ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ် တနင်္သာရီတိုင်းအတွက် ဘာထူးလဲ

0
473

အရှေ့ဘက်ကျောမှ ထိုင်းမှာ တနင်္သာရီတိုင်းသားများအတွက် ဒုတိယနိုင်ငံဟုလည်း ဆိုနိုင်သည်။တောင်ပိုင်းသားတို့၏ မီးဖိုချောင်မှာ ထိုင်းနိုင်ငံအပေါ် များစွာမူတည်နေ သည်။ ထိုင်းသည် တောင်ပိုင်းသားတို့၏စီးပွားရေးဖြစ်သည်၊ နိုင်ငံရေးလည်းဖြစ် သည်၊ သားရေး၊ သမီးရေး၊ မြေးရေး၊မြစ် ရေးတောင် ဖြစ်ကောင်း ဖြစ်နိုင်သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီး စဉ်မှာ တောင်ပိုင်းသားတို့အတွက် မည်မျှ အရေးကြီးသနည်း။ တောင်ပိုင်း သားတို့အတွက် ဘာထူးသနည်း။
စုဆောင်းရသမျှ သတင်းများ၊ အချက်အလက်များ၊ ထိုင်းရောက် မြန်မာ များထံမှ စုစည်းချက်များဖြင့်အချက် လေးချက်ကို ကောက်နှုတ် ကြည့်သည်။

၁။ အလုပ်သမားတို့အတွက် အခွင့်အရေး
တနင်္သာရီတိုင်းအတွင်းမှ အလုပ် သမား သိန်းချီ ထိုင်းနိုင်ငံတွင်သွား ရောက်လုပ်ကိုင်နေသည်။ ဒေါ်အောင်ဆန်း စုကြည်၏ခရီးစဉ်တွင် နှစ်ပေါင်းများစွာ အမြတ်ထုတ်ခံနေရသော မြန်မာအလုပ် သမားများကို အကာအကွယ်ပေးရေး နှစ်နိုင်ငံ အစိုးရ သဘောတူသည်။အလုပ်သမားများ တရားဝင်               အထောက်အထား လက်မှတ်ဖြင့် လုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေးလုပ် ဆောင်မည် ဖြစ်သည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံရေးထိုးခဲ့သော နားလည်မှု စာချွန် လွှာအရ ထိုင်းနိုင်ငံတွင် မြန်မာ အလုပ် သမား ၂ နှစ်မှ ၄ နှစ်အထိ အလုပ်လုပ် ကိုင်နိုင်မည်။

thai_dassk
ယခင်က အလုပ်လုပ်ခွင့်သက်တမ်း မတိုးမီ မြန်မာနိုင်ငံသို့   နှစ်ချီပြန်နေရမည်  ဖြစ်သော်လည်း ယခု သဘောတူညီမှု အသစ်အရ ရက် ၃၀ အိမ်ပြန်ရမည် ဖြစ်သည်။ထိုအပြင် အလုပ်သမားများအခွင့် အရေး ချိုးဖောက်ခံရခြင်း၊ ဒုက္ခရောက် ခြင်းတို့ရှိပါက ဆက်သွယ်ရမည့်   Hot Line ဖုန်းနံပါတ်များထားရှိသွားဖြစ် ပြီးဖုန်း Application များထည့်သွင်း၍ လည်း အကူအညီတောင်းခံနိုင်ရန် ထိုင်း အစိုးရက စီစဉ်ပေးမည် ဖြစ်သည်။
ထိုကြောင့် ထိုင်းရောက်မြန်မာ အလုပ်သမားများ၏ဘ၀ တိုးတက် လာမည့် လမ်းစပေါ်လာသည်နှင့်အမျှ မြန်မာနိုင်ငံတောင်ပိုင်းတွင် ယင်း အလုပ်သမားများကို မှီခိုနေသော ဘ၀များ ပိုမိုလင်းလက်လာမည်ဖြစ် သည်။
“နိုင်ငံသူ၊ နိုင်ငံသားအားလုံးဟာ ဒီနိုင်ငံရဲ့ ဥပဒေဘောင်အတွင်းက ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေရအောင် ကြိုးစားနေပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က ထိုင်းနိုင်ငံမဟာချိုင်တွင် အလုပ်သမားများနှင့် တွေ့ဆုံစဉ်ပြော ကြားခဲ့သည်။

၂။ ဒုက္ခသည်တို့အပြန်
နောက်ထပ် အရေးကြီးသောကိစ္စမှာ မျိုးဆက်တစ်ခုစာနယ်စပ်တွင် နေထိုင် ရသူများအရေး ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း တိုက်ပွဲများ နှင့် နိုင်ငံရေးအရ ဖိနှိပ်မှုများကြောင့် နေရပ် စွန့်ခွာပြေးသွားရသော မြန်မာ နိုင်ငံမှ ပြည်သူသိန်းချီ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရ သည်။အချို့မှာ အမေရိကန်၊ ဥရောပ၊ ဩစတြေးလျ စသောတတိယနိုင်ငံများ သို့ ထွက်ခွာနေထိုင်ခွင့်ရသော်လည်း ယခုအချိန်ထိ ဒုက္ခသည်စခန်း ၉  ခုတွင် သောင်တင်နေသော မြန်မာများနေရပ် ပြန်ရေးကို ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဆွေးနွေးခဲ့သည်။
ဒုက္ခသည်များကို အိမ်ပြန်ပို့ရေး နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ် ပရာယု က တောင်းဆိုခဲ့သည်။ သို့သော်မြန်မာ ဘက်မှ အသင့်ဖြစ်မှသာ ၎င်းတို့ကို ပြန်ပို့မည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်မှာ နယ်စပ်ရှိဒုက္ခသည်စခန်း သို့ သွားရောက်လည်ပတ်ရန်စီစဉ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ပျက်ပြယ် ခဲ့သည်။
ယင်းကြောင့် နှစ်ပေါင်းများစွာ တွင် နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့သော တနင်္သာရီတိုင်းမှ တိုင်းရင်းသားများ အိမ်ပြန်လာနိုင်ရေး ပြည်ထောင်စုနှင့် တိုင်းအစိုးရက စတင်ပြင်ဆင်ရတော့ မည်ဖြစ်သည်။ ထိုသို့ နေရပ်စွန့်ခွာထွက် ပြေးသူတို့၏ မြေယာများနေရာတွင် အထူးသဖြင့် မြို့ပေါ်လုပ်ငန်းရှင်များကို မြေယာများ၊ စိုက်ပျိုးမြေများအဖြစ် ယခင်အစိုးရ အဆက်ဆက် ချထားပေးခဲ့ သည်။ထိုနေရာများကို အစားပြန်ပေးရန်၊ သို့မဟုတ် မူရင်းနေထိုင်သူများနှင့် မြေပိုင်ကြောင်း အထောက်အထားရှိ သူများအကြား ဖြစ်လာမည့်ပဋိပက္ခများ အတွက် ဆိုင်ရာအစိုးရများ ကြိုပြင်ရ တော့မည် ဖြစ်သည်။

၃။ ထားဝယ်စီမံကိန်း
ထိုင်းနှင့် မြန်မာအစိုးရတို့တွေ့ တိုင်း မမေ့မလျှော့ဆွေးနွေးလေ့ရှိသည် မှာ ကြာညောင်းတာရှည် ထားဝယ် စီမံကိန်းအကြောင်း ဖြစ်သည်။
ထားဝယ်စီမံကိန်းကို ထိုင်းအစိုးရ ၏အနောက်ဘက်ကုန်သွယ်ရေးပင် လယ်ထွက်ပေါက်အတွက် အမြဲတွန်းအား ပေးလေ့ရှိပြီး ဘဏ္ဍာငွေအားနည်းမှု၊ မြန်မာအစိုးရ၏ စိတ်ပါဝင်စားမှုအား နည်းမှုတို့ကြောင့် ထားဝယ်စီမံကိန်း၏မွေးရက်ကို မသတ်မှတ်နိုင်သေးပေ။
နှစ်နိုင်ငံ၏ အရေးကြီးသော စီမံကိန်း တစ်ခုဖြစ်သည့်ထားဝယ်ရေနက်ဆိပ် ကမ်း စီမံကိန်းများနှင့် အထူးစီးပွားရေး ဇုန်စီမံကိန်းများ အကောင်အထည်ဖော် နိုင်ရေးအတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရေး ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်တွင် ဆွေးနွေးခဲ့ကြ ကြောင်း မြန်မာအစိုးရဘက်က သတင်း ထုတ်ပြန်ခဲ့ပြီး အသေးစိတ်များမပါရှိပေ။
စီမံကိန်းအတွက် နှစ်နိုင်ငံအစိုးရ ချင်း ဖွဲ့စည်းမည့် အဖွဲ့အစည်းယန္တရား များကို ပြန်လည်စတင်ရေးကို သဘောတူခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။စာရွက်ပေါ်မှ ကိန်းဂဏန်းများ၏ အဆိုအရ မြန်မာနိုင်ငံတောင်ပိုင်းသာ မက အာဆီယံတစ်ခွင်လုံးကိုပင်ကိုင် လှုပ်နိုင်သည့် ထားဝယ်စီမံကိန်းမှာ လက် ရှိအခြေအနေအထိ မရေရာမှုများရှိနေ သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ပြီးနောက် မည်သို့သောပုံစံဖြင့် ပြန်လည်လှုပ်ရှားအသက်ဝင်လာမည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ထိုင်းမှလာသော သတင်းများအရ ထားဝယ်စီမံကိန်းကို ရပ်ရွာအခွင့်အ ရေး မချိုးဖောက်ဘဲ၊ သဘာဝပတ် ဝန်းကျင် ကာကွယ်ရေးလုပ်ထုံးလုပ် နည်းများနှင့်အညီ လုပ်ဆောင်မည်ဟုထိုင်းဝန်ကြီးချုပ်က ကတိပြုထားသည်။
သို့သော် အသေးစိတ်မြေပြင်ကိစ္စ တို့ကား ဆက်မျှော်။

၎။နယ်စပ်ဆယ်သွယ်ရေးနှင့်ထိုင်း စီးပွားရေး
တနင်္သာရီတစ်တိုင်းလုံး၏ အရှေ့ ဘက်တံခါးပေါက်မှာ ထိုင်းနိုင်ငံဖြစ် သည်။ ထိုင်းနယ်စပ်အရေးသည်မြန်မာ နိုင်ငံတောင်ပိုင်းရှိ မွန်၊ ကရင်နှင့် တနင်္သာရီဒေသများ၏ လူမှုစီးပွားရေး ဖြစ်သည်။ ထိုင်းနှင့် မြန်မာနယ်စပ်အရှည် မှာ မိုင်ပေါင်း ၁၅၀၀ နီးပါးရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီး စဉ်အတွင်း ဆွေးနွေးခဲ့မှုများအနက် အရေးပါသော ကိစ္စရပ်မှာနယ်စပ်ဒေသစီးပွားဖွံဖြိုးရေး ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်၏ အဆိုအရ ထိုင်းနှင့် မြန်မာဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက်သုံး နှစ် တာ မူဘောင်ရေးဆွဲမည်ဖြစ်ပြီး ယင်းတွင် နယ်စပ်ဒေသဖွံဖြိုးရေးစီမံကိန်း များ လုပ်ဆောင်ရေးလည်း ပါဝင်သည်။ထိုစီမံကိန်းတွင် ဥပမာအားဖြင့် ထိုင်း-မြန်မာ အမွှာကျေးရွာ စီမံကိန်းများထူ ထောင်ရေး ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ပူးပေါင်းရေး အစီအစဉ်အရ နယ်စပ်ဂိတ်များတွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးရေးဆွေး နွေးမည်။ ယင်းအပြင် ထိုင်းလေကြောင်း လိုင်းများ တနင်္သာရီတိုင်းအတွင်း လမ်း ကြောင်းသစ်များပြေးဆွဲရေးကိုလည်း တွန်းအား ပေးသွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ကဆိုသည်။
ထိုကြောင့် မြိတ်-ဘန်ကောက် လေကြောင်း ခရီးစဉ်ကို ဖွင့်ပွဲတွင်စတိမျှ ပြေးဆွဲခဲ့ဖူးသော လေကြောင်း ခရီးစဉ် များမည်သို့ အသက်ဝင်လာမည်ကိုစိတ် ဝင်စားဖွယ်ရာတွေ့ရသည်။ထိုအပြင် ထိုင်းစီးပွားရေးလုပ်ငန်း ရှင်များအနေနှင့် မြန်မာနိုင်ငံတွင်တာဝန် သိသော၊ ပွင့်လင်းမြင်သာပြီးရေရှည် တည်တံ့သော စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရေးကိုလည်း ထိုင်းဝန် ကြီးချုပ်က တိုက်တွန်းခဲ့သည်။
ထိုင်းနှင့် မြန်မာအပြင်အာဆီယံ ဒေသတွင်ပါ ထိပ်တန်းသတင်းဖြစ်သွား သော ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်း ခရီးစဉ်မှာ ဇွန်လ ၂၅ ရက်နေ့တွင် အပြီးသတ်ပြီဖြစ်သည်။ မြန်မာပြည် အောက်ပိုင်း၏ အရေးကြီးဆုံးအိမ်နီး ချင်းသို့ ခရီးစဉ်အပြီး တောင်ပိုင်းသား များထံ မည်သို့သော ကောင်းခြင်းများဆောင်ကြဉ်းလာမည်နည်း။နှစ်နိုင်ငံ၏ ဂိတ်တံခါးကြီး ဖြစ်သော တနင်္သာရီဒေသကား ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ စောင့်မျှော်နေသည်။