စပ်ဆေးရောင်းသည့် ဆေးဆိုင်များ အရေးယူခံရမည်

0
436

အစာအိမ်ရောင်ရောဂါ ဖြစ်ပွားမှု ကြောင့် တိုင်းအတွင်းရှိ အိမ်သုံးဆေးဆိုင် များတွင် စပ်ဆေးရောင်းချနေမှုကို စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း တိုင်းကျန်းမာရေးဌာနက ထုတ်ပြန် လိုက်သည်။

စပ်ဆေးသောက်သုံးမှုကြောင့် တနင်္သာရီတိုင်းအတွင်း အစာအိမ် ရောင်ရောဂါ နေရာအနှံ့ဖြစ်ပွားနေ ကြောင်း ခိုင်လုံသည့်မှတ်တမ်းများအရ သိရသဖြင့် စပ်ဆေးအရောင်းဆိုင်များ ကိုဖမ်းဆီးကာ အမျိုးသားဆေးဝါး ဥပဒေအရ အရေးယူသွားမည်ဖြစ် ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ တိုင်းဦးစီးမှူးဒေါက်တာကျော် ဇေယျက ပြောသည်။” စပ်ဆေးတွဲရောင်းချတဲ့ဆိုင်တွေကိုဖမ်းမယ်။ လုံးဝလက်ခံလို့မရဘူး” ဟု ဒေါက်တာကျော်ဇေယျာက ပြောသည်။

ဇွန်လဒုတိယပတ်မှ စတင်ကာ ဆေးဆိုင်များကို စတင်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။ ကိုယ်လက်ကိုက်ခဲညောင်းညာ ခြင်းကဲ့သို့ ဖြစ်သည့်အချိန်များတွင် ပါရာစီတ မောကဲ့သို့သော အိမ်သုံးဆေး ကိုသာသောက်ရမည်ဖြစ်သော်လည်း ဆရာဝန်ညွှန်ကြားမှသာ သောက်ရမည့် ဆေးများကို ဆေးရောင်းသူများ ရော စပ်ကာ ရောင်းချနေကြကြောင်း ၎င်းက ဆိုသည်။အခြေခံ လက်လုပ်လက်စားပြည် သူလူထုအကြားတွင် ဆရာဝန်ပြရန် အစား ဆေးဆိုင်များမှ စပ်ဆေးကို တွင် ကျယ်စွာသုံးစွဲနေကြဆဲဖြစ်သည်။နေမကောင်းသည့်အခါ ဆေးဆိုင် မှစပ်ဆေးကိုသာ အလွယ်တကူဝယ် သောက် ဖြစ်သည်ဟု မြိတ်မြို့ခံ တစ်ဦး ဖြစ်သူ ဒေါ်ပေါညွှန့်က ပြောသည်။
“ဆေးခန်းတို့ ဆရာဝန်ညွန်ကြား ချက်ဆိုတာတွေက တကူးတကဖြစ်တော့ အဆင်မပြေလို့ အခုလိုမျိုးပဲဝယ် သောက်တာများတယ်” ဟု ဒေါ်ပေါညွှန့် က ဆိုသည်။

ဆင်းရဲချို့တဲ့ခြင်း၊ အစိုးရ၏ကျန်း မာရေးစောင့်ရှောက်မှုအားနည်းခြင်း၊ အသိ ပညာနည်းပါးခြင်းတို့ကြောင့် ဈေး ပေါပေါဖြင့် အလွယ်တကူဝယ်ယူ နိုင်သည့်စပ်ဆေးကိုသာ အဓိကအား ထားကြသည်ဟု ထားဝယ်မြို့မှဆေး ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။
“ဆေးရောင်းတဲ့ဆိုင်တွေကိုပညာပေးဖို့လိုသလို ပြည်သူတွေကိုလည်းစပ် ဆေးနဲ့ပတ်သက်ပြီး ပညာပေးဖို့လို တယ်” ဟု ၎င်းက ဆိုသည်။
စပ်ဆေးများကို ဆရာဝန်၏ညွှန်ကြားစာရှိမှ ရောင်းချခွင့်ရှိသည့် ဆေးများ ရောထည့်လေ့ရှိကြောင်း ၎င်းက ဆိုသည်။

၎င်းအပြင်တိုင်းအတွင်းရှိ ဆေး ဆိုင်များတွင် သက်တမ်းလွန်ဆေး ဝါးများနှင့် FDA အသိအမှတ်ပြု ထားခြင်းမရှိသည့် တရားမဝင်ဆေး ဝါးများကိုလည်း အဓိကထားစစ် ဆေး သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီး ဌာနမှ သိရသည်။ထားဝယ်ဒေသရှိ ဆေးဆိုင်များ တွင်ရောင်းချနေသည့် ဆေးဝါးများမှာ ဆေးကုမ္ပဏီများမှတရား ဝင်တင်သွင်း သည့် ဆေးဝါး ၇၀ ရာခိုင်နှုန်းခန့်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် (တရား မဝင်ဆေး)ဆေးဝါး ၃၀ ရာခိုင်နှုန်းခန့်ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ ပေါ်ရှိ ဆေးဆိုင် ကြီးတစ်ဆိုင်မှဆိုင်ပိုင် ရှင်တစ်ဦးက ဆိုသည်။ သူ့အဆိုအရ တရားမဝင်ဆေးဝါးများ၏ တန်ဖိုးမှာ တစ် ဝက်ခန့် သက်သာသည်။

ပြီးခဲ့သည့်မေလကုန်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင်မူကြိုတင် အသိပေးခြင်းမရှိဘဲ ဆေးဆိုင်များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့သည်။