ရွှေကျောင်းကြီး

0
1091

အမှန်တိုင်းဝန်ခံရရင် ထားဝယ်မြို့ က ရွှေကျောင်းကြီးဆိုတာကို ကျွန်တော် အရင်ကမရောက်ဖူးခဲ့ပါဘူး ။ မရောက်ဖူး ခဲ့ဘူးဆိုတာထက် အဲဒီကျောင်းကြီးရှိနေမှန်းကိုမသိခဲ့ဘူးလို့ပြောရင် ပိုမှန်ပါတယ်။

အခုနောက်ပိုင်း သစ်သားကျောင်း အိုကြီးရဲ့ပုံကို အင်တာနက်ပေါ်မှာစပြီးမြင် လိုက်ရတော့ ကိုယ့်ထားဝယ်မှာအဲလို ကျောင်းကြီးရှိနေပါသေးလား ဆိုတဲ့ အသိနဲ့ စိတ်ဝင်စားမှု ပိုခဲ့မိပါတယ်။ အဲဒီ နောက်သိပ်မကြာခင်မှာပဲ ထားဝယ်မြို့က ရှေးဟောင်း ရွှေကျောင်းကြီးကို ပြုပြင်မွန်း မံဖို့ တိုက်အုပ်ဆရာတော်နဲ့တကွ ရပ်မိ ရပ်ဖများက စိတ်ဆန္ဒရှိနေတဲ့ အကြောင်းနဲ့ ရွှေကျောင်းတော်ကြီးကို ပြန်လည်ပြုပြင် ဖို့အတွက် သက်ဆိုင်ရာဌာနကလည်း လာရောက်မှတ်တမ်းယူသွားတယ်ဆိုတဲ့ သတင်းကို တနင်္သာရီဂျာနယ် မှာဖော်ပြ ထားတာတွေ ဖတ်ရှုရပြန်ပါတယ်။ ကျွန်တော့်အနေနဲ့ကလည်း အဲဒီရွှေ ကျောင်းတော်ကြီးဆိုတာကို စိတ်ဝင် စားမိတာမို့ ပြီးခဲ့တဲ့ သင်္ကြန်အချိန်ကာလ အတွင်းမှာ ကိုယ်တိုင်သွားရောက်ပြီး လေ့လာဖြစ်ခဲ့တာပါပဲ ။

ထားဝယ်မြို့က ရွှေကျောင်းတော် ကြီးဆိုတာ မြို့ကျက်သရေဆောင်ရွှေ တောင်စားစေတီအနီး ပိန္နဲတောရပ် ကွက်ထဲက ရှင်ဥဩဘုရား ( ရှင်ကိုးရှင် ဘုရားထဲက တစ်ဆူအပါအဝင်ဖြစ်တဲ့ ဘုရား ) ရှိရာ ကျောင်းတိုက်ထဲမှာ တည် ရှိပါတယ်။ ထားဝယ်မြို့ အုတ်တံတား ကြီးလမ်းဆုံကနေ ဘုရားကြီး ( ရွှေတောင် စားစေတီ ) ဆီဝင်လာခဲ့ရင် ဘုရားကြီးမရောက်ခင်လမ်းခွဲ တစ်နေရာကနေ မြောက်ဘက်ကို တည့်တည့်ဝင်သွား လိုက်တာနဲ့ ရှင်ဥဩဘုရားဝင်းထဲကို ရောက်ပါတယ် ။ ဘုရားရှိရာကျောင်းတိုက် ဝင်းကြီးထဲ စဝင်ဝင်ချင်းမှာပဲ အရှေ့ အရပ်ကို ယိုင်နဲ့နေတဲ့ သစ်သားကျောင်း အိုကြီးတစ်ဆောင်ကို မြင်တွေ့ရမှာပါ ။

အဲဒီယိုင်နဲ့နေတဲ့ ကျောင်းအိုကြီးဟာ ရွှေ ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။ ရွှေကျောင်းတော်ကြီးဟာ လက်ရှိအမြင် အားဖြင့် အရှေ့ဘက်ကို စောင်းနေပြီး ပြုပြင်ထိမ်းသိမ်းမှုလုပ်ဖို့ အမြန်လိုအပ် နေပြီလို့မြင်မိပါတယ်။ ကျောင်းရဲ့ အရွယ်စားက ခုနစ်ပင်ခြောက်ပန်းပတ်လည်လေးထောင့်ကျကျပုံစံ တစ်ဆောင် တည်းသော ကျောင်းဆောင်တစ်ဆောင် ပါပဲ ။ ကျောင်းပေါ်တက်တဲ့လှေကားက တစ်စင်းတည်းဖြစ်ပြီး အဲဒီလှေကားဆောင် ကို မြောက်ဘက်မှာပဲ ထားရှိပါတယ်။

ကျောင်းပေါ်တက်ကြည့်လိုက်တော့ ဆရာတော်တစ်ပါးပါး လက်ရှိသီတင်း သုံးနေတဲ့ အနေထားကိုတွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ ဆရာတော် တစ်ပါးမှ ကျောင်း ပေါ်မှာ မဖူးတွေ့ရပါဘူး။ ကျောင်းဆောင် ရဲ့ထူးခြားချက်က တစ်ဆောင်လုံးမှာပါဝင်ဖွဲ့စည်းထားတဲ့ တိုင်တွေအကုန်လုံးကို အမိုးထိရောက်အောင်ထိ ထောက်ကန် ထားတာပါပဲ။  ဒီတော့ ကျောင်းဆောင် တစ်ခုလုံးက တိုင်တွေနဲ့ ပြည့်နေပြီး အမြင်အားဖြင့်လည်း  ရှုပ်နေသလို ခံစားပါတယ် ။

တခြားရှေးဟောင်းကျောင်း တွေမှာကျတော့ အဓိကနေရာက တိုင်တွေ ကိုသာ အမိုးထိ တစ်ဆက်တည်း ထောက် ကန်ထားတာမို့ ကျောင်းဆောင် အတွင်း မှာလည်း ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ အခုလိုမျိုးလည်း ကျောင်းဆောင် အတွင်း ပိုင်းမှာ တိုင်တွေနဲ့ ရှုပ်မနေပါဘူး။ကျောင်းဆောင်တွင်းက အကြီးဆုံးတိုင် တစ်လုံးရဲ့ ပတ်လည်အရွယ်စားဟာ လက်မ ၅၀ လောက်ကိုရှိတာပါ။ တချို့ တိုင်လုံးတွေရဲ့ ထိပ်မှာ မှန်စီရွှေချထားတဲ့ အစအနတွေနဲ့ မျက်နှာကျက်တချို့နေရာ တွေမှာ သစ်သား ကနုတ်ပန်းတွေကို လည်းတွေ့ နေရပါတယ်။ အရင်က ဒီတိုင်လုံးတွေမှာ အပေါ်ပိုင်းက ဟင်္သာပြ ဒါးသုတ်ထားပြီး အောက်ပိုင်းတွေမှာ မှန်စီရွှေချတွေရှိ ခဲ့ပုံပါပဲ။ အဲဒီလိုပြော ရတာကလည်း အခုထိ တိုင်လုံးတွေရဲ့ အောက်ပိုင်းမှာ အရင်က သုတ်ခဲ့တဲ့သစ် စေးလက် ကျန်တွေနဲ့ မှိန်ဖြော့နေတဲ့ ဟင်္သာပြဒါး အရောင်လေးတွေကို တွေ့နေရပါသေးလို့ ဖြစ်ပါတယ်။

ကျောင်းပေါ်မှာတော့ သားရိုးကိုင် ဇာတ်ကွက်ဖော်ထားတဲ့ စာတိုက်သေတ္တာ တစ်လုံးကိုပဲ ထူးထူးခြားခြား တွေ့ရတာ ပါ။ အဲဒါအပြင် ဒီကျောင်းမှာ ခေတ် အဆက်ဆက်က သီတင်းသုံးခဲ့တဲ့ ဆရာ တော်များနဲ့ အဲဒီခေတ်ကအလှူဒါယကာ ကြီးတွေဖြစ်ပုံရတဲ့လူပုဂ္ဂိုလ်တို့ရဲ့ ပန်းချီပုံ တွေ၊ ဓာတ်ပုံတွေကို ကျောင်းတိုင်တွေမှာ ချိတ်ဆွဲထားတာတွေကိုလည်း တွေ့မြင် ရပါတယ်။ ကျောင်းဆောင်ကြီးရဲ့ နံရံ တွေက ပြတင်းပေါက်တွေမှာတော့ အခု ခေတ်မှာလို မှန်ပြတင်းပေါက်တွေနဲ့ပဲ တပ်ဆင်ထားတာပါ ။

ဒါပေမယ့်လည်း လှေကားဆောင်ထိပ်က ကျောင်းဆောင် ထဲကိုဝင်ရာ အဓိကတံခါးမမှာတော့ တံ ခါးချပ်အဖြစ် ပျဉ်ပြားအထူကြီး နှစ်ချပ်နဲ့ ဆုံလည်ပတ္တာမျိုးပြုလုပ်ပြီး တပ်ဆင် ထားတာကတော့ ထူးခြားပါတယ်။ စော စောကပြောခဲ့တဲ့ပြတင်းပေါက်တွေက တံခါးချပ်တွေထက် ရှေးကျတယ်လို့ ဆိုချင်တာပါ။ ကျောင်းဆောင်ကြီး တစ်ခု လုံးကို ခြုံကြည့်ရရင် ကိုလိုနီခေတ် လက်ရာမျိုးတွေ တွေ့ရပေမယ့်လည်း အချို့အစိတ်ပိုင်းတွေကျတော့ အဲဒီခေတ် ထက်ပိုရှေးကျနေမလားလို့ တွေးမိပါ တယ်။ အခုလက်ရှိ တွေ့မြင်နေရတဲ့ ကျောင်းဆောင်ဟာလည်း မူလရှိခဲ့တဲ့ ကျောင်းဆောင်အပြည့်အစုံ မဟုတ် လောက်ပါဘူး။

ပျက်စီးသွားတဲ့ခြားအစိတ် ပိုင်းတွေကိုဖယ်ရှားပြီး ကောင်းနေသေးတဲ့ ကျောင်းဆောင်ကိုသာ မွန်းမံပြင်ဆင်ထား ပုံပါပဲ။ ဒါမှမဟုတ် အရင်ရှိခဲ့တဲ့ကျောင်း ဆောင်ဟောင်းက တိုင်လုံးတွေနဲ့ တခြား အစိတ်အပိုင်း တွေကို ယူသုံးပြီး ကျောင်း ဆောင်သစ် အဖြစ်ပြန်ဆောက်ထား တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ပြောရ တာကတော့  တိုင်လုံးတွေမှာ အရင်က ထုပ်တန်းတွေ စွပ်လျှိုခဲ့တဲ့ အပေါက်ရာ တွေနဲ့ ပြန်ဆက်ထားတဲ့ အရာ တွေကို တွေ့မြင်နေရလို့ပါပဲ ။ ဒါ့အပြင် ကျောင်း ရဲ့အနောက်ဘက်မျက်နှာက မသေမသပ် ဖြစ်နေတဲ့ ရက်မပြားကြီး တွေရဲ့ ထိပ်ကို ကြည့်ရင်လည်း သိသာပါတယ်။

အခုရွှေကျောင်းကြီး ခေါင်းရင်းမှာ ရှင်ဥဩစေတီကို ဖူးတွေ့ရပါတယ်။ ဒီ စေတီဟာ ထားဝယ်ဒေသ ရှင်ကိုးရှင် ဘုရားများထဲမှာတစ်ဆူ အပါအဝင်ဖြစ်ပြီး ထားဝယ်မြို့စား ရွှေတောင်စားမင်းက တည်ခဲ့တယ်လို့ အဆိုရှိပါတယ်။ ရွှေတောင်စားမင်းဟာ သက္ကရာဇ် ၁၁၂၂ ခုနှစ်မှာ အခုလက်ရှိ ရွှေကျောင်းကြီး နေရာမှာ သူ့ရဲ့နန်းတော်နဲ့အတူ ရှင်ဥဩ စေတီကိုပါ တည်ခဲ့တယ်လို့ သိရပါတယ်။ 

Goss, Louis Allan/1952

ထားဝယ်မြို့ဘုရားကြီး ( ရွှေတောင်စား စေတီ) ကိုတော့ နောက်နှစ်နှစ်ကြာ ပြီးမှ တည်ခဲ့တာပါ။ ၁၁၂၆ ခုနှစ်မှာ ဆင်ဖြူရှင် မင်းရဲ့တပ်တွေ ယိုးဒယားကို ချီလာတော့ သီးခြား မင်းလိုမျိုးရပ်တည်နေခဲ့တဲ့ ရွှေတောင်စားမင်းဟာ ဘုရင့်တပ်များကို မခုခံနိုင်ဘဲယိုးဒယား လက်အောက်ကို ပြေးဝင်ပါတယ်။ နောက်ပိုင်းမှာ မြန်မာတပ်လက်အောက်ကိုအညံ့ခံလိုက်ရပြီးဗိုလ်မှူးအနော်ရထာရဲ့လက်အောက်မှာနေရတဲ့အခါ သူမစံရတော့တဲ့ နန်းတော် ကို ကျောင်းအဖြစ် လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။ ဒါကို ရွှေကျောင်းကြီးဆိုပြီး အမည် တွင်တာပါ။ အရင်က ရွှေတောင် စားမင်းနန်းတော်ကို ကျောင်းအဖြစ် လှူလိုက်တဲ့ ရွှေကျောင်းတော်ကြီးနေရာ မှာ အခုတွေ့ မြင်နေရတဲ့ ရွှေကျောင်းကြီး ကို သက္ကရာဇ် ၁၂၂၉ ခုနှစ်မှာထပ်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါဆိုရင် ရွှေတောင်စားမင်းဆောက် လှူခဲ့တဲ့ မူလနန်းတော်ကျောင်း (ရွှေ ကျောင်းကြီး ) ဟာ သက္ကရာဇ် ၁၁၂၂ ခုနှစ်ကနေ ၁၂၂၉ ခုနှစ်အထိ နှစ်ပေါင်း တစ်ရာကျော်တည် ရှိခဲ့တယ်လို့ ဆိုရမှာ ပါ။

လက်ရှိ မြင်နေရတဲ့ ရွှေကျောင်း ကြီးကို ထပ်ပြီး တည်ဆောက်တယ်ဆိုရာ မှာလည်း ရွှေတောင်စားမင်းရဲ့ နန်းတော် (သို့မဟုတ်) နန်းတော် ကျောင်းရဲ့ မူလ ကျောင်းအဆောက်အအုံ အစိတ်အပိုင်း တွေကိုအသုံးပြုပြီး ထည်ဆောက်ခဲ့မှာပဲ လို့ထင်မိပါတယ်။ ဒါမှမဟုတ် အဲဒီမူလ နန်းတော်ကျောင်းကြီးရဲ့ အစိတ်အပိုင်း တစ်ခုခုကိုပဲ လက်ရှိ မြင်နေရတဲ့ ကျောင်း ကြီးအဖြစ် ပြန်လည်တည်ဆောက် ခဲ့တာလည်းဖြစ် နိုင်တာပါပဲ။

လက်ရှိမြင်နေရတဲ့ အကာအရံ တွေကတော့  နောက်ထပ်ကျောင်းပြန် ဆောက်ချိန်က ကိုလိုနီခေတ်လက်ရာတွေ ကိုထည့် သွင်းတည်ဆောက်ထားတာ ဖြစ်မှာပါ ။ ကျောင်းတိုင်လုံးကြီးတွေနဲ့ တချို့အစိတ်အပိုင်းတွေကိုတော့ မူလနန်း တော်ကျောင်းကြီး (မူလ ရွှေကျောင်းကြီး) က တိုင်လုံးကြီးတွေကိုပဲ ယူသုံးထား တာဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ။ အခုချိန်ထိ ထားဝယ်မြို့ပေါ်မှာ ရှေးဟောင်း ကျောင်း ကြီး ( ရွှေကျောင်းကြီး) ကို ထင်ထင် ရှားရှားတွေ့နေရတာကိုပဲ ဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်။ ဒါပေမယ့်လည်း အချိန်မှာ ရွှေကျောင်းကြီးကို အသေချာပြုပြင်မွန်းမံဖို့လိုအပ်နေပါပြီ။ ထားဝယ် မြို့သမိုင်းနဲ့ ဆက်စပ်နေရုံမျှမကဘဲ ခေတ်အဆက်ဆက် ဒီဒေသမှာနေထိုင်ခဲ့ တဲ့တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုအဆင့် တန်းကိုလည်း ဖော်ပြပေးနေတဲ့ရှေးလက် ရာကျောင်းတော်ကြီး ရေရှည်တည်တံ့ နေအောင် ထိန်းသိမ်းဖို့အထူးပဲလိုအပ်လှပါတယ်။ ဒါဟာ ထားဝယ်ဒေသနေ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်သလို လူတိုင်းမှာလည်း တာဝန်ရှိတာပါ။ ဒါကြောင့်မို့ ရွှေကျောင်းကြီးရေရှည်တည် တံ့မှုကို အထူးအာရုံစိုက်ပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဒီနေရာက နေနိုးဆော်လိုက်ရပါတယ်။

ရနောင် (ဒွယ်)

အကိုးအကား ။   ။ ရှင်ကိုးရှင်နှင့် သမိုင်းဝင်ထားဝယ်ဘုရားများ ( မောင်သန်းဆွေ – ထားဝယ်)