မော်လမြိုင်တွင် လက်နက်နှင့် စိတ်ကြွဆေးပြား ဖမ်းမိ

0
523

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်တွင် ဇွန်လ ၂၆ ရက်က လက်နက်နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု မုပွန်နယ်မြေ ရဲစခန်းမှ သိရသည်။

ယင်းနေ့ညက မုပွန်နယ်မြေ ရဲစခန်းမှ ဒုရဲအုပ်နှင့် အဖွဲ့သည် ဈေးကြိုရပ်ကွက် စက်ရုံစုမြေလမ်းမ ၀ဲကလာသင်္ချိုင်းအနီးတွင် ရပ်ထားသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ အမျိုးသား ၂ ဦးအား စိတ်ကြွဆေးပြားနှင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မုပွန်ရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် ကြည်သူ နှင့် သီရိမြိုင်ရပ်ကွက်နေ ၂၇ နှစ် အရွယ် ဟိန်းမင်းစိုးတို့အား BSA တံဆိပ်ပါ မှန်ပြောင်းတပ် ပွိုင့် ၂၂ အမျိုးအစား ပြောင်းရှည် သေနတ် ၁ လက်၊ ကျည် ၆ ထောင့်၊ ကျည်ကတ် ၁ ခု၊ စိတ်ကြွဆေးပြား ၃၈ ပြားနှင့် ငွေစက္ကူ ၁၂၀၀၀၀ကျပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ မှတ်တမ်းတွင် ဖော်ပြသည်။

ကြည်သူအား စစ်ဆေးချက်အရ ၄င်း၏နေအိမ်တွင် မူးယစ်ဆေးဝါးများ ရှိသေးသည်ဟု သိရသဖြင့် နေအိမ်အတွင်း ဝင်ရောက် ရှာဖွေရာ WY စာတမ်းပါ ပန်းရောင်နှင့် အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၇၈ ပြား၊ ပွိုင့်-၂၂ ကျည် ၄၀ တောင့်၊ ၉ မမ ကျည် ၂ တောင့်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထွက်ဆိုချက်အရ လွန်ခဲ့သော ၆ ရက်ခန့်က ကရင်ပြည်နယ် ဘုရားသုံးစူမြို့ ၎ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ ဆေးပြား (၁) ပြားလျှင် ကျပ် ၁၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပွိုင့်-၂၂ သေနတ်နှင့် ကျည် ၄၆ တောင့်၊ ကျည်ကတ် ၁ ခု၊ ၉မမ ကျည် ၂ တောင့်တို့ကိုလည်း ဘုရားသုံးဆူမြို့ ၄ ရပ်ကွက်နေသူတစ်ဦးထံမှ ထိုင်းဘတ်ငွေ ၄၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မုပွန် ရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကြည်သူနှင့် ဟိန်းမင်းစိုးတို့ ၂ ဦးအား မုပွန်နယ်မြေရဲစခန်းမှ မယ (ပ) ၉/၂၀၁၆၊ မူးယစ်/စိတ် ပြောင်း ပုဒ်မ ၁၅/၁၉ (က)/၂၂ (ခ) အရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများအား ဖမ်းဆီးမိရရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။