုံသာ ရှိတာပေါ့နော်” ဟု မန်နေဂျာ ဦးတင့်ဆွေက ပြောသည်။
သဲစုပ်ခြင်းအား မြို့နယ်အုပ်ချုပ် ရေးမှူး တားမြစ်ချိန်မှ ယနေ့အချိန်ထိ ရပ်နားထားသည်ဟု ၎င်းက ပြောသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးက တား မြစ်သည့်အတွက် လုပ်ငန်း ရပ်ထား ချိန်တွင် အလုပ်သမားများက သဲစုပ် သည့် စက်အား စမ်းသပ်နှိုး စမ်းနေ သည်ကို ရွာသားများက သွား ရောက် တိုင်ကြားခြင်း သာဖြစ်ကြောင်း  ၎င်းက ဆိုသည်။
”  လက်ရှိအချိန်ထိ တရားဝင် အကြောင်း ကြားလာတာ မရှိသေးလို့ သေချာမသိသေးဘူး” ဟု DDPC ကုမ္ပဏီ မှ အမှုဆောင်ဒါရိုက်တာက ပြောသည်။အဆောက်အအုံများ ဆောက် လုပ်မည့် အချိန်တွင် သဲတူးခွင့်ရရန် လိုင်စင် လျှောက်ထားသော်လည်း လက်ရှိ အချိန်အထိ မကျသေးဟု DDPC ၏ အမှုဆောင်ဒါရိုက်တာက ပြောသည်။
သို့သော် ယခင်က DDPC ကုမ္ပဏီမှ သဲတူးစုပ်ယူ၊ တူးဖော်ခြင်း သည် သဲရောင်းချခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း စသဖြင့် လုပ်ငန်း လုပ်ကိုင်ရန် သဲတူးဖော်ခြင်းမျိုး မဟုတ် ဘဲ လုပ်ကိုင်ခွင့်ရသည့် ခြံမြေအတွင်း မြေညှိရန်နှင့် မြေဖြည့်ရန်သာ ဖြစ် သည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်က သဲမတူးရန် သတိပေး စာပို့လာခြင်း ကြောင့် ယင်းအချိန်မှ စ၍ ဆက်မတူး တော့ကြောင်း ၎င်းက ဆိုသည်။
သို့သော် ဇွန်လ ၂၂ ရက်နေ့ခန့် အထိ  DDPC ကုမ္ပဏီမှ သဲတူးခြင်းနှင့် TDDPC ကုမ္ပဏီမှ သဲစုပ်နေခြင်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း မောင်း မကန်ရွာ ဒေသခံအမျိုး သား တစ်ဦးက ပြောသည်။
“သဲစုပ်တာကို ဥပဒေ လမ်း ကြောင်းအတိုင်း အမှန်တိုင်း တရားစွဲ တာကို လိုချင်တယ်”ဟု ၎င်းက ပြော သည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်တွင် လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး လာရောက်စစ်ဆေးခဲ့သည်ကို သိရှိ ထားပြီး တရားစွဲလိုက်သည်ကိုမူ မသိရ သေးဟု အဆိုပါဒေသခံက ဆိုသည်။
မောင်းမကန်ကမ်းခြေတွင် ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC) က လုပ်ဆောင်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းပေးရေးအတွက် လိုအပ်ပါက တိုင်းအစိုးရအဖွဲ့အား ဆန္ဒပြ တောင်း ဆိုသွားမည်ဟု မောင်းမကန်ရွာ ဒေသခံ များက ပြောဆိုထားသည်။