တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဖြေရှင်းပေးစေချင်

0
603

ကျွန်တော်တို့ မြိတ်မြို့၊ ထားဝယ် စုရပ်၊ D လမ်းတွင် ယာယီလမ်းဈေးတစ်ခု တည်ခင်း ရောင်းချခဲ့သည်မှာ နှစ်ပေါင်း၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။


ထိုနှစ်ပေါင်း ၂၀ကျော်အတွင်း ဈေး သည်များ ကျူးကျော်တဲထိုးပြီး လမ်း ပိတ်ဆို့ ရောင်းချသောကြောင့် တနင်္ဂနွေ နေ့လို စည်ပင်ဈေးကြီး ပိတ်ရက်များ၌ ၂၁ ပေ အကျယ်ရှိသော လမ်းမှာ ဆိုင်ကယ် နှစ်စီးပင် ရှောင်၍ မလွတ်ပါ။ထိုသို့ နှစ်ပေါင်းများစွာ လမ်းပေါ် ထင်ရာစိုင်း ရောင်းချနေသော်လည်း မည် သည့် သက်ဆိုင်ရာ အဖွဲ့အစည်းကမှ လာရောက် ဟန့်တားအရေးယူခဲ့ခြင်း မရှိပါ။
ထိုအပြင် ဈေးသည်များ စည်းမဲ့ ကမ်း မဲ့ စွန့်ပစ်သော အမှိုက်များကြောင့် ရေမြောင်းများ ပိတ်ဆို့ပြီး ငါးစိမ်းတန်းမှ အနံ့ဆိုးများကြောင့်  ကျန်းမာရေးကို ဆိုး ရွားစွာ ထိခိုက်လျက် ရှိပါသည်။၎င်းအပြင် ဈေးသည်တချို့မှာ လမ်း ပေါ်၌ ညကြီးအချိန်မတော် မီးမွှေးကာ မုန့်လုပ်နေသောကြောင့် မီးဘေး အန္တရာယ် စိုးရိမ်ရ ပါသည်။
သို့ဖြစ်ပါ၍ ၂၀၁၆၊ မေလ ၂၃ ရက် တွင် ဃလမ်းနှင့် Dလမ်းရှိ နေအိမ် အသီး သီးတွင် နေထိုင်သူများက အဆိုပါယာယီ လမ်းဈေးအား ပြောင်းရွေ့ပေးဖို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး အပါအဝင် သက်ဆိုင်ရာဌာန အသီးသီးသို့ ဓာတ်ပုံ အထောက်အထားနှင့်တကွ လက်မှတ်ထိုး တင်ပြခဲ့သော်လည်း ယခုထိ မည်သူကမှ အရေးတယူ စုံစမ်းစစ်ဆေးပေးခဲ့ခြင်း မရှိပါ။
ယခုအခါ Dလမ်းကို C လမ်းနှင့် D လမ်းသူလမ်းသားများ ထည့်ဝင်ငွေ ဖြင့် ၂၁ပေ အကျယ်ရှိသော ကွန်ကရစ် လမ်ကို ကျပ် သိန်းပေါင်း ၁၆၀ခန့် အကုန်အကျခံ ခင်းခဲ့ပြီး ဖြစ်ပါသည်။
အကယ်၍ လမ်းသူလမ်းသားများ ချွေးနှဲစာဖြင့် ကိုယ့်အားကိုယ်ကိုး ခင်းထား သော လမ်းပေါ် စည်ပင်က ဈေးဆက်လက် ရောင်းချ ခွင့်ပြုခဲ့ပါက ဈေးသည်များ ကြောင့် လမ်းပျက်စီးသောအခါ မည်သူက မှ တာဝန်ယူမှာ မဟုတ်သလို ဈေးသည် များနှင့် လမ်းတွင်း နေထိုင်သူများကြားမှာ မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပွား လာနိုင်ပါသည်။
ထို့အပြင် ပလက်ဖောင်း၌ပင် ဈေး ရောင်းချခွင့် မပြုသော ယခုလို အခြေအနေ ၌ မြို့လယ်ခေါင် ရပ်ကွက်တစ်ခုရှိ လမ်းတစ်လမ်း ပေါ်တွင် ဈေးရောင်းချခွင့် ပြုခဲ့ပါက မြို့အလှကို ဖျက်ဆီးသလို ဖြစ်နေပါလိမ့်မည်။ထိုကြောင့် C လမ်းနှင့် D လမ်း သူလမ်းသားများ နှစ်ပေါင်းများစွာ ခံစားခဲ့ ရသော လူမှုရေး၊ ကျန်းမာရေး ဒုက္ခများကို တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင် သာယာရေး ဝန်ကြီးမှ မျက်ကွယ်ပြုမထား ဘဲ အမြန် ဖြေရှင်းပေးစေချင်ပါသည်။

C လမ်းနှင့် D လမ်းသူလမ်းသားများ