ထားဝယ်တွင် အပူဒဏ်ကြောင့် ရာသီပေါ်သီးနှံ အထွက်နည်း

0
379

ထားဝယ်တွင် ပြီးခဲ့သည့် နွေရာ သီက ဖြစ်ပေါ်ခဲ့သည့် အယ်နီညို ရာသီဥတုကြောင့် အပူရှိန်ပြင်းထန်ကာ ရာသီပေါ်သီးနှံများ အထွက်နှုန်း လျော့နည်းခဲ့ကြောင်း ရာသီပေါ် သီးနှံ ရောင်းသူများထံမှ သိရသည်။

အပူချိန်ကြောင့် ရာသီပေါ် သီးနှံ များဖြစ်သည့် ဒူးရင်းသီး၊ မင်းဂွတ်သီး နှင့် ကြက်မောက်သီး စသည့် သီးနှံများ စသီးချိန်က အသီးကြွေကာ အထွက် လျော့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။”အရင်က အညာဖျားဘက်က လာရောင်းတဲ့သူတွေတောင် ဒီနှစ် အထွက်နည်းတော့ လာမရောင်းတော့ ဘူး” ဟု ထားဝယ်မြို့ စည်ပင်သာယာ ဈေးတွင် ရာသီပေါ်သီးနှံ ရောင်းချသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က ရာသီပေါ် သီးနှံ များကို ထားဝယ်ဒေသရှိ ရှင်မုတ္ထီး၊ အညာဖျားစသည့် နေရာများမှ ဝယ်ယူ ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် အထွက်နည်းခြင်းကြောင့် ပုလောမြို့ နယ်နှင့် သရက်ချောင်းမြို့နယ်များမှ ဝယ်ယူရောင်းချနေရကြောင်း ကမ်းနား ဈေးမှ ရာသီပေါ်ဈေးနှံရောင်းချသူ တစ် ဦးက ပြောသည်။အထွက်နှုန်းလျော့ခြင်းကြောင့် ဒူးရင်းသီး၊ မင်းဂွတ်သီးဈေးနှုန်းများ ယခင်နှစ်ထက် ဈေးနှုန်းထက်ဝက်မြင့်တက်လာခဲ့ကြောင်း ရာသီပေါ်သီးနှံ ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ဒေသထွက် ရာသီပေါ် သီးနှံများ ရောင်းလိုအားနှင့် ဝယ်လိုအား မမျှခြင်းကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဟင်းသီးဟင်းရွက်များနှင့် သစ်သီး ၀လံများအား ထီးခီးနယ်စပ်မှတစ်ဆင့် တင်သွင်းရောင်းချနေမှုများရှိသည်။