ကျပ် ၁၀၀-တစ်ယူနစ် ဖြစ်/မဖြစ်

0
960

ဒေသတစ်ခု ဖွံ့ဖြိုးဖို့ရာအတွက် ” လသုံးလုံး ” လို့ခေါ်တဲ့ လမ်း၊ လိုင်း၊ လျှပ်စစ် ကောင်းမွန်ဖို့ လိုပါတယ်။ အရင်အစိုးရက လမ်းကောင်းအောင်လည်း ပြင်ခဲ့ပြီးပြီး။ ဖုန်းလိုင်း ကောင်းအောင်လည်း ဆင်ခဲ့ပြီးပြီ။ တန်းလန်းကြီး ထားခဲ့တာက လျှပ်စစ်။ လက်ရှိ တိုင်းအစိုးရရဲ့ “လက်ရုံးရည် နှလုံး ရည်” ကို ” လျှပ်စစ်ကိစ္စ ဘယ်လိုကိုင် တွယ်မလဲ” ဆိုတာနဲ့ တိုင်းတာဖို့ စောင့်ကြည့် နေကြပါတယ်။

ပြည်သူတွေနဲ့အတူ မီဒီယာတွေ ကလည်း နားစွင့်နေတယ်။ ဒီလိုအချိန်မှာ “တစ်ယူနစ်တစ်ရာ” ဆိုတဲ့ ကတိဟာ သတင်းမီဒီယာတွေပေါ်မှာ တွေ့လာရ ပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းမှာ တစ်ယူနစ် ၁၀၀ ကျပ်နဲ့ ရနိုင်/မရနိုင် သုံး သပ်နိုင်ဖို့အတွက် မြို့^ရွာဒေသ၊ အသုံးပြု တဲ့လောင်စာ၊ ဓာတ်အားလိုင်း ကောင်း၊ မကောင်း စတာတွေအပေါ် မူတည်ပြီး ကွဲပြားခြားနားတဲ့ ဓာတ်အားခနှုန်းထား များကို ကြည့်ကြရအောင်ပါ။

ဓာတ်အားခ အမျိုးမျိုး
လက်ရှိ တနင်္သာရီတိုင်းအတွင်း ဓာတ် အားခ ဈေးနှုန်းကိုကြည့် မယ်ဆိုရင် ထားဝယ် ခရိုင်လေးမြို့နယ်မှာ သဘာဝဓာတ်ငွေ့နဲ့ ၃၀၀ ကျပ်။ မြိတ်၊ ကော့သောင်းမြို့တွေမှာ ဒီဇယ်နဲ့ ၂၉၀၊ ၂၈၅ ကျပ်။ ပုလော၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့တွေမှာ ၃၀၀၊ ၃၂၀၊ ၃၂၅၊ ၃၆၅ ကျပ်တို့ဖြစ်ပါတယ်။ ကော့ သောင်းမြို့နဲ့ နယ်စပ်ရွာတွေမှာ ၁၀-၂၀ ဘတ်ခန့်ဖြင့် ကောက်ခံကြပါတယ်။ESE(ယခင်အခေါ် EPC)မီးလိုင်းမရှိတဲ့ ကျေးရွာ တွေမှာ တစ်ယူနစ်၃၆၅ကျပ်ကနေ ၇၅၀ ကျပ်အထိ ကောက်နေကြပါတယ်။
ကျေးရွာတွေမှာ အမြဲကြားနေရတာ ကတော့ ” မီတာခ အရမ်းများတယ်” ဆိုတာပါပဲ။ မီတာခ အနည်းအများဟာ မီးသုံးသူအနည်းအများနဲ့ ပြောင်းပြန် အချိုး ကျပါတယ်။ မီးသုံးအားနည်းလေလေ နှိုးထားတဲ့စက်ရဲ့ စွမ်အင်ဆုံးရှုံးမှုများလေ လေဖြစ်ပါတယ်။ ဒါကြောင့် ဆီဖိုးကာမိ အောင်၊ ရေရှည်ရပ်တည်နိုင်အောင် မီတာ ခကို မြို့ပြတွေထက် ပိုကောက်ကြရတာ ဖြစ်ပါတယ်။
epc_light

သို့သော် အချို့ကျေးရွာတွေမှာ မီးသုံး သူ ၄၀၀ကျော်ရှိနေသော်လည်း တစ်ယူနစ် ၅၀၀ ကျပ်နှင့်အထက် ဖြစ်နေတာကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မြို့နယ် အဆင့် အုပ်ချုပ်ရေးတာဝန်ရှိ သူများက မီးပေးသူ^မီးသုံးသူ နှစ်ဦးနှစ်ဖက် ရေရှည် သွားနိုင်တဲ့လမ်းကြောင်းကို ချမှတ်ပေးသင့် ပါတယ်။
အထက်ဖော်ပြပါ ဓာတ်အားခနှုန်းများ ကို လေ့လာကြည့်ပါက ပျမ်းမျှတစ်ယူနစ် ၃၀၀ ကျော်ခန့် ရှိနေပါတယ်။ ဒါကြောင့် တစ်တိုင်းလုံးကို ၁၀၀ကျပ်နဲ့ ရောင်းမယ် ဆိုရင် တစ်ယူနစ် ၂၀၀ ထပ်စိုက်ရ ပါမယ်။ ဘယ်ကရတဲ့ငွေနဲ့ စိုက်ပေးမှာလဲ။ ကျန်းမာ ရေးဘတ်ဂျက်ကို ယူသုံးမှာလား။ ပညာရေး ဘတ်ဂျက်ကို ခေါင်းစဉ်ပြောင်းသုံးမှာလား။ ပြည်ထောင်စုအစိုးရကကော ဘယ်ပုံစံနဲ့ ဘယ်လောက်ကြာကြာ စိုက်ပေးနိုင်မှာလဲ။ မေးခွန်းတွေ အများကြီး ပေါ်လာပါတယ်။

ပြည်သူတွေ တကယ်လိုချင်တာက ပေါချောင်ကောင်း လျှပ်စစ်မျိုးမဟုတ်ဘူး။ ဗို့အားပြည့်ပြီး မီးမှန်တာကိုပဲ လိုချင်တယ်။
သင့်တင့်တဲ့ဈေးနှုန်းနဲ့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း (SME)တွေပါ အသုံးပြုနိုင်တဲ့ အရည်အသွေးပြည့်ဝတဲ့ လျှပ်စစ်မျိုးကို ရယူချင်တာပါ။ နိုင်ငံတော် ဓာတ်အားလိုင်း(National Grid) ရောက် လာရင်တော့ ပြည်မနဲ့မီတာခ ဈေးတူသွား မှာပါ။

“National Grid-200 MW”
တနင်္သာရီတိုင်းမှာ တစ်ယူနစ် ၃၅ ကျပ် သို့မဟုတ် ၁၀၀ကျပ်နဲ့ ရဖို့ဆိုရင် National Grid နဲ့ ချိတ်ဆက်ဖို့ လိုအပ် ပါတယ်။ မဟာ ဓာတ်အားလိုင်းက မြန်မာ ပြည်တောင်ပိုင်းကို ဆင်းလာတာ အခုသံဖြူ ဇရပ်အထိ ရောက်နေပါပြီ။ သို့ပေမဲ့ မြိတ် ထားဝယ်ဆီကို နိုင်ငံတော်ဓာတ်အား ရရှိဖို့ အတွက် အဲဒီသံဖြူဇရပ်မှာ သွားချိတ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၃၃ ကေဗွီလိုင်းဟာ ၃၃မိုင် အကွာအဝေး ကိုသာလျှင် ဓာတ်အား ပို့လွှတ်နိုင်လို့ပါ။
ဓာတ်အားလိုင်း အမျိုးအစားနဲ့ ပို့လွှတ်နိုင်တဲ့အကွာအဝေးကို မှတ်မိ လွယ် အောင် နည်းနည်းရှင်းပြလိုပါတယ်။ လွတ် လပ်ရေး ရပြီးကာစ မြန်မာပြည်မှာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တွေ စဆွဲတဲ့အခါ အိန္ဒိယက ပညာရှင်တွေ ငှားရပါတယ်။ သူတို့က မြန်မာပြည်လိုင်းလုပ်သားတွေကို သင်ပေးတဲ့နည်းက ၂၃၀ ကေဗွီလိုင်း-၂၃၀ မိုင်၊ ၃၃ ကေဗွီလိုင်း- ၃၃ မိုင်၊ ၁၁ ကေဗွီ လိုင်း -၁၁ မိုင် အကွာအဝေး ဆွဲနိုင်တယ် ဆိုပြီး လူပြိန်းနည်းနဲ့မှတ်ခိုင်းတယ်။
ကျွန်တော်တို့လည်း လူပြိန်းနည်းနဲ့ စဉ်းစားကြည့်ကြမယ်။ မော်လမြိုင်ကနေပြီး ၃၉ မိုင်ခန့်ရှိတဲ့ သံဖြူဇရပ်မြို့ဆီကို ၃၃ကေဗွီလိုင်းနဲ့ ဆွဲထားတယ်။ ဂိတ်ကုန် နေပြီ။ ဒီတော့ထားဝယ်အတွက် လိုချင်ရင် မော်လမြိုင်မှာ ၂၃၀ ကေဗွီလိုင်းနဲ့ သွားဆွဲ ရမှာ ဖြစ်ပါတယ်။
ထပ်ပြီးစဉ်းစားရမှာက ၂၃၀ ကေဗွီ လိုင်းထားဝယ်ကိုရောက်နေပြီ ဆိုပါစို့။

မော်လမြိုင်ကနေ မိုင် ၄၀၀ လောက် ဝေးတဲ့ မြိတ်မြို့ကို အဲဒီ ၂၃၀ ကေဗွီလိုင်းနဲ့ ဆက်ပို့လို့ မရတော့ဘူး။ ၅၀၀ ကေဗွီလိုင်းဆွဲ ရမယ့် အနေအထား ဖြစ်လာတယ်။ ဒါကြောင့် နောက်တနည်း ပြန်စဉ်းစားမယ်။
ကံပေါက်မှာ MW Gas Turbine(200 MWGT) တည်မယ်။ တောင်ဘက်မြိတ်မြို့ကို ၂၃၀ ကေဗွီ လိုင်း ဆောက်ပြီး ပို့မယ်။
တစ်ခါ မြောက်ဘက် မော်လမြိုင်ကို ၂၃၀ ကေဗွီလိုင်းနဲ့ပဲဆွဲပြီး ပြန်ပို့မယ်ဆိုရင် Load Center လည်းကျ၊ ရေရှည် အတွက်လည်းရ ဖြစ်သွားပါမယ်။
အားလုံးကို ကောက်ချက်ချရမယ် ဆိုရင် ကံပေါက်မှာ 200 MWGT မတည် နိုင်သရွေ့ မြိတ်ကို မဟာဓာတ်အားလိုင်း မရောက်နိုင်ဘူး ဆိုတာပါပဲ။National Grid နဲ့ အဆင်မပြေလျှင်..

“Regional Grid-75MW”
National Grid နဲ့ တောင်ပိုင်းပို့ဖို့ ဓာတ်အားမလောက်ဘူး။ ၂၀၀ MWGE တည်ဖို့ ဂက်စ်မရှိဘူးဆိုရင် Reginal Gri (ဒေသ ဓာတ်အားလိုင်း ကွန်ယက်)ကို စဉ်းစားရမယ်။ ကိုယ့်ဂက်စ်၊ ကိုယ့်စက်နဲ့ သီးသန့်ဓာတ်အားပေးနိုင်အောင် ကြိုးစား သင့်တယ်။ ဘယ်လို လုပ်မလဲဆိုတော့ ကံပေါက်-မြိတ် မိုင် ၂၀၀ကျော်ကို ၂၃၀ ကေဗွီလိုင်းကို အရင်ဆွဲရပါမယ်။ ပြီးရင် အဆင့်သင့်ရှိတဲ့ ဇောတိက ခွဲတမ်း((15 mmcfd) ကို သုံးပြီး 75 MW ထုတ်မယ်။ အဲဒီအတွက် လိုအပ်တဲ့ဘတ်ဂျက်ကတော့ ဓာတ်အားလိုင်းမိုင် (၂၀၀)အတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ၊ 75 MW စက် အတွက် အမေရိကန်ဒေါ်လာ ၇၅ သန်း ဆိုတော့ စုစုပေါင်း ကန်ဒေါ်လာ ၂၇၅ သန်းခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

200 MW/National Grid ကိုရွေး မလား၊ 75 MW/Regional Grid ကိုရွေး မလား ပြတ်ပြတ်သားသား ရွေးချယ်ဖို့လိုအပ် ပါတယ်။
ယခင်အစိုးရတုန်းလို 200 MW ရွေး လိုက်၊ 50 MW ရွေးလိုက်နဲ့ ၅ နှစ်ကုန်သွား မှာ စိုးရိမ်မိပါတယ်။ စာရေးသူအမြင်ကို ပြောပါဆိုရင်တော့ ပထမ ၅ နှစ်အတွင်း Reginal Grid နဲ့ မီးပေးနိုင်အောင် အရင်လုပ်ထားမယ်။ ဒုတိယ ၅နှစ်အတွင်း National Grid နဲ့ သွားချိတ်မယ်။

“ဓာတ်အားခလျှော့ချနိုင်မယ့် နည်းလမ်း များ”
ဓာတ်အားခ တစ်ယူနစ် တစ်ရာကျပ် ဖြစ်အောင် ၅ နှစ်သက်တမ်းအတွင်း လုပ် သွားမယ်လို့ ပြောတဲ့အခါ မေးခွန်း ထုတ်စရာတွေ အများကြီးပေါ်လာပါတယ်။ ဘယ်မြို့ကို စလျှော့မလဲ။ ဘယ်သူတွေကို လျှော့ပေးမှာလဲ။ ဘယ်နှစ်ယူနစ်အထိ လျှော့ပေးမှာလဲ။
တနင်္သာရီတိုင်းမှာ အိမ်ထောင်စုပေါင်း ၃၀၀၀၀၀ ကျော်၊ မီတာဖြင့်မီးသုံးသူပေါင်း= ၇၄၀၀၀ အိမ်ခန့်၊ အစိုးရမီတာ လုံးရေ = ၂၂၀၀၀ လုံးခန့် ရှိပါတယ်။
တနင်္သာရီတိုင်းပြင်ပမှ လျှပ်စစ်နဲ့ပတ် သက်ပြီး အထောက်အပံ့ရရှိနိုင်တဲ့နည်းလမ်း (၃)မျိုးရှိပါတယ်။

(၁)စွမ်းအင်မှ ဂက်စ်အခမဲ့ တစ်နေ့ ကုဗပေတစ်သန်း
(၂)နိုင်ငံခြားမှ အခမဲ့ဂက်စ် အင်ဂျင်(၄)လုံးခန့်(ငှား/အပိုင်)
(၃)ဌာနမီတာတစ်လုံး အခမဲ့ ဒီဇယ် တစ်ဂါလံ

တာဝန်ရှိသူများအနေနဲ့ သုံးမျိုးစလုံး တစ်ပြိုင်တည်းရအောင် ကြိုးစားဖို့ လိုအပ်ပါ တယ်။ သုံးမျိုးစလုံးရခဲ့ရင် ခရိုင်သုံးခုစလုံးကို ဓာတ်အားခ များများ လျှော့ချနိုင်မယ်။

ကံပေါက်မှာ ဂက်စ်အခမဲ့၊ စက်အခမဲ့ မျှသာရရှိမယ်ဆိုရင် တစ်လ ကျပ်သိန်း ပေါင်း ၃၀၀၀ခန့် ပိုလာနိုင်ပါတယ်။ ဂက်စ် တစ်နေ့ ကုဗပေတစ်သန်းမျှသာ အခမဲ့ရ လျှင်တောင်မှ တစ်လကျပ် သိန်းပေါင်း ၂၀၀၀ ခန့် အထိ ပိုထွက်လာနိုင်ပါသေးတယ်။
ထားဝယ်ခရိုင်မီးလင်းရေးအတွက် ဂက်စ်အခမဲ့ရခြင်းကြောင့် ထားဝယ်ခရိုင် လေးမြို့နယ်ကိုပဲ တစ်ယူနစ် ၂၀၀ကျပ် ခန့်နဲ့လျှော့ပေးမယ်ဆိုရင် တရားမျှတမှုရှိနိုင် ပါ့မလား။

တစ်ခါ.. လစဉ်ကျပ်သိန်း၂၀၀၀ ပိုလာ တာကို တစ်တိုင်း လုံးမှာရှိတဲ့ အိမ်ထောင်စု ၃၀၀၀၀၀ ကျော်လုံးကို ခွဲဝေခံစားကြမယ် ဆိုတော့လည်း တစ်အိမ် ၄ ယူနစ်ဆီ လောက်ပဲရမယ်ဆိုတော့ အလုပ်ရှုပ်တာနဲ့ ကာမိမှာ မဟုတ်ဘူး။ ဒါကြောင့် ဘယ်အုပ်စု တွေကို အရင်ဆုံး ၁၀ ယူနစ်ခန့် ၁၀၀ ကျပ်ဈေးနဲ့ ပေးသင့်သလဲ ဝိုင်းစဉ်းစားဖို့ လိုပါတယ်။

ဦးစားပေးသင့်တဲ့ အုပ်စုတွေကို ခွဲခြား ကြည့်မယ်ဆိုရင်
၁။ တစ်လယူနစ်(၄၀)အောက်သုံး သောမီတာများအုပ်စု၊ ၂။ အစိုးရမီတာ (၂၂၀၀၀)လုံးအုပ်စု၊ ၃။ မီတာဖြင့် မီးသုံး သူ(၇၄၀၀၀)လုံးအုပ်စု။
ဒီနေရာမှာ အားလုံးကို မပံ့ပိုးနိုင်သေး လို့ အသင့်တော်ဆုံးအုပ်စုကို အရင်ဆုံး လျှော့ပေးတဲ့အခါ မရရှိသေးတဲ့ မိသားစု များမှ မုဒိတာပွားနိုင်ဖို့ လိုပါတယ်။ အားလုံး တစ်ပြိုင်တည်းရမှ ကျေနပ်နိုင်မယ် ဆိုရင် တော့ ဘယ်တော့မှ ရနိုင်မယ်မထင်ဘူး။
တနင်္သာရီတိုင်းနဲ့ တိုင်းရင်းသား ဒေသတွေမှာ လျှပ်စစ်ကို ဈေးကြီးပေးပြီး သုံးနေရတဲ့ အဓိကအကြောင်းအရင်း ကတော့.. ပြည်မမှာ တစ်ယူနစ် ၃၅ကျပ်နဲ့ ဗုံးပေါလအော သုံးနေကြလို့ပါပဲ။ သူတို့ တွေ နိုင်ငံတော်လျှပ်စစ်ကို ၃၅ ကျပ်နဲ့ မှေးသုံးနေသမျှ နယ်စွန်နယ်ဖျားက တိုင်း ရင်းသားညီအစ်ကိုတွေ ဈေးသက်သာဖို့ မရှိဘူး။

အိမ်နီးချင်းနဲ့ ကမ္ဘာ့နိုင်ငံ အားလုံး နီးပါးဟာလည်း တစ်ယူနစ် ၁၂၀ ကျပ်(၁၀ Cent)ကျော်တာ ချည်းပါပဲ။
မြန်မာပြည်မှာလည်း တစ်ယူနစ် ၁၀၀ကျပ်နဲ့ကောက်ပြီး၊ တစ်လ ယူနစ် ၅၀အောက်သုံးတဲ့ ဆင်းရဲသားတွေကိုတော့ ၂၅ ကျပ်နှုန်းနဲ့ ကောက်သင့်တဲ့အကြောင်း အကြိမ်ကြိမ်တင်ပြခဲ့ဖူးတယ်။ မီတာဝန် ဆောင်ခ ၅၀၀ကျပ်ကို ပယ်ဖျက်သင့်ကြောင်း ကိုလည်း နေပြည်တော်မှာ ထောက်ပြခဲ့ ဖူးတယ်။ ဒါပေမဲ့ ဘယ်လိုတင်ပြပြ “ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့ကို မအောက် မေ့ဘူး” ဆိုသလိုပါပဲ။
နောက်တစ်ကြိမ် ဆန္ဒထုတ်ဖော်ပွဲ လုပ်တဲ့အခါကျရင် “တနင်္သာရီတိုင်းမှာ တစ်ယူနစ် ၃၅ ကျပ် ရရှိရေး..ဒို့အရေး” အစား
“ပြည်မမှာ တစ်ယူနစ် ၁၀၀ ကျပ်တိုး ကောက်ရေး..ဒို့အရေး” ဆိုပြီး ပြောင်းအော် ရမလို ဖြစ်နေပြီ။

နိဂုံး
တနင်္သာရီတိုင်း လျှပ်စစ်ကဏ္ဍအတွက် မည်သူက ဦးဆောင်လုပ်ကိုင်သည် ဖြစ်စေ ဥုံဖွဆိုပြီး ဓာတ်အားခ လျှော့သွားဖို့ မရှိပါဘူး။ စက်အလကားရရုံ၊ ဂက်စ် အလ ကားရရုံနဲ့ မီတာခ ၃၅ကျပ် ဖြစ်မသွားပါဘူး။ ကြားထဲမှာ ဓာတ်အားဖြန့်ဖြူးစရိတ်၊ ဝန်ဆောင်မှု စရိတ်၊ ဓာတ်အား ပျောက်ဆုံး မှုစရိတ် စတဲ့ကုန်ကျမှုတွေ ကျန်သေးတယ် ဆိုတာကို သတိပြုရပါမယ်။ စစ်အစိုးရ ခေတ်တုန်းက ယိုးဒယားကုမ္ပဏီတစ်ခုက ကံပေါက်ဂက်စ်ကိုသုံးပြီး လျှပ်စစ် ၅၀ မဂ္ဂါဝပ်ထုတ်မယ်၊ တစ်ယူနစ် (၂၀၀)ကျပ် နဲ့ရောင်းပေးမယ် ဆိုပြီး ထိုးထားကြတယ်။ တာဝန်ရှိလူကြီးတွေ ကလည်း “ထားဝယ်မှာ တစ်ယူနစ်(၂၀၀)ကျပ်နဲ့ ၂၄ နာရီမီးရမယ်” ဆိုပြီး အခမ်းအနားတိုင်းမှာ မစားရ ၀ခမန်း ထည့်ထည့်ပြောတယ်။ တကယ်လည်း လုပ်မယ့်အချိန်ရောက်ရော ၂၀၀ ကျပ်ဆိုတာ ကံပေါက်စက်ရုံအထွက်ဈေး ဖြစ်နေလို့ မျက်နှာပျက်ခဲ့ ရဘူးတယ်။

ယနေ့ကာလမှာ တစ်ယူနစ်တစ်ကျပ်နဲ့ ပြည်သူဆီရောက်အောင် ထုတ်တဲ့နည်း မရှိ တော့ဘူး။ အစိုးရတောင်မှ တရုတ် ကုမ္ပဏီ ဆီက ပြည်တွင်းထုတ်ရေအား လျှပ်စစ်ကို တစ်ယူနစ် ၇၀ကျပ်နဲ့ဝယ်ရောင်း နေရ တယ်။ အဲဒီ ၇၀ ကျပ်ဆိုတာ စက်ရုံဈေး။ လမ်းမှာပျောက်ဆုံးယူနစ်၊ ဖြန့်ဖြူးစရိတ် ပေါင်းလိုက်ရင် ပြည်သူဆီရောက်တဲ့အခါ တစ်ရာကျော်သွားတယ်ဆိုတာကို သိထား ကြဖို့ လိုအပ်ပါတယ်။
လက်ရှိတိုင်းအစိုးရအဖွဲ့အကြီးအကဲ ဟာ ကျွန်တော်တို့ကိုယ်တိုင် တင်ထားတဲ့ ရွှေမင်းသမီး “အကြီးကြီး” ဖြစ်ပါတယ်။ တစ်ယူနစ်တစ်ရာကျပ်နဲ့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ အကောင်းဆုံးလုပ်ဆောင် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

လျှပ်စစ်ကိစ္စကိုချည်း ဖိအားတွေဝင်ပြီး တခြားမြောက်များစွာသောလုပ်စရာတွေ လစ်ဟင်းသွားမှာကိုလည်း စိုးရိမ်မိတယ်။
နှုတ်ကတိပျက်မှာစိုးပြီး တခြား ဘတ် ဂျက်တွေ လျှပ်စစ်မှာလာဖြည့်သုံးတာမျိုးလည်း မဖြစ်စေလိုပါဘူး။ဒါကြောင့် တနင်္သာရီဒေသတစ်ခုလုံးရဲ့ လျှပ်စစ်ကဏ္ဍအတွက် တစ်နပ်စာ “ဟင်း စား “ပေးတာထက်စာရင် ရေရှည်စား လို့ ရတဲ့ “ကွန်ချက်” ကိုသာ မျှော်လင့်မိပါ ကြောင်း အပြုသဘောဖြင့် တင်ပြလိုက် ရပါတယ်။