ရပ်ကွက် ဘောလုံးအသင်းအချို့ အနိုင်ရမည်စိုး

0
737
ထားဝယ်မြို့နယ် ရပ်/ကျေး ဘောလုံးပြိုင်ပွဲ တစ်ခု။ ဓာတ်ပုံ - အောင်သူ/Dawei Watch

ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် ငွေကြေးပြည့်စုံမှု မရှိသဖြင့် မိမိရပ်ကွက် ဘောလုံးအသင်း အနိုင်ရကာ နောက်တဆင့်တက်မည်ကို စိုးရိမ်နေရသော အသင်းများရှိလာသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးဖလား၊ ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး အုပ်စုမှ အနိုင်ရပြီး နောက်တစ်ဆင့်တက်ပါက ပြိုင်ပွဲကာလ ကြာမြင့်လာမည်ဖြစ်သည်။

ထားဝယ်မြို့နယ် ရပ်/ကျေး ဘောလုံးပြိုင်ပွဲ တစ်ခု။  ဓာတ်ပုံ - အောင်သူ/Dawei Watch
ထားဝယ်မြို့နယ် ရပ်/ကျေး ဘောလုံးပြိုင်ပွဲ တစ်ခု။ ဓာတ်ပုံ – အောင်သူ/Dawei Watch

ယင်းသို့ကြာလာသည့်အလျှောက် ကစားသမားများလေ့ကျင့်ချိန် ကျွေးမွေးစရိတ်၊ ပြိုင်ပွဲ သွားလာစရိတ်၊ ပြိုင်ပွဲဝင်ကစားသမားများကို ကျွေးမွေးစရိတ် စသဖြင့် စရိတ်စက ပိုမိုကြီးလာသည်ဟု ထားဝယ်မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့က ပြောသည်။

ယင်းသို့သော ကုန်ကျစရိတ်များအတွက် သက်ဆိုင်ရာဌာနက ထောက်ပံ့မှုအားနည်းခြင်းကြောင့် နောက်တစ်ဆင့်မတက်လိုခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

“အားကစား စိတ်ဓာတ်မရှိလို့ ပြောတာမဟုတ်ဘူး။ ငွေကြေးပိုင်းဆိုင်ရာ အားနည်းနေလို့” ဟု မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ကပြောသည်။

သက်ဆိုင်ရာဌာနမှ ထောက်ပံ့မှု အားနည်းခြင်းကြောင့် ငွေကြေး လုံလောက်မှုမရှိသည့်အတွက် အကူအညီပေးနိုင်မည့် မိတ်ဆွေများထံ အကူအညီတောင်းခံရန် စဉ်းစားထားကြောင်း၎င်းကဆိုသည်။

ဘောလုံးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ရပ်ကွက်အသင်းများအား တစ်သင်းလျှင် ကစားသမား  ၁၈ ဦး အတွက်  အား/ကာ ဦးစီးဌာနမှ ၀တ်စုံတစ်စုံစီ ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း ထားဝယ်မြို့နယ် အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။

ပြီးခဲ့သည့်နှစ်က အား/ကာ မှထောက်ပံ့ပေးခဲ့သည့် အားကစားဝတ်စုံများမှာ ဘောလုံးသမားများ ၀တ်ဆင်ရန် အဆင်မပြေသည့်အတွက် ငွေကြေးကိုသာ ထောက်ပံ့ပေးစေလိုသည်ဟု ထားဝယ်မြို့ပေါ် အခြားရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦး  ကဆိုသည်။

“ဒီလိုထောက်ပံ့မှု အားနည်းနေတာက အားကစား လောက တိုးတက်ဖို့မရှိဘူး” ဟု ၎င်းကဆိုသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ၀တ်စုံအစား ၀တ်စုံတန်ဖိုးနှင့်ညီမျှသည့် ငွေကြေးသာ ထောက်ပံ့ရန် ပြောဆိုမှုများရှိနေသည့်အတွက် ဇွန်လ ၁၁ ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနိုင်းသွားမည်ဖြစ်ကြောင်း ဦးသန်းဇော်မိုး ကဆိုသည်။

နှစ်စဉ်နှစ်တိုင်း ဘောလုံးအသင်း၏ကုန်ကျစရိတ်အတွက် ရပ်ကွက်အတွင်း ကော်မတီဖွဲ့ကာ ငွေကြေးအလှူခံခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ထောက်ပံ့မှုများ ယူခြင်းတို့လုပ်ဆောင်ကာ ပြိုင်ပွဲယှဉ်ပြိုင်ရလေ့ရှိသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

လာမည့် ဇွန်လ ၂၈ ရက်တွင် ကျင်းပမည့် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲကို ထားဝယ်မြို့ပေါ် ၁၅ ရပ်ကွက်မှ ဘောလုံးအသင်း ၁၂ သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ၃ သင်း အုပ်စု ၄ အုပ်စုခွဲကာ ယှဉ်ပြိုင်ရမည်ဖြစ်သေည်။

ယင်းဘောလုံးပြိုင်ပွဲ၏ ဆုကြေးငွေအဖြစ် ပထမဆု ငွေကျပ် ငါးသိန်းနှင့် ဒုတိယဆု ငွေကျပ် သုံးသိန်း ပေးအပ်သွားရန် လျာထားကြောင်း မြို့နယ် အား/ကာ ထံမှ သိရသည်။

ပြီးခဲ့သည့် အပတ်အတွင်းကျ ကျင်းပခဲ့သော တနင်္သာရီတိုင်း မြို့နယ် ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲတွင်လည်း အသင်းအချို့ လာရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။