ဒီမို နှင့် ဗျူရို တွဲလျှောက်ခြင်း

0
848

အရွေးချယ်ခံအစိုးရဖွဲ့သစ် ဦးဆောင် သည့် တနင်္သာရီတိုင်း၏ အုပ်ချုပ်ရေး ယန္တရား ဧပြီလနှောင်း(သင်္ကြန်အပြီး)တွင် လည်ပတ်မှု စတင်သည်။ တိုင်းတွင်း သားတို့ ရင်တမမဖြင့် ကြည့်နေကြရ၏။ မလုပ် မရှုပ် မပြုတ်ဟူသည့် လမ်း ဟောင်းကြီးအတိုင်း ဆယ်စုနှစ်ချီ စွဲကိုင် လျှောက်လှမ်းခဲ့သည့် ဗျူရိုကရေစီ အုပ်ချုပ်ရေး ယန္တရားများနှင့် တစ်ချိန်က အတိုက်အခံသဏ္ဌာန် ဆက်ဆံရေးရှိ ခဲ့ဖူးသော ရွေးကောက်ခံအစိုးရဖွဲ့တို့ပနံ သင့်ပါ့မလား တွေးပူခဲ့ကြ၏။

တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ဥပဒေအတိုင်း၊ ပုံမှန်သွားနေကျလမ်းတွေအတိုင်း သွား နေသဖြင့် ၎င်းတို့အနေဖြင့် အဆင်မပြေ စရာ အကြောင်းမရှိဟု ဆိုသည်။”တို့က ဝန်ထမ်း၊ အစိုးရ Change (ပြောင်းလဲ) တယ်ဆိုတာက ခေါင်းတွေပဲ change တာ၊ အောက်က လုပ်နေတာတွေ က ဒီလုပ်ငန်းတွေပဲ ” ဟု ဦးကျော်စွာ ထွန်းက တည်ငြိမ်စွာ ပြောပါသည်။
သို့သော်။
demo_bo
ပွဲဦးထွက်အဖြစ် ဝန်ကြီးချုပ်နှင့်အဖွဲ့ တိုင်းတစ်ပတ် ခရီးဆန့်စဉ်က ညွှန်ကြား ချက်တစ်ချို့ ချမှတ်ခဲ့ရာ အပြည့်အဝ လိုက်နာ အကောင်အထည်ဖော်မှု အား နည်းလှကြောင်း ထဲထဲဝင်ဝင် လေ့လာ စောင့်ကြည့်ကြသူတို့က မှတ်ချက်ပြု ကြသည်။လူပြောများလှသော ထားဝယ် ဆေးရုံကြီးသို့ သွားစဉ် ပြင်ပလူနာဌာန တွင် ဆရာဝန် ၂ ဦး အမြဲတမ်း ထားရန် ညွှန်ကြား၏။ သို့သော် ကိုယ်တိုင် ယင်း ဌာနသို့ ရှောင်တခင် ရောက်သွားစဉ် ဆရာဝန်တစ်ယောက်မျှမရှိဟု ဝန်ကြီး ချုပ်က ဆို၏။

ကော့သောင်းခရီးစဉ်တွင် ပြုပြင်ရန် ညွှန်ကြားခဲ့သည့် ယင်းဝါရေလှောင်ကန်၊ မင်္ဂလာဈေးကိစ္စများသည်လည်း ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှု အား နည်းလှကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကော့သောင်းခရိုင်ပြန်ကြားရေး တာဝန်ခံ ဦးလတ်ကိုကိုဦးက ဖွင့်ဟသည်။

“ဌာနက ပူးပေါင်းမှု သိပ်မရှိဘူးဗျာ။ ဝန်ကြီးချုပ် ညွှန်ကြားခဲ့တာတွေ ခုထိ ဘာတစ်ခုမှ ပြီးပြတ်သွားတာ မတွေ့ရ ဘူး”ဟု ဦးလတ်ကိုကိုဦးက အားမလို အားမရ ပြောဆိုသည်။

မြန်မာ့နာမည်ကျော် အပန်းဖြေစခန်း မောင်းမကန်ကမ်းခြေရောက်စဉ် အမှိုက် ကိစ္စအပြင် အလုံပိတ်ခန်းပါ စားသောက် ဆိုင်များ (တစ်တိုင်းလုံး) ယာယီပိတ်ရန်၊ စည်းကမ်းချက်မညီဘဲဖွင့်ပါက အရေးယူ ရန် ညွှန်ကြား၏။

အမှိုက်ကိစ္စ စည်ပင်အဖွဲ့မှ “ဝေလေ လေ” ဖြစ်နေဆဲဟု မောင်းမကန် ဒေသခံ တို့ထံမှ သိရ၏။ ဝန်ကြီးချုပ် ညွှန်ကြား ခဲ့သမျှ တစ်ခုမျှ အကောင်အထည် မပေါ် သေးဟု ဆို၏။

” အလုံပိတ်ခန်း စားသောက်ဆိုင် တွေတော့ သင့်တော်တဲ့အချိန်ဆို ကျွန်မ ကိုယ်တိုင် လိုက်ချောင်းနေတယ်၊ တချို့ အဖွဲ့တွေကိုလည်း စောင့်ကြည့်ခိုင်း ထားတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

သို့သော် ဝန်ကြီးချုပ်နှင့်အဖွဲ့ ချ မှတ်ထုတ်ပြန်သည့် စည်ကမ်းချက်များနှင့် မကိုက်ညီသည့်ဆိုင်များ ခုထိ ဖွင့်နေဆဲ ဖြစ်ကြောင်း မြိတ်နှင့် ကော့သောင်းဒေသ ခံတို့က ဖွင့်ဟ၏။

“ဝန်ကြီးချုပ်ပြောသွားတဲ့ စည်း ကမ်းနဲ့ မညီတဲ့ ကေတီဗွီ၊ မာဆတ်(အနှိပ် ခန်း)တွေက ဖွင့်မြဲတိုင်းပါပဲ” ဟု မြိတ်မြို့ NLD ဥပဒေအကြံပေးအဖွဲ့ဝင် ဦးမြတ်ကို က ဆို၏။

ဝန်ကြီးချုပ် မြိတ်သို့ရောက်စဉ် ဒီရေတော၊ ရေဝေရေလဲဒေသပေါက် အပင်များ လုံးဝ မခုတ်ရန် တားမြစ်သည်။ မြိတ်ဒေသ၏ လူမှုကွန်ရက်များတွင် ယင်းသစ်ပင်များသယ်ယူလာသည့် သစ် လှေများ၊ သစ်ဖောင်များ ပလူပျံအောင် တင်ကြရင်း ထိရောက်စွာ ကိုင်တွယ်ရန် ယခုထိ တောင်းဆိုနေရဆဲ ဖြစ်သည်။

“ဝန်ကြီးချုပ်က ဌာနဆိုင်ရာတွေကို တော့ မှာခဲ့တာပဲဗျ၊ အောက်ခြေဝန်ထမ်း တွေက နားမထောင်ကြဘူး၊ မလုပ်ကြ ဘူး” ဟု ဦးမြတ်ကို (မြိတ် NLD) က ဆိုလေသည်။ယင်းသို့ ဌာနဆိုင်ရာ ဗျူရိုကရေစီ ယန္တရား၏ လက်ရှိ လည်ပတ်နေမှုကို အားမလိုအားမရ ဖြစ်နေသူများထဲတွင် သာမန်ပြည်သူအပြင် လက်ရှိအစိုးအဖွဲ့ ဝင်များလည်း ပါဝင်နေသည်။

” အခု လောလောဆယ် ကြုံတွေ့ နေရသလောက်တော့ ဌာနတွေ လည်ပတ် နေပုံကို အားမရဘူး” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဖွင့်ဟသည်။

သာဓကအနေဖြင့် လောင်းလုံးမြို့ နယ် သကျက်တောရွာတွင် ရပ်ထားသည့် လယ်ယာဆည်မြောင်းဌာနပိုင် မြေတူး စက်အားရေရှားနေသည့် ယင်းရွာသား များက ရွာရေကန်တူးပေးပါရန် သက် ဆိုင်ရာဝန်ကြီး ဦးမြင့်စန်းမှတစ်ဆင့် အကူအညီတောင်းခဲ့၏။ မြေတူးစက်မှာ လတ်တလောတွင် ဌာနအလုပ်အားနေ သည်။ ကုန်ကျစရိတ်အား ရွာသားများက ကျခံမည်ဆိုသော်လည်း ဌာနပိုင်ယန္တရား များသည် ဌာနဆိုင်ရာ လုပ်ငန်း အတွက် သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ အပြင် အလုပ်ဆိုပါလျှင် ရုံးချုပ်ခွင့်ပြုချက်ရမှ လုပ်ရမည်ဟု အကြောင်းပြန်ခဲ့ရာ ဝန်ကြီး နှင့်ရွာသားများ အခက်တွေ့ခဲ့ရသည် ဆို၏။

“စက်ကလည်း အားနေတယ်၊ ဝန်ကြီး ဖြစ်တဲ့ ကျွန်တော်ကလည်း သဘောတူပြီး နေတာကို ရုံးချုပ်က ခွင့်ပြုမှရမယ်ဆို တော့ ဘယ်အချိန်မှ ခွင့်ပြုမိန့်ကျလာ မယ်မှန်းက မသိ။ လက်ငင်းက လိုအပ်နေ ပြီ” ဟု ဝန်ကြီးဦးမြင့်စန်းက ပြောသည်။

ယင်းသို့ ညွှန်ကြားချက်ရယူပြီးမှ လုပ်နေရလျှင် လက်ငင်းရင်ဆိုင်နေရသည့် ပြဿနာမျိုးဆိုပါက ခံစားနေရသည့် အ တိုင်း အချိန် ပိုကြာခံစားနေရလိမ့်မည်ဖြစ် ကြောင်း ဦးမြင့်စန်းက ထောက်ပြသည်။

” ဒီယန္တရားတွေက ပြည်သူ့ငွေနဲ့ ဝယ်ထားတဲ့ ပြည်သူပိုင်စက်လေ။ ပြည် သူလိုအပ်နေချိန် ချက်ချင်းလုပ်ပေးချင် တယ်၊ ပြည်သူ့ကိုယ်စားလှယ်က လာတဲ့ ဝန်ကြီးတစ်ယောက်ဆိုတော့ ပြည်သူကို မျက်နှာမူချင်တယ်” ဟု ဝန်ကြီး ဦးမြင့်စန်းက ဖွင့်ဟသည်။

တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန ဦးစီး အရာရှိ ဦးမြသန်းကမူ တိုင်းအတွင်း အခက်အခဲကို အဆင်ပြေအောင် ဖြေရှင်း ပေးလိုသော်လည်း ဌာနလုပ်ထုံးလုပ်နည်း အရ လုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ရုံးချုပ်ကနေ တိုင်းအစိုးရအဖွဲ့ကို ခွင့်ပြုမိန့် ပိုင်ပိုင်နိုင်နိုင် ချမှတ်ပေးနိုင်လောက်တဲ့အနေအထားကို ဖန်တီးပေး ထားရင် ပိုအဆင်ပြေမယ်” ဟု ဦးစီး အရာရှိ ဦးမြသန်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ (က) အရ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် မိမိလက်အောက်ရှိ အစိုးရဌာနများ၊ အဖွဲ့ အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက် များကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းပြုရမည်ဖြစ် သည်။ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များသည် သမ္မတမှ တိုက်ရိုက်ခန့်အပ်ထား သဖြင့် သမ္မတကျောထောက်နောက်ခံရှိပြီး ဗျူရိုကရေစီယန္တရားအား ဖိအားပေးရန် မလုပ်နိုင်စရာ အကြောင်းမရှိဟု အုပ်ချုပ် ရေးစနစ်ကောင်းမွန်ရေး အလွတ်သဘော အကြံပေးနေသူ ပညာရှင် ဦးအောင်သူ ငြိမ်းက ဆိုသည်။

“အခန့်အပ်ခံ ဝန်ထမ်းတွေက ရွေး ချယ်တင်မြှောက်ခံရတဲ့ ခေါင်းဆောင် တွေကို လေးစားရတယ်။ သူတို့လိုအပ်လို့ ချမှတ်တဲ့အတိုင်း လိုက်ပြီး အကောင် အထည်ဖော်ပေးရတယ်” ဟု ဦးအောင်သူ ငြိမ်းက ပြောသည်။

လက်ရှိတွင်မူ အရွေးချယ်ခံအစိုးရ အဖွဲ့၏ အဓိကလုပ်ဆောင်ချက်ထဲမှ တစ်ခုဖြစ်သော တိုင်းတွင်းမူးယစ်ဆေးပျံ့ နှံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် လည်း ဗျူရိုကရေစီယန္တရား၏ အားထုတ် မှုကို တိုင်းတွင်းသားများက သဘော မကျ။

“ခုတလော မိလိုက်ရင် ဆေးတစ်လုံး စ နှစ်လုံးစသမားတွေပဲ”ဟု ဦးမြတ်ကို (မြိတ် NLD) က ဆိုသည်။ ဌာနတချို့ကမူ ၎င်းတို့တွင် လိုအပ် သည့် ဝန်ထမ်းအရေအတွက်နှင့် ဌာနသုံး ဆက်စပ်ပစ္စည်းများ လုံလောက်မှု မရှိဟု ဆိုကြသည်။

“ဒီမြို့နယ်မှာဆို လူ နှစ်ထောင် ကျော်ကို ရဲ ၁ ဦးနှုန်းနဲ့ စောင့်ကြည့် နေရတယ်”ဟု လောင်းလုံးမြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးအောင်ဝင်းက ပြောသည်။

လူဦးရေ တစ်သိန်းကျော်ရှိသည့် လောင်းလုံးမြို့နယ်အတွင်း အမှန်ရှိရမည့် ရဲအင်အားမှာ ၁၇၇ ဦး ဖြစ်သော်လည်း လက်ရှိတွင် ၅၄ ဦးသာ ရှိသည်ဟု ဆို သည်။တစ်တိုင်းလုံးတွင် လူဦးရေ စုစု ပေါင်း ၁၄ သိန်းကျော်ရှိရာ ရဲတပ်ဖွဲ့ဝင် အင်အားမှာ ၁၀၇၆ ယောက်သာရှိသဖြင့် တိုင်း တွင်း၌ ရဲနှင့်ပြည်သူ ၁ / ၁၃၀၉ အချိုး ဖြစ်နေသည်။ လူ ၁၃၀၀ ကျော်တွင် ရဲ တစ်ဦးနှုန်းသာ ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်ကမူ ဌာနဆိုင်ရာ အသီး သီး၏ အခက်အခဲများကို အခြေအနေ အမှန်အတိုင်း တင်ပြရန် ပြောထားပြီး ဖြစ်ကြောင်း ဆိုသည်။ မူးယစ်ဆေးအပြင် သစ်ခိုးခုတ်ခြင်း၊ ငါးခိုးဖမ်းခြင်း စသည့် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ကိစ္စ ရပ်များ အတွက် လိုအပ်လာပါက ရေတပ် ကိုလည်း အကူအညီတောင်းသွားမည်ဟု ပြောသည်။

“ကိုယ်က ဝန်ကြီးချုပ်မို့ ကိုယ်ခိုင်း ရင် အားလုံးလုပ်ရမယ်လို့ လုံးဝ မဟုတ် ဘူး၊ လုပ်ငန်းအောင်မြင်ဖို့ လိုအပ်သလို ညှိနှိုင်းဖြေရှင်းသွားရမယ်လေ” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

သို့သော် အောက်ခြေဌာနဝန်ထမ်း များကမူ ယင်းတို့၏ ဌာနတွင်းအခက် အခဲများကို တိုင်းအစိုးရအဖွဲ့ထံ တိုက် ရိုက်တင်ပြရန် အခြအနေမပေးဟု ဆိုကြ သည်။ အကယ်၍ တင်ပြခွင့်ကြုံ လာမည် ဆိုပါကလည်း ဌာနတွင်းမှ အထက်လူ ကြီးတို့ အငြိုးအတေးထားမည်ကို မခံယူဝံ့ဟု ဖွင့်ဟကြသည်။

တချို့က အရွေးချယ်ခံအစိုးရနှင့် အခန့်အပ်ခံဌာနယန္တရားတို့ ပွတ်တိုက်မှု များလာရာမှ အားပြိုင်မှုဆီသို့ အသွင် ပြောင်းသွားမည်ကို စိုးရိမ်နေကြသည်။ အဓိက စိုးရိမ်ကြသည်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်အမည် စာရင်းတင်သွင်းရသည့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများနှင့် အားပြိုင်လာမည်ကို ဖြစ်သည်။ ယင်းဌာန များကို တိုင်းအဆင့်တွင်လည်း ကာကွယ် ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်း သည့် နယ်လုံဝန်ကြီးက ကိုင်တွယ်ရ သည်။

ယင်း အခြေအနေတွင်။

မြန်မာ့တပ်မတော်မှ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးများအပါအဝင် အရာရှိ ၃၄၈ ဦးအား ရာထူးမှ အနားပေးလိုက်ကြောင်း ယခင်အပတ် ဘီဘီစီမြန်မာပိုင်းသတင်း စဉ်က ဖော်ပြခဲ့သည်။ ယင်းထဲမှ တချို့ ကို ပြည်ထဲရေးဌာနသို့ ပို့မည်ဟု The Ladies News Journal က တပ် မတော်အငြိမ်းစားအရာရှိတစ်ဦး၏ပြောကြားမှုကို ကိုးကား ဖော်ပြခဲ့၏။

ထိုသတင်းများကို တွက်ချင့်၍ လူထု၏ စိုးရိမ်ရေမှတ်က ပိုမြင့်လာသည်။ ယင်း လက်ရွေးစဉ်အရာရှိကြီးများ ပြည် ထဲရေးလက်အောက်ခံ တိုင်း၊ ခရိုင်၊ မြို့နယ် ယန္တရားများတွင် ပါဝင်လာပါက ယခု အခြေအနေထက် ပိုဆိုးလာမည်ကို စိုးရွံ့ နေကြသည်။

အုပ်ချုပ်ရေးစနစ်ကောင်းမွန်ရေး အလွတ်သဘော အကြံပေးနေသူ ဦး အောင်သူငြိမ်းကမူ အရွေးချယ်ခံ အစိုးရ အနေဖြင့် ဌာနဆိုင်ရာ ယန္တရားအား စောင့်ကြည့်ထိန်းညှိရန် လက်ရှိ ဌာန ယန္တရားနှင့်ကိုက်ညီသည့် ပြည်သူ့ အခြေပြုအဖွဲ့အစည်းများကို ထိရောက် အားကောင်းစွာ အဆင့်ဆင့် ဖွဲ့စည်းသင့် ကြောင်း အကြံပြုသည်။

လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွင် ပွတ်တိုက်မှုများ ရှိနေနိုင်သော် လည်း မြန်မာ့အုပ်ချုပ်ရေးယန္တရားအနေအထားအရ ဝန်ကြီးချုပ်များသည် အခရာ ကျလှပြီး အာဏာနှင့် လုပ်ပိုင်ခွင့် အပြည့် ရှိနေကြောင်း သူက ပြောသည်။ သူ့အဆို အရ ဝန်ကြီးချုပ်များ ပြတ်သားရန် လိုသည်။

“အာဏာကို အပြည့်အဝမသုံးဘူး။ ဒါမှမဟုတ် ယုံကြည်မှုတွေ နည်းနေတဲ့ အခါမျိုးမှာတော့ ဝန်ထမ်းတွေက သူတို့ ရဲ့ အရင်ဗျူရိုကရေစီယန္တရားအတိုင်း ဆက်သွားနေမှာပဲ” ဟု ဦးအောင်သူငြိမ်း က ဆိုသည်။

“နောက်ဆုံးအခြေအနေမှာ ဝန်ကြီး ချုပ်က သမ္မတဆီ စာချွန်တော်ပို့ တိုင် ကြားလို့ ရတယ်လေ”