ဦးမြတ်လေးပန်းခြံ ပြန်ဆောက်မည်

0
462

ယခင် အစိုးရအဆင့်ဆင့် လက် ထက် အသိမ်းခံထားရသည့် မြိတ်မြို့၏ အထင်ကရပန်းခြံဖြစ်သော ဦးမြတ်လေး ပန်းခြံကို ပြန်လည်တည်ဆောက်သွား မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုး ဝင်းထွန်းက ပြောကြားသည်။

u_myat_lay_park
လွန်ခဲ့သည့် ဆယ်နှစ်ကျော်က တပ်မတော်အစိုးရလက်ထက်တွင် အသိမ်းခံရသော ဦးမြတ်လေးပန်းခြံကို အများပြည်သူပြန်လည် အသုံးပြုခွင့်ရရှိ စေရေး အတွက်     အစိုးရအသစ်အနေဖြင့်  ပြည်လည် တည်ဆောက် ပေးမည် ဟု ဦးဖြိုးဝင်းထွန်းက ပြောသည်။
“မြိတ်မြို့မှာ အများပြည်သူ အပန်း ဖြေ နားနေနိုင်တဲ့ ပန်းခြံဆိုတာ မရှိသေး ဘူး။ လက်ရှိ  စည်ပင်အဆောက်အအုံက ဌာနအနေနဲ့ အသုံးပြုခြင်းမရှိလို့ ကျွန် တော်တို့အစိုးရအဖွဲ့အနေနဲ့ ပြည်သူပိုင် အဖြစ် ပြန်လည်တောင်းယူတာပါ” ဟု ဝန်ကြီးက ပြောသည်။
တနင်္သာရီတိုင်း၏ မြို့တော်ကို မြိတ်မြို့အဖြစ် ပြောင်းလဲ သတ်မှတ် ခဲ့စဉ်က တိုင်းဒေသကြီးစည်ပင်သာယာ ရေးအဖွဲ့ရုံးကို ပန်းခြံနေရာတွင် ဖွင့်လှစ် ခဲ့ကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။
တိုင်းမြို့တော်ကို ထားဝယ်အဖြစ် ပြန်လည် ပြောင်းလဲသတ်မှတ်လိုက်ချိန် တွင် မြိတ်မြို့ရှိ တိုင်းစည်ပင်သာယာရေး အဖွဲ့ရုံးနှင့် ရုံးနေရာ လစ်လပ်သွားခဲ့သည်။”စည်ပင် သာယာရေးအဖွဲ့ကလည်း တိုင်းဒေသကြီး တင်ပြထားပါတယ်၊ လောလောဆယ်တော့ တရားဝင်ခွင့်ပြုချက်တော့မရသေးဘူး၊ အခုတော့ မြေနေ ရာ ပြုပြင်တာမျိုးလောက်ပဲ လုပ်နိုင် သေးတယ်” ဟု  မြိတ်စည်ပင်သာယာရေး အဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးသက်ဦးရှိန်က ပြောသည်။
တရားဝင်ခွင့်ပြုချက်ရရှိပါက စည်ပင်ဘတ်ဂျက်နှင့် ပြင်ပအလှူရှင် များနှင့်ပူးပေါင်းကာ ထိုင်ခုံများ၊ နားနေ ဆောင်များ၊ ကလေးလျှောစီးကွင်းနှင့် ကလေးကစားကွင်းများကို ထည့်သွင်း ဆောက်သွားမည်ဟု မြိတ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ရုံးမှ သိရ သည်။
ဦးမြတ်လေး ပန်းခြံ၏ နဂိုမူလ အကျယ်အဝန်းမှာ ၂ ဒဿမ ၃၉ ဧက ခန့်ရှိသော်လည်း ယင်းနေရာအတွင်းရှိ နေသည့်အဆောက်အအုံများကြောင့် လက်ရှိ ပြန်လည် အသုံးပြုခွင့်ရသည့် မြေမှာ ၁ ဧကခန့်သာရှိကြောင်း ဦးသက် ရှိန်က ဆိုသည်။
အဆိုပါပန်းခြံသည် မြိတ်မြို့၏ နောက်ဆုံးမြို့ဝန် ဦးမြတ်လေးကို အစွဲပြု ၍ ဦးမြတ်လေးပန်းခြံဟု  ခေါ်ဆိုခြင်း ဖြစ်သည်။