” ညဘက်တွေ သိပ်မထွက်ကြနဲ့နော် ချစ်လေးတို့ ” – ထိတ်တလန့်လန့် ထားဝယ်

0
514

မြို့လယ် သေနတ်သံလည်း ကြား ဖူးကြပြီ။ ဘုံကျောင်းအတွင်းမှ သွေးစက် လည်း မြင်ဖူးကြပြီ။ အလုလည်းခံဖူး ကြပြီ။
“ကျွန်မတို့ထားဝယ်မြို့လေး အရင် လို မအေးချမ်းတော့ဘူး” ဟု မြို့ခံ ဘဏ် ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြော သည်။

မြို့တွင်း သေနတ်ကိုင်လူသတ်မှု၊ ဘုံကျောင်းအတွင်း ဘုံကျောင်းစောင့်ကို ရိုက်နှက်လုယက်မှု၊ ဘုရားအလှူခံပုံး ဖောက်သူများ၊ နေ့ခင်းကြောင်တောင် ဆိုက်ကယ်စီးကာ လုယက်မှုများ၊ ရွှေဆွဲ ကြိုးဖြတ်ပြေးသူများ စသဖြင့် အမှုပေါင်း မြောက်မြားစွာက အစိုးရသစ်၏ ပထမ ဆုံး ရက်တစ်ရာကို စိန်ခေါ်လျက်ရှိ သည်။ဆိုင်ကယ်စီးလုယက်မှုများက ယခင်ကတည်းက ဖြစ်ဖူးသော်လည်း မဖြစ်ဖူးသည့် မြို့တွင်းသေနတ်ကိုင် လူသတ်မှုနှင့် ဘုံကျောင်းအတွင်း အ စောင့်ကို ရိုက်နှက် လုယက်မှုတို့က ရာဇဝတ်သားတို့ ပိုမိုအတင့်ရဲလာသည် ကို ဖော်ညွန်းနေသည်။ လူဦးရေ တစ် သိန်းကျော်သာရှိသော မြို့ကလေး မလုံ ခြုံတော့သည်ကို သက်သေထူလာသည်။
dawei_night
” ဆိုင်ကယ်စီးရင်း ထီးပိတ်လိုက် တုန်း ဆိုင်ကယ်ခွက် (အော်တိုဂီယာ ဆိုင်ကယ် လက်ကိုင်အောက်အံခွက်) ထဲ ထည့်ထားတဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ယူပြေးတာ။ လိုက်ပေမယ့် မမီလိုက်ဘူး” ဟု အလုခံခဲ့ရသည့် ထားဝယ်တက္ကသိုလ်မှ ဒဿနိကတတိယနှစ်ကျောင်းသူ တစ်ဦး က ပြောသည်။
ယင်းဖြစ်စဉ်သည် မေလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ပခုက္ကူ ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
အဆိုပါ ဖြစ်စဉ်နှင့်အလားတူဖြစ် ရပ်များက ခပ်စိပ်စိပ်ဖြစ်ပွားလျက် ရှိ သည်။ မေလ ၂၅ ရက်န့ ည ၈ နာရီခွဲခန့်က ထားဝယ်မြို့၊ ဈေးတောင်ဘက်ရှိ ကွမ်း ယာဆိုင်တွင် ရွှေဆွဲကြိုး အလုခံခဲ့ရ ကြောင်း အလုခံခဲ့ရသည့် ကာယကံရှင် အမျိုးသမီးကဆိုသည်။

“ကွမ်းယာ လာဝယ်သလိုလုပ်ပြီး ဟိုဘက်လှည့်တဲ့ အခိုက်အတန့် လေးမှာ ဆွဲဖြတ်ပြီး ဆိုင်ကယ်နဲ့ ပြေးသွားတာ။ သုံးကျပ်သားဆွဲကြိုးတစ်ကုံးနဲ့ တစ်ကျပ် သား လော့ကက်သီးတစ်လုံး ပါသွား တယ်”ဟု ၎င်းက ပြောသည်။လုယူသွားသူသည် အသက် ၃၀ နှစ်အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်နိုင်သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။”မိန်းကလေးနှစ်ယောက် ပန်းဝယ် ဖို့လာနေတုန်း ဆိုင်ကယ်တစ်စီးကွေ့ ဝင်လာပြီး နောက်ကနေဆွဲလု ပြေးသွား တာ။ အော်လိုက်ပေမယ့် ဆိုင်ကယ်နဲ့ ဆိုတော့ ပြေးလိုက်လို့မမီဘူး။ တစ်ကျပ် သားရွှေဆွဲကြိုးတစ်ကုံးပါသွားတယ်” ဟု ထားဝယ်မြို့ ဘုရားကြီးမုခ်ဦးတွင် ပန်းရောင်းသည့် အမျိုးသမီးငယ်တစ်ဦး က ဆိုသည်။

ယင်းဖြစ်စဉ်မှာ ဘုရားကြီးမုခ်ဦး အနီး မေလ ၁၃ ရက်နေ့က ည ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။”အရင်လတုန်း ကပဲ။ မနက် ရှစ်နာ ရီခွဲလောက်ဆိုင်အပြင်ဘက်ထွက် ရောင်းနေတုန်း ဆိုင်ရှင်လိုလို ဘာလိုလို ပုံနဲ့ ပိုက်ဆံအိတ်ဝင်ယူတယ်။ အတွေ့ မြန်လို့ ဖမ်းမိသွားတာ။ အမျိုးသမီးပဲ” ဟု ထားဝယ်မြို့ကမ်းနားဈေးရှိ ပိုက်ဆံ အိတ်ဝင်ခိုးခံရသည့် ဖိနပ်ဆိုင်ရှင်အမျိုး သမီးက ပြောသည်။ယင်းသို့သော ဖြစ်ရပ်များ ခပ်စိပ် စိပ်ဖြစ်ပွားလာသည့်အတွက် လမ်းသွား ရင်းပင် နောက်ကျောမလုံသကဲ့သို့ ခံစား လာရသည်ဟု မြို့ခံအချို့က ဆိုသည်။”လမ်းသွားရင် ပိုက်ဆံအိတ်တွေ ဘယ်လို ယူသွားရဲတော့မလဲ။ ရွှေလည်း မဝတ်ရဲတော့ဘူး” ဟု အထက်ပါ ဘဏ် ဝန်ထမ်းအမျိုးသမီးက ဆိုသည်။ယခင်က ညဘက်တွင် သော့ခတ် ပြီးအိမ်ပြန်လေ့ရှိသည့် ဖုန်းဆိုင်ပိုင်ရှင် အချို့ ဆိုင်တွင် ညစောင့်အိပ်သည်အထိ ထိတ်တလန့်လန့် ဖြစ်လာသည်။
ဖုန်းဆိုင်ဖောက်ထွင်းခံရသည့် ဖြစ် စဉ်များကလည်း ထားဝယ်မြို့နှင့် များ စွာမစိမ်းလှပေ။

ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ထိန်သစ်ရပ်ကွက်ရှိ စောစီကုန်းဘုံ ကျောင်းတွင် လူငယ်သုံးဦးက ဘုံ ကျောင်းစောင့်အမျိုးသားကို ယူဆောင် လာသည့် သံတုတ်ဖြင့် ရိုက်နှက်ကာ ဘုံကျောင်းစောင့်ထံမှ ပိုက်ဆံ ခြောက် သောင်းနှင့် ဖုန်းတစ်လုံး လုယူသွား ခဲ့သည်။အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မြို့လယ်ခေါင်တွင် ဖြစ်ပွားခဲ့သည့် မူးယစ်တရားခံပြေးက လိုက်ဖမ်းသည့်ရဲကို သေနတ်ဖြင့် ပစ် သတ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ပြည် သူ လူထုကို အထိတ်တလန့်ဖြစ်စေသည့် ဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။”နောက်ထပ် နောက်ထပ် ဘာတွေ ဖြစ်လာဦးမှာလဲ။ စိတ်ပူမိတယ်” ဟု အထက်ပါ ဘဏ်ဝန်ထမ်းအမျိုးသမီးက ဆိုသည်။

မြို့နေလူထုကမူ ဖြစ်စဉ်အားလုံး၏ တရားခံကို စိတ်ကြွဆေးပြား ဖြစ်သည် ဟု ယိုးမယ်ဖွဲ့ကြသည်။”မူးယစ်ဆေးဝါးကြောင့် ခိုးမှုနှင့် လုယက်မှုများ အဖြစ်များလာပြီး ဆေး ဝယ်ဖို့ ငွေလိုတော့ အခုလိုဖြစ်ပျက် နေတယ်လို့ သုံးသပ်မိတယ်။ မြို့ပေါ် အနေအထားအရ ဒါမျိုးတွေက လုံးဝ မဖြစ်သင့်ဘူး” ဟု ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးက ပြောသည်။တရားခံပြေးလိုက်ဖမ်းသည့် ရဲတပ် သား သေဆုံးခဲ့သည့် ဖြစ်စဉ်တွင်လည်း တရားခံသည် မူးယစ်ဆေးဝါးသုံးစွဲထား ချိန်တွင် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။” လုယက်နေတဲ့သူတွေက ဒေသခံ တွေ ဖြစ်ဖို့နည်းတယ်။ ရဲတပ်ဖွဲ့အနေနဲ့ လှည့်ကင်းတွေ၊ရပ်ကင်းတွေနဲ့ ဝပ်ကင်းတွေကို တိုးပြီးချသွားမယ်။ တိုင်းတပ်ဖွဲ့က အင်အားတွေပါ ထုတ် သုံးပြီး လုံခြုံရေး ဆောင်ရွက်သွားမယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါးကြောင့် ဖြစ်နိုင် သကဲ့သို့ အလွယ်တကူလုပ်ဆောင်ရန်အခွင့်သာ၍လည်း ဖြစ်နိုင်ကြောင်း အဆို ပါ အကြီးတန်းအရာရှိက ပြောသည်။
ယင်းသို့သောဖြစ်စဉ်များတွင် ခံရသည့် ကာယကံရှင်အများစုသည် ရဲ မတိုင်ကြဟု ၎င်းကဆိုသည်။
“ရဲကိုတိုင်မှ ခြေရာခံရတာလွယ် တော့ဖြစ်နိုင်ရင်ရဲစခန်းကို အကြောင်း ကြားစေချင်တယ်” ဟု အထက်ပါ ရဲ အရာရှိက ပြောသည်။
ရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းဖြစ် သည့် ၁၉၉ ကို ဆက်သွယ် အကြောင်း ကြားနိုင်ပြီးယင်းသို့ဆက်သွယ် အကြောင်းကြားခြင်းကာ ရဲတပ်ဖွဲ့ကို မှုခင်းဖော်ထုတ်ရေးအတွက် ကူညီရာ ရောက်သည်ဟု ၎င်းက ဆိုသည်။

အခြားဒေသများနှင့်နှိုင်းယှဉ်ပါက အေးချမ်းသည်ဟု မြို့ခံများက လက်ခံ ထားကြသည့်ထားဝယ်မြို့သည် ယခင် ကမဖြစ်ဖူးသည့် အမှုများ ဖြစ်ပွားလျက် ရှိသည်။
အသက် ၂၅ နှစ်အရွယ် ဘဏ်ဝန် ထမ်းအမျိုးသမီးက သူမ၏ လူမှုကွန်ရက် စာမျက်နှာ Facebook မှတဆင့် သူငယ်ချင်းများကို စိုးရိမ်စွာ သတိပေး ထားသည်။

“ညဘက်တွေ သိပ်မထွက်ကြနဲ့နော် ချစ်လေးတို့”